Thursday, July 30, 2015

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်



 
ဝါဆိုသင်္ကန်းလှူဒါန်းကြအဖုံဖုံ



နှစ်စဉ်နှစ်တိုင်း ဝါဆိုလသို့ရောက်၍ ရဟန်းသံဃာတော် များ ဝါဆိုဝါကပ်တော်မူကြတော့မည်ဆိုလျှင် ဗုဒ္ဓဘာသာဝင် အပေါင်းတို့ပြုလုပ်သော ကောင်းမှုဒါနတစ်ခုမှာ ဝါဆိုသင်္ကန်း ကပ်လှူခြင်းပင်ဖြစ်သည်။  ဤသို့ ဝါဆိုသင်္ကန်းကပ်လှူခြင်း သည် ကထိန်သင်္ကန်းလှူဒါန်းခြင်းကဲ့သို့  အချိန်ကာလကိုလိုက်၍ လှူဒါန်းရသော ကာလဒါနဖြစ်၍ ထူးခြားသောကုသိုလ်ထူးများ ကို ရရှိနိုင်မည်ဖြစ်ပါသည်။
ဝါဆိုသင်္ကန်းကို  ပါဠိလို''ဝဿာ-ဝါသိက''မြန်မာလို ''ဝါဆိုသင်္ကန်း'' ဟုခေါ်ဆိုကြ၏။  ဝါဆိုသင်္ကန်းဟူသည် ကျောင်းအသီးသီး၌  ဝါတွင်းသုံးလပတ်လုံး  ဝါဆိုဝါကပ် တော်မူကြသော ရဟန်းသံဃာများအား လှူဒါန်းအပ်သော သင်္ကန်းပင်ဖြစ်၏။ ဝါဆိုသင်္ကန်းကို ဝါမဆိုမီကာလတွင် လည်းကောင်း၊ ဝါဆိုဆဲကာလတွင် လည်းကောင်း၊   ဝါကျွတ် ပြီးအခါတွင် လည်းကောင်း လှူဒါန်းနိုင်ကြောင်း သိရ၏။  သို့သော် အများအားဖြင့်  ဝါမဆိုမီကာလတွင် လှူဒါန်းကြ လေ့ရှိပါသည်။
ရှေးအခါက ရဟန်းတော်များသည် ဘုရားရှင်ထံမှ ကမ္မဋ္ဌာန်းများကို တောင်းယူ၍ မိမိတို့နှင့် သင့်လျော်သော  တောရွာကျောင်းများသို့ ကြွရောက်ကာ ဝါဆိုတရားအားထုတ် ကြ၏။ ဝါကျွတ်၍ ပြန်ကြွသည့်အခါ ဤတောရွာမှ ဒကာ၊ ဒကာမတို့သည် ငါတို့အား အလွန်ကျေးဇူးများကြပေကုန်၏။ အဘယ်ကြောင့်ဆိုသော် ငါတို့အားဝါတွင်းသုံးလပတ်လုံး ဆွမ်း၊ ကွမ်းဖြင့် လုပ်ကျွေးကြပေကုန်၏။ ထို့ကြောင့် ငါတို့သည် သူတို့အား အသိမပေးဘဲ ပြန်ကြွ၍မသင့်လျော်ဟု အချင်းချင်း တိုင်ပင်ကြကာ ပြန်ခါနီးရွာမှ ဒကာ၊ ဒကာမတို့အား မိမိတို့ ပြန်ကြမည့်အကြောင်း အသိပေးနှုတ်ဆက်ကြ၏။
ထို့အတူ ရွာသူ ရွာသား ဒကာ၊ ဒကာမအပေါင်းတို့ကလည်း ဤရဟန်းတော်များသည် ငါတို့အား အလွန်ကျေးဇူးများကြပေ ကုန်၏။ အဘယ်ကြောင့်ဆိုသော် ဤအရှင်တို့ ငါတို့အရပ်၌ ဝါတွင်းသုံးလ  ဝါဆိုဝါကပ်  သီတင်းသုံးကြသဖြင့် ငါတို့ တစ်တွေ ဆွမ်း၊ ကွမ်းဖြင့်  လုပ်ကျွေးခွင့်ရကြပေ၏။ ငါတို့အား  လည်း သရဏဂုံ၊  သီလတည်စေ၏။ ဥပုသ်သီတင်း စောင့်သုံး ခွင့်ရကြကုန်၏။ ထို့ကြောင့် အရှင်သူမြတ်တို့အားကျေးဇူး ဆပ်သည့်အနေဖြင့် ငါတို့တစ်တွေ ဝါဆိုသင်္ကန်းလှူဒါန်းကြစို့ ဟု  အချင်းချင်းတိုင်ပင်ကြပြီး ဝါကျွတ်အခါ ဝါဆိုသင်္ကန်း လှူဒါန်းကြကုန်၏။ သို့သော် ယနေ့ခေတ်တွင် ဝါဆိုဝါကပ်မည့် ရဟန်းသံဃာများအား ရည်မျှော်ကာ ဝါဆိုခါနီးကာလတွင် ဝါဆိုသင်္ကန်းကို လှူဒါန်းကြလေ့ရှိပါသည်။
ဝါဆိုသင်္ကန်း လှူဒါန်းကြသူများသည် ဝါဆိုလိမ့်မည်ဖြစ် သော  ဝါဆိုဆဲဖြစ်သော၊ ဝါဆိုပြီးဖြစ်သော ရဟန်းသံဃာများ အား လှူဒါန်းကြခြင်းဖြစ်၍ အကျိုးထူးများ ရရှိကြမည် ဖြစ်ပါသည်။
ဝါဆိုသင်္ကန်း   လှူဒါန်းကြသူများသည်     အပယ်မ ကြောက်  ခုနစ်ယောက်တွင်  ပါဝင်ကြောင်း ဆရာတော်၊ သံဃာတော်များက ဟောကြားလေ့ရှိပါသည်။ ဗုဒ္ဓံ သရဏံ  ဂစ္ဆာမိ စသည်ဖြင့်  သရဏဂုံသုံးပါးကို  မပျက်မစီးအောင် ဆောက်တည်ထားသူ၊ ငါးပါးသီလမကျိုး၊  မပေါက်လုံခြုံသူ၊ စာရေးတံမဲ မဟာဒုက် ဆွမ်းနှစ်စဉ်လှူဒါန်းလေ့ရှိသူ၊  နေ့စဉ် ဆွမ်းလောင်း၊ လစဉ် ဆွမ်းအုပ်လှူလေ့ရှိသူ၊ နှစ်စဉ် ဝါဆို သင်္ကန်း လှူဒါန်းလေ့ရှိသူ၊ ရေတွင်းရေကန် ရေစင်ရေချမ်းအိုး  ပြုလုပ်လှူဒါန်းသူနှင့် ကျောင်းလှူဒါန်းထားသူများသည် သောတာပန်နှင့် အလားတူခြင်းကြောင့် အပယ်မကြောက် သူများဟု ဗုဒ္ဓစာပေကျမ်းဂန်တို့၌ ဆိုထားသည်။ သို့ပါ၍ ဝါဆိုသင်္ကန်း  ကပ်လှူကြခြင်းဖြင့် ကုသိုလ်ထူး  ကုသိုလ်မြတ် များကို ရရှိနိုင်မည်ဖြစ်ပါကြောင်း။   ။

No comments:

Post a Comment