နယူးဒေလီ ဇူလိုင် ၂၇
အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်း ပြည်နယ်တစ်ခုတွင် ကလေးများကို ထိခိုက်ဒဏ်ရာရရှိခြင်းမှ ကာကွယ်ရန် ရည်ရွယ်၍ ၎င်းတို့ ကျောင်းသွားသောအခါ ၎င်းတို့ခန္ဓာကိုယ်ကပုံမှန်သယ်ဆောင်နိုင်သော အလေးချိန်ထက် ပိုလေးသောအိတ်များကို သယ်ယူခြင်း မပြုရဟု စည်းမျဉ်းတစ်ရပ် ထုတ်ပြန် လိုက်ကြောင်း ယနေ့သတင်းများတွင် ဖော်ပြသည်။
လေးလံသော ကျောင်းလွယ်အိတ်များသည် ကလေးများကိုမောပန်း နွမ်းနယ်စေသည့်အပြင် ၎င်းတို့၏ ကျောရိုးများနှင့် အရိုးဆက်များကို ပျက်စီးစေကြောင်း မဟာရာရှထရာ ပြည်နယ်မှ အရာရှိများက သတိပေးထားသည်။
ကျောင်းများ၌ ကျောင်းသားများ၏ လွယ်အိတ်များကို ချိန်တွယ်ရန် ကျောင်းဆရာများအား ခိုင်းစေထားသည်။ သို့သော် ပြည်နယ်အစိုးရက တိတိကျကျ အပြစ်ပေးခြင်းမရှိဟု ဆိုသည်။
အိန္ဒိယနိုင်ငံမှ ကလေးများသည် အောင်မြင်မှုရရှိရန်အတွက် ကျောင်းမှ ကျူရှင်၊ ကျူရှင်မှ ကျူရှင်စသည်ဖြင့် အချိန်ပိုစာသင်ရခြင်းကြောင့် ဖိအားများစွာပိနေကြသည်။
မှတ်စုစာအုပ်များ၊ ပြဋ္ဌာန်းစာအုပ်များ၊ မလိုအပ်သောစာရေးကိရိယာများနှင့် အလှပြင်ပစ္စည်းများထည့်ရသဖြင့် ကျောင်းသားများ၏ အိတ်များသည် ၎င်းတို့ခန္ဓာကိုယ်အလေးချိန်၏ ၂ဝရာခိုင်နှုန်းမှ ၃ဝ ရာခိုင်နှုန်းအထိ ရှိသည်ကို တွေ့ရကြောင်း စည်းမျဉ်းတွင် ဖော်ပြထားသည်ဟု သတင်းတွင် ဖော်ပြသည်။
သန့်ရှင်းသော သောက်ရေနှင့် အစားအစာများ စီစဉ်ပေးရန်နှင့် ကျောင်းစာအုပ်များထားရှိပေးရန်အတွက် နေရာပိုမိုကျယ်ဝန်းစွာ စီစဉ်ပေးရန် ကျောင်းများကို မေတ္တာရပ်ခံ ထားသည်။
အိတ်ပေါ့ပါးစွာသယ်ရမည်ဖြစ်၍ ဝမ်းသာကြောင်း၊ ယခင်က ကျောင်း ဆင်းလျှင် ကစားရန်နှင့် စာကျက်ရန်ပင် မတတ်နိုင်ခဲ့ကြောင်း ကျောင်းသား တစ်ဦးကပြောသည်။ ရိုက်တာ။
No comments:
Post a Comment