Thursday, July 2, 2015

ပစ္စုပ္ပန်နှင့်အနာဂတ်


ကမ္ဘာပေါ်ရှိ လူဦးရေ သန်းပေါင်း ၇ဝဝဝ ခန့်တွင် အကြောင်းကံ ကွာခြားမှုအမျိုးမျိုးတို့ကြောင့် ပြီးပြည့်စုံသောဘဝကို အားလုံးတစ်ပြေးညီခံစား နိုင်ခြင်းမရှိချေ။ များသောအားဖြင့် စိတ်ချမ်းမြေ့ဖွယ် ပြည့်စုံကောင်းမွန် သောဘဝများကို မြင်တွေ့ကြရသော်လည်း အများစုမဟုတ်ဘဲ အနည်းစု သာဖြစ်သည်ကို တစ်ကမ္ဘာလုံးလွှမ်းခြုံကြည့်ရှုနိုင်မှသာ မြင်တွေ့သိရှိနိုင်မည် ဖြစ်သည်။
မြန်မာနိုင်ငံရှိ ၅၁ ဒသမ ၄ သန်းကျော်သော လူဦးရေကိုကြည့်မည်ဆို လျှင်လည်း ထိုနည်းလည်းကောင်းပင်ဖြစ်သည်။ ပြည့်စုံသော လူမှုဘဝတွင် ရပ်တည်နေသော လူတန်းစားမှာ အနည်းစုသာဖြစ်သည်။ ဗုဒ္ဓဘာသာဝင်တို့ ၏ ကံ၊ ကံ၏အကျိုးအလိုအရ ပြည့်စုံခြင်း၊ မပြည့်စုံခြင်း၊ ဆင်းရဲခြင်း၊ ချမ်းသာခြင်း စသည်ဖြင့် ကွဲပြားခြားနားနေပါသည်။
ကံအကြောင်းတရားက ခြားနားစေသော်လည်း လူသားချင်းစာနာထောက်ထားသောအားဖြင့် ကွဲပြားသောဘဝများကို သိသာစွာခြားနားခြင်းမရှိအောင် အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးကြရမည်ဖြစ်သည်။
ကမ္ဘာပေါ်ရှိ လူသားများအားလုံးအနက် စားနပ်ရိက္ခာချို့တဲ့နေသော လူဦးရေမှာ ၉၂၅ သန်းရှိပြီး သောက်သုံးရေမရရှိသောလူဦးရေမှာ သန်း ၆ဝဝ ကျော်ရှိသည်ဟု ကုလသမဂ္ဂပတ်ဝန်းကျင်ဆိုင်ရာ အစီအစဉ်၏ လေ့လာ ဆန်းစစ်ချက်တွင် ဖော်ပြထားသည်။ ထို့အပြင် သန်းပေါင်း ၃၄ဝဝ ခန့်သည် ရေချိုရရှိရေး ခြိမ်းခြောက်ခံနေရပြီး အခြေခံသန့်ရှင်းမှုမရှိသည့် လူဦးရေ သန်း ၂၅ဝဝ တွင် ၃ ဒသမ ၅ သန်းသည် ရောဂါဘယများ ခံစားနေရသည်ဟု ကိန်းဂဏန်းများဖြင့် အတိအကျပြဆိုထားသည်ကို တွေ့ရှိရသည်။
ဤသို့ဆိုပါလျှင် ကမ္ဘာပေါ်ရှိ လူဦးရေ သန်းပေါင်း ၇ဝဝဝ တွင် လူအနည်း စုသာ ပြည့်စုံကောင်းမွန်သောဘဝတွင်နေထိုင်နိုင်ပြီး ကျန်လူအားလုံးမှာ အဆိုပါလိုအပ်ချက်များနှင့် ဒုက္ခသံသရာတွင် ကျင်လည်နေကြမည်ဟု ဆိုရမည် ဖြစ်သည်။ မှန်ပါသည်။ ဗုဒ္ဓတရားအလိုအရ ဒုက္ခဆင်းရဲမှကျွတ်ထိုက်သူသည် လက်သည်းပေါ်မှ သဲတစ်ကော်စာမျှရှိသကဲ့သို့ ကံ၊ ကံ၏အကျိုးကြောင့် ဆင်းရဲ တွင်းမှလွတ်ကင်းသူမှာ အနည်းစုသာရှိသည်။ အများစုမှာ အကြောင်းအမျိုးမျိုး၊ ဒုက္ခအဖုံဖုံကို နေ့စဉ်ကြုံတွေ့ခံစားနေကြရသူများချည်းပင်ဖြစ်ပါသည်။
မည်သို့ပင်ဆိုစေကာမူ ဗုဒ္ဓအလိုအားဖြင့် သတ္တဝါများကို ကယ်တင်သော အားဖြင့်လည်းကောင်း၊ နိုင်ငံတကာအလိုအရ လူသားချင်းစာနာထောက်ထား သောအားဖြင့်လည်းကောင်း တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းကယ်တင်စောင့် ရှောက်ကြရမည်သာဖြစ်သည်။ ဝိုင်းဝန်းကာကွယ် ထိန်းသိမ်းပေးကြရမည်သာ ဖြစ်သည်။ ပြဿနာ၏ အရင်းအမြစ်ဖြစ်သည့် ဆင်းရဲခြင်းကြောင့် ဖြစ်ပေါ် လာသော နောက်ဆက်တွဲဆိုးကျိုးများကိုဖြေရှင်းကြရာဝယ် အရင်းအမြစ်ဖြစ် သည့် ဆင်းရဲခြင်းမှ လျှော့ချနိုင်အောင် ဖွံ့ဖြိုးရေးအစီအမံများကို နိုင်ငံ အလိုက် ဆောင်ရွက်ကြသည်ကို တွေ့ရသည်။
သို့သော် တရားအလိုအရ ရှောင်လွှဲမရနိုင်သော ကမ္ဘာပျက်စီးခြင်း သဘောတရားကို ယနေ့ကြုံတွေ့နေရပြီဟု ဆိုနိုင်ပါသည်။ ယင်းမှာ သက်ရှိ လောကကြီးတစ်ခုလုံးကို ခြိမ်းခြောက်နေသည့် ရာသီဥတုပြောင်းလဲမှု(ဖောက် ပြန်မှု)ဖြစ်စဉ်သည် လူသားများရင်ဆိုင်ရမည့် အကြီးမားဆုံး ပြဿနာဟု အတိအလင်းဆိုထားသည်ကို တွေ့ရပါသည်။ ယင်းပြဿနာမှာ သဘာဝ အလျောက်ဖြစ်ပေါ်လာခြင်းမဟုတ်၊ လူသားများကပင် ပြုလုပ်ဖန်တီးလိုက် သောကြောင့် လူသားများပင် ရင်ဆိုင်ရမည့် ပြဿနာများဖြစ်လာပါသည်။
နည်းပညာဆန်းသစ်ခြင်း၊ စီးပွားဥစ္စာတိုးတက်ရှာဖွေခြင်းနှင့် စက်မှု လက်မှုဖွံ့ဖြိုးတိုးတက်ခြင်းတို့၏ နောက်ဆက်တွဲအကျိုးသက်ရောက်မှုတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်ယိုယွင်းပျက်စီးခြင်းသည် သက်ရှိလူသားများ အသက်ရှင်နေထိုင်ခြင်းနှင့် လူမှုဘဝရေရှည် ရပ်တည်နေထိုင်ရေးအတွက် အဓိကစိန်ခေါ်မှုတစ်ရပ်ဖြစ်လာသည်။ ယင်းကို သိသိနှင့်ပင် ဆက်လက် ရင်ဆိုင်နေမှုများသည် အနာဂတ်မိမိတို့ဘဝများ ပျက်စီးယိုယွင်းခြင်းသို့ ပို့ဆောင်နေခြင်းဖြစ်သည်ကို သတိမူရန်လိုပြီး အနာဂတ်ဘဝများ ကောင်းမွန် ရေးအတွက် ပစ္စုပ္ပန်ကာလ လူသားများအားလုံးက ဝိုင်းဝန်းကယ်တင် စောင့်ရှောက် ကြဖို့ တိုက်တွန်းချင်ပါသည်။ ။

No comments:

Post a Comment