Friday, July 31, 2015

ယဉ်ကျေးမှု အနုသုခုမ စုံလင်


မြန်မာတို့၏ရှိရင်းစွဲ စရိုက်လက္ခဏာများမှာ မည်သည့်အခါမှမပျောက်၊ တိမ်မြုပ်ပျောက်ကွယ်နေသည့်အခါသာ ရှိချင်ရှိမည်။ တိမ်ဖုံးသည့် လမင်းကြီး ကို အမှောင်တိမ်တိုက်ဖုံးချင်သာဖုံးနေမည်။ မြန်မာတို့၏ စရိုက်လက္ခဏာ အမှန်မှာ ငွေသော်တာလမင်းကြီးပမာ ထွန်းလင်းတောက်ပပါသည်။ ကျက်သရေမင်္ဂလာ ရှိလှပါသည်။ သို့သော် မြူခိုးတိမ်တိုက်များမှာ များလှ သဖြင့် လမင်းကြီးမှာ မထွန်းလင်းနိုင်ရှာ။
မြန်မာတို့၏ ပင်ကိုယ်စိတ်ရင်းမှာ ပျော်ပျော်နေတတ်သည်။ သည်းခံ တတ်သည်။ ရိုင်းပင်းကူညီတတ်သည်။ အစုအပေါင်းနှင့် တစုတဝေးတည်း နေထိုင်တတ်သည်။ ခံစားလွယ်သည်။ စုစုဝေးဝေးနှင့် ပျော်ရွှင်စွာနေထိုင် တတ်သည်။ ထို့ကြောင့် ယဉ်ကျေးသောလူမျိုး၊ အနုပညာစိတ်ရင်းအခံရှိသော လူမျိုးအဖြစ် ရှေးအစဉ်အဆက်ကတည်းက ဖြစ်တည်ခဲ့သည်။
မြန်မာတို့၏ ပျော်ရွှင်စွာနေထိုင်ကြပုံကို ရပ်တိုင်းရွာတိုင်း၌ ကျင်းပ လေ့ရှိသည့် ဆယ့်နှစ်လရာသီပွဲတော်များကိုကြည့်လျှင် သိမြင်နိုင်သည်။ ထိုရာသီပွဲများသာမက အလှူပွဲ၊ မင်္ဂလာပွဲ၊ အထိမ်းအမှတ်ပွဲများအဆုံး ကျေးလက်များ၌ အသုဘပြုလုပ်ရာတွင်ပင် တေးသံများ ပါဝင်တတ်သည်။ ထို့ကြောင့် မြန်မာတို့သည် ပျော်ပျော်နေတတ်သူများဖြစ်သည်။
ကမ္ဘာပေါ်တွင် ပျော်ရွှင်ချမ်းမြေ့စွာအနေတတ်ဆုံး လူမျိုးများကိုပြပါဆိုလျှင် မြန်မာလူမျိုးများကို ပြရမလိုပင်။
ထိုပျော်ရွှင်မှုများနှင့်အတူ ဂီတအနုသုခမတို့ကလည်း မပါမပြီးပါတတ်ကြ သည်။ ပျော်ရွှင်ခြင်းများနှင့် ဂီတအနုသုခုမတို့ကို ခံစားတတ်သူများ ဟု ဆိုနိုင် သည်။ ကျေးလက်များတွင် ခြင်းပွဲ၊ ကြက်ပွဲ၊ ကျင်ကိုင်ပွဲ၊ လက်ဝှေ့ပွဲများ သည်ပင် အရှုံး၊ အနိုင်ပြိုင်ပွဲ အလောင်းအစားပွဲများဟုမထင် ပြည်သူတို့ ဝိုင်းအုံကြည့်ရှုသည့် ဖျော်ဖြေမှုတစ်ခုဟုပင် ထင်မှတ်ကြသည်။ ရွာဘုရားပွဲ၊ အထိမ်းအမှတ်ပွဲများမှ အငြိမ့်၊ ဇာတ်သဘင်၊ ဂီတပွဲများဆိုလျှင် အထူးဆိုဖွယ်ရာ မရှိ။ အားလုံးကပျော်ရွှင်ကြသည်။ ဂီတအနုသုခုမတွင် စီးဝင်နစ်မျောကြ သည်။
မကြားသေးမီက ကျင်းပခဲ့သော စန္ဒရားလှထွဋ် ၁၅ နှစ်ပြည့်အထိမ်းအမှတ် ပွဲတွင် မြန်မာတို့၏ အနှစ် ၂ဝ ကျော်က ဂီတ၊ အနုသုခုမနှင့် တေးသံရှင်များ ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ဖျော်ဖြေတင်ဆက်သူများသာမက ကြည့်ရှု အားပေးကြသော ပရိသတ်များအားလုံး ပျော်ရွှင်ကြည်နူးခဲ့ကြသည်။ စိတ်နှလုံး ချမ်းမြေ့စွာခံစားခဲ့ကြသည်။ မြန်မာ့အနုသုခုမနှင့် ဂီတသံများမှာ တိမ်ဖုံးသည့် ကာလမှ ပြန်လည်ထွန်းလင်းလာသည့် စန္ဒာလမင်းကြီးကဲ့သို့ ထွန်းလင်းတောက်ပ လာသည်။
ထိုဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုခြင်းအားဖြင့် မြန်မာ့ယဉ်ကျေးမှု အနုသုခုမတို့ တိမ်မြုပ်ပျောက်ကွယ်သွားခြင်းမရှိဘဲ ထွန်းလင်းတောက်ပနေဆဲ ဖြစ်သည်ကို မြင်တွေ့ခံစားရသည်။ မြန်မာ့ဂီတ၊ မြန်မာ့သံစဉ်များသည် ကျက်သရေမင်္ဂလာရှိလှသည်။ သာယာနာပျော်ဖွယ်ကောင်းလှသည်။ ခေတ်ရေစီးကြောင်းတွင် နောက်ကျမကျန်ရစ်ဘဲ ဆက်လက်ရှင်သန်နေဆဲ ဖြစ်သည်။
ပီပြင်သောအချိုး၊ အသွားများနှင့် ငြိမ့်ညောင်းသော သံစဉ်များက မြန်မာဂီတ၏ တစ်ခေတ်ကတောက်ပြောင်မှုနှင့် ယနေ့ခေတ်ထိတိုင် ခေတ်နှင့်အညီ ရှိနေဆဲဖြစ်သည်ကို ဖော်ထုတ်နေသကဲ့သို့ဖြစ်သည်။ ထိုခေတ် လူကြီးများကနှစ်သက်ကြသလို ဒီဘက်ခေတ်လူငယ်များလည်း ဆက်လက် လက်ခံကြသည်။ မြူးကြွသည့်သံစဉ်များ၊ ငြိမ့်ညောင်းသည့် သံစဉ်များကြောင့်ဟု ဆိုရမည်ဖြစ်သည်။ မြန်မာ့ဂီတပညာရှင်များမှာ ဂုဏ်ပြု မှတ်တမ်း တင်ထိုက်ပါပေသည်။
ကောက်ချက်ဆွဲရမည်ဆိုလျှင် မြန်မာတို့၏ ယဉ်ကျေးမှုမပျောက် အောင်၊ မတိမ်ကောအောင် အဆိုပါ မြန်မာ့ရိုးရာအစဉ်အလာများနှင့် မြန်မာပီသသော သံစဉ်များကို အစဉ်မပြတ်ဖော်ထုတ်ကြရမည်ဖြစ်သည်။ ပွဲလမ်းသဘင်နှင့် အထိမ်းအမှတ်ပွဲများတွင် မြန်မာ့ဂီတ၊ မြန်မာ့အနုသုခုမ တို့ကို ပရိသတ်များစုစုဝေးဝေး ပျော်ရွှင်စွာ တင်ဆက်ပေးကြမည်ဆိုလျှင် မြန်မာ့ယဉ်ကျေးမှုအနုပညာသည် တိမ်ကောပပျောက်သွားခြင်းမရှိဘဲ ထာဝရ အဓွန့်ရှည်တည်တံ့ခိုင်မြဲနေမည်မှာ သေချာသည်ဟု ဆိုချင်ပါ သည်။ ။

No comments:

Post a Comment