Wednesday, July 29, 2015

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်



အနည်းဆုံးအခကြေးငွေ

 

ကျွန်ုပ်တို့မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံး နိုင်ငံ (LDC) အဖြစ်မှ လွတ်မြောက်ရန်နှင့် အလယ်အလတ် ဝင်ငွေရှိသော နိုင်ငံဖြစ်ရန်ဟူသော ရည်မှန်းချက်ချမှတ် ဆောင်ရွက်လျက်ရှိပါသည်။ ဤသို့ဆောင်ရွက်ရာတွင် အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးကိစ္စသည် အဓိကစိန်ခေါ်မှု တစ်ရပ်ဖြစ်လာပါသည်။ အလုပ်ရှင်နှင့်အလုပ်သမားတို့အကြား လုပ်ခတိုးပေးရေးကိစ္စအပေါ် ပြဿနာများ မကြာခဏဖြစ်ပေါ် လျက်ရှိပါသည်။ ဤသို့အငြင်းပွားစရာများ ပြဿနာများ တစ်စိတ်တစ်ဒေသအားဖြင့် ချုပ်ငြိမ်းသွားစေရန် အနည်းဆုံး အခကြေးငွေ သတ်မှတ်သဘောတူညီမှုရရှိနိုင်ရေး အကောင် အထည်ဖော်ကြိုးပမ်းလျက်ရှိပါသည်။
လက်ရှိအချိန်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အစိုးရအလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များ အကြိမ်ပေါင်း ၃ဝ ကျော် တွေ့ဆုံညှိနှိုင်းမှုရလဒ်အရ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက ဇွန်လ ၂၉ ရက်နေ့ရက်စွဲဖြင့် တစ်နေ့အလုပ်လုပ်ချိန် ရှစ်နာရီအတွက် ငွေကျပ် ၃၆ဝဝ သတ်မှတ်နိုင်ရန် အဆိုပြုလွှာတစ်ရပ် ထုတ်ပြန်ထားပါသည်။ သက်ဆိုင်ရာ အမျိုးသားကော်မတီအနေ ဖြင့် သြဂုတ်လကုန်ပိုင်းတွင် အနည်းဆုံးအခကြေးငွေသတ်မှတ် ထုတ်ပြန်နိုင်ရန် မျှော်လင့်ထားပါသည်။
ဤအဆိုပြုလွှာထွက်ပေါ်လာပြီးနောက် အလုပ်ရှင်နှင့် အလုပ်သမားတို့အကြား အနည်းဆုံးအခကြေးငွေနှင့်ပတ်သက်၍ လွန်ဆွဲမှုမှာပြင်းထန်လာပါသည်။ အလုပ်ရှင်တို့က အနည်းဆုံး အခကြေးငွေအပေါ် ကန့်ကွက်လာကြပါသည်။ တစ်ချိန်တည်း မှာပင် အလုပ်သမားများဘက်ကလည်း တစ်ရက်လုပ်ခလစာ ငွေကျပ် ၃၆ဝဝ သာမက ငွေကျပ် ၄ဝဝဝ အထိတိုးမြှင့်သတ်မှတ် ရန် ဆန္ဒပြတောင်းဆိုမှုများ ရှိလာပါသည်။
မည်သို့ပင်ဖြစ်စေ အလုပ်ရှင်နှင့် အလုပ်သမားတို့သည် တစ်ဖက်နှင့်တစ်ဖက် ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီဆိုသကဲ့သို့ အပြန်အလှန်အကျိုးပြုနေကြသူများသာ ဖြစ်ပါသည်။ အမှီသဟဲ ပြုနေကြသူများသာဖြစ်ပါသည်။ အလုပ်သမားများက အလုပ် ရှင်တို့၏ အကျိုးစီးပွားအတွက် ကြိုးစားအလုပ်လုပ်ပေး ရမည်ဖြစ်သကဲ့သို့ တစ်ဖန်အလုပ်ရှင်များဘက်မှလည်း အလုပ် သမားများ၏ ဘဝရှင်သန်ရပ်တည်နိုင်ရေး ထိုက်သင့်သော လစာငွေများပေးရန် လိုအပ်မည်ဖြစ်ပါသည်။
အမှန်စင်စစ် ဤကိစ္စသည် ''ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ''ဖြစ်အောင် လုပ်ကိုင်ဆောင်ရွက်သင့်ပါသည်။ အလုပ်ရှင်တို့၏ အကျိုးစီးပွားကိုလည်း လွန်စွာမထိခိုက်၊ အလုပ် သမားတို့အတွက်လည်း ထိုက်သင့်သောအခကြေးငွေများ ရရှိအောင်ဆောင်ရွက်နိုင်မှသာ ရည်မှန်းချက်များပေါက်မြောက် အောင်မြင်နိုင်မည်ဖြစ်ပါသည်။ ဤနေရာတွင် အတ္တ၊ ပရ မျှတစွာဆောင်ရွက်ရန် အရေးကြီးပါသည်။
လက်ရှိအဆိုပြုထားသော တစ်ရက်လုပ်ခလစာ ၃၆ဝဝ ကျပ်သည် အနည်းဆုံးအခကြေးငွေအနိမ့်ဆုံးဖြစ်သည့် ကမ္ဘော ဒီးယားနိုင်ငံထက်ပင် လျော့နည်းနေသေးကြောင်း ကြားသိ ရပါသည်။ ဤအချက်ကို ထောက်ရှု၍ မြန်မာနိုင်ငံသည် လုပ်အားခအသက်သာဆုံးနိုင်ငံဖြစ်နေသည်ကို တွေ့ရမည် ဖြစ်ပါသည်။ သို့ပါ၍ ကုန်ဈေးနှုန်းမြင့်မားလာချိန်တွင် အလုပ် သမားများ၏ဘဝကို စာနာထောက်ထားသောအားဖြင့် အဆိုပြု ထားသော အနည်းဆုံးအခကြေးငွေအပေါ် အမြန်ဆုံးတုံ့ပြန် ဖော်ဆောင်ကြိုးပမ်းကြရမည်ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment