ကော့သောင်း ဇူလိုင် ၂၇
မြန်မာကို ကမ္ဘာက စိတ်ဝင်စားစေသည့် အကြောင်းတရားပေါင်းများစွာ အနက်မှ လှပရှုမောမဆုံးသော သဘာဝကျွန်းပေါင်းများစွာဖြင့် သာယာလှပလွန်းသည့် မြန်မာနိုင်ငံတောင်ဘက် တနင်္သာရီတိုင်းဒေကြီးသည် တစ်ခုအပါအဝင်ဖြစ်သည်။ မြန်မာနိုင်ငံ တောင်ဘက်အစွန် ကော့သောင်းခရိုင်ရှိ အက်ဒမန် ပင်လယ်အတွင်းမှ သာယာလှပသည့် ပင်လယ်ကျွန်းပေါင်းများစွာအနက် ကျွန်း၏အလယ်ဗဟိုတွင် ထူးဆန်းလှပပြီး အသည်းပုံရေကန်ကြီးသဖွယ် ဖြစ်ပေါ်နေသည့် ကြက်မောက်ကျွန်း (ခေါ်) Cock Comb Island သည် ကမ္ဘာလှည့် ခရီးသွားများအတွက် စိတ်ဝင်စားဖွယ်ဖြစ်သည်။
ကြက်မောက်ကျွန်း(ခေါ်) Cock Comb Island သည် ကော့သောင်း မြို့အနောက်တောင်ဘက် ပင်လယ် ရေမိုင် ၂၈ မိုင်ခန့်အကွာ၊ Speed boat ဖြင့်သွားလျှင် ၁ နာရီခန့်အတွင်း ရောက်ရှိနိုင်သည့် ဇာဒက်ကြီးကျေးရွာ အုပ်စု အက်ဒမန်ပင်လယ်အတွင်းတွင် တည်ရှိသည်။ ကျွန်းအကျယ်အဝန်း ဧက ၁၂ဝ ခန့်ရှိပြီး မြေသားလုံးဝ မရှိသော သက်နုမီးသင့်ကျောက်သား များဖြင့်ဖွဲ့စည်းထားပြီး မတ်စောက်သည့် ကျောက်တောင်သဖွယ်ဖြစ် သောကြောင့် ကျွန်းပေါ်သို့တက်ရောက် ရန်ခက်ခဲသည်။ ကျောက်တောင်ပတ် လည်ဝန်းရံလျက် အနေအထားဖြင့် ကျွန်းအလယ်ဗဟိုတွင် အချင်းပေ ၃ဝဝ ခန့်ရှိ သဘာဝအလျောက်ဖြစ်တည်လျက် အသည်းနှလုံးပုံသဏ္ဌာန် လွန်စွာလှပသည့် ရေငန်အိုင်ကြီးတစ်ခုကြောင့် ထူးဆန်းခြင်းဖြစ်သည်။ ထိုရေငန်အိုင်ကြီးသို့ဝင်ရောက်ရန် တစ်ခုတည်းသောဝင် ပေါက်အဖြစ် ကျွန်း၏ အရှေ့တောင်ဘက် အောက်ခြေကျောက်တန်းများအောက် မှအကျယ် ၂၅ ပေ၊ အလျားပေ ၃ဝရှိ ပြွန်ပုံသဏ္ဌာန်လိုဏ်ဂူအပေါက်တစ်ခုမှ ပင်လယ်ဒီရေအနည်းငယ်ကျချိန်မှ ဝင်ရောက်နိုင်သည်။
လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားခရီးသွားများ အစုအဖွဲ့လိုက် Boat မှ အဆိုပါ ပြွန်သဖွယ်လိုဏ်ဂူပေါက်သို့ ပင်လယ်ရေပြင်အတွင်း ကြိုးသွယ်တန်းလျက် ပင်လယ်ရေအောက်မှ ငုပ်လျှိုးကာ ကျွန်းအလယ်ဗဟိုရေကန်ကြီး အတွင်းဝင်ရောက် လည်ပတ်လေ့လာအပန်းဖြေရသည်မှာ မည့်သည့်ခံစားမှုနှင့် မျှမတူသော ထူးဆန်းပျော်ရွှင်ကြည်နူးဖွယ်ကောင်းသည့် ခံစားမှုတစ်ခုကို ဖြစ်ပေါ်စေကြောင်း နိုင်ငံခြားခရီးသွားတစ်ဦး မှတ်ချက်ပြုဖူးသည်။
ကျွန်းအလယ်ဗဟိုရှိ ရေကန်ကြီးမှာ အနားသတ်လှပသော snorkeling site ရှိနေပြီး ဗဟိုချက်သည် ပင်လယ်ဒီရေတက်ချိန်တွင် ၁၂ မီတာခန့်နက်သည်။ နွေရာသီတွင် snorkeling mask ဖြင့် ရေအောက်ခြောက်မီတာအထိ ထွင်းဖောက်မြင်နိုင်လောက်အောင် စိမ်းမြကြည်လင်လှသည်။ ရေကန်ကြီးအတွင်း hard coral အမျိုးအစား၂၅ မျိုးခန့်၊ ငါးမျိုးစိတ် ၄ဝခန့်၊ သဘာဝ သန္တာကျောက်ခက်၊ ကျောက်ပွင့်များစွာ၊ ပင်လယ်ရေနေ ထူးဆန်းရှားပါး ရေသတ္တဝါမျိုးစိတ်ပေါင်းများစွာ ပေါက်ဖွားကြီးပြင်းရာ သဘာဝစားကျက်နေရာ တစ်ခုသဖွယ် ဖြစ်ပေါ်လျက်ရှိသဖြင့် နိုင်ငံခြားခရီးသွားများနှင့် ပင်လယ် ဇီဝဗေဒပညာရှင်များ စိတ်ဝင်တစား ကနူးလှေလှော်ခတ်ကာရေကန်ကြီးအတွင်း ကြည့်ရှုလေ့လာလည်ပတ်ကြခြင်း၊ ဓာတ်ပုံမှတ်တမ်းတင်ခြင်းများ ပြုလုပ်ကြသည်။
ထိုရေကန်ကြီးအတွင်း ပင်လယ်ငါးမန်းများ သားပေါက်ရာသီဖြစ်သည့် နိုဝင်ဘာလနှင့် ဒီဇင်ဘာလများ၌ ငါးမန်းများ ဝင်ရောက်သားပေါက်ကြီးပြင်းလေ့ ရှိပြီး ဥရောပနိုင်ငံများမှ ခရီးသွားများက Shark Lagoon ဟုခေါ်ကြကြောင်း သိရှိရသည်။
ချင်းပြည်နယ် ဟားခါးမြို့ရှိ အသည်းပုံရိဒ်ရေကန်ကြီးမှာ ရေချိုဖြစ်ပြီး ထူးဆန်းသာယာလှပသကဲ့သို့ ယခုကော့သောင်းမြို့နယ် အက်ဒမန်ပင်လယ်အတွင်း ကြက်မောက်ကျွန်းပေါ်မှ အသည်းပုံရေကန်ကြီးမှာ ပင်လယ်ရေငန်ဖြစ်ပြီး လူသူအရောက်အပေါက်နည်း၍ သဘာဝအလှအပ မပျက်မယွင်းရှိနေရာ လာရောက်လည်ပတ်ကြသည့် ခရီးသွားများအဖို့ သာယာလှပမှု တစ်မျိုးတစ်ဖုံစီ ခံစားရမည် မလွဲဧကန်ဖြစ်သည်။
ယခုအခါ အဆိုပါကျွန်းအား ကော့သောင်းမြို့ရှိ ဟိုတယ်နှင့် ခရီးသွားလာ ရေးလုပ်ငန်းကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Grand Andaman Hotel (သူဌေးကျွန်း) မှ နိုင်ငံတော်နှင့် အကျိုးတူပူးပေါင်းလုပ်ကိုင်ခွင့် တင်ပြခွင့်ပြုချက်ရယူလျက် နိုင်ငံတကာခရီးသွားများအား အလည်အပတ်ခရီးစဉ်များ လေ့လာလည်ပတ် အပန်းဖြေရန် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် အစီအမံများ ချမှတ်ဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်အတွက် နိုင်ငံခြားငွေရရှိတိုးပွားစေလျက် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာပြီး မြန်မာ့ရေမြေတောတောင်တို့ ၏ သဘာဝအလှကို ကမ္ဘာကသိသထက်သိကာ နိုင်ငံတကာအလည် ဂုဏ်ယူ ဝင့်ကြွားစရာ ဖြစ်သည်။
မြန်မာ့သဘာဝအလှများကို ခံစားရင်း လတ်ဆတ်သန့်ရှင်းသည့် ပင်လယ် လေကိုအားပါးတရရှူရှိုက်ရင်း၊ ထူးခြားဆန်းကြယ်လှသည့် ရေမြေတောတောင် ပင်လယ်သတ္တဝါများစွာ၏ သဘာဝအရှိတရားကို မျက်မြင်ကိုယ်တွေ့ ခံစားနိုင် ကြစေရန် မြန်မာနိုင်ငံ တောင်ဘက်စွန်း ကော့သောင်းမြို့နယ်အတွင်းကအသည်းပုံသဏ္ဌာန်ရေကန်ကြီးရှိရာ ကြက်မောက်ကျွန်း (ခေါ်) Cock Comb Island ဆီသို့ အလည်တစ်ခေါက် လာရောက်ခဲ့ကြဖို့ ဖိတ်ခေါ်ရေးသားလိုက်ရပါသည်။
မောင်မောင်ကျော်စိုး(သတ္တဗေဒ)
No comments:
Post a Comment