Thursday, July 2, 2015

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်


စိုက်ပျိုးသီးနှံအောင်မြင်ရေး ၀ိုင်းဝန်းကြိုးပမ်း


မြန်မာနိုင်ငံသည် စိုက်ပျိုးရေး အဓိကနိုင်ငံဖြစ်သည့် အလျောက် ရာသီဥတုစိန်ခေါ်မှုများရှိလင့်ကစား စိုက်ပျိုးရေး လုပ်ငန်းကို အတတ်နိုင်ဆုံးအောင်မြင်မှုများရရှိအောင် ကြိုးပမ်း အားထုတ်ကြရပါသည်။ မိုးခေါင်ခြင်း၊ ရေကြီးခြင်းတို့ကြောင့် စိုက်ပျိုးရေးလုပ်ငန်းကို ထိခိုက်မှုများရှိနိုင်ပါသည်။ စိုက်ပျိုးရေး လုပ်ငန်းသည် ရာသီဥတုအပေါ်တွင် မှီတွယ်လျက်ရှိပါသည်။ ရာသီဥတုမျှတလျှင် စိုက်ရေးပျိုးရေးကောင်းသည်။ ရာသီဥတု ဖောက်ပြန်ပါက စိုက်ပျိုးရေးလုပ်ငန်းများ ရုန်းကန်ကြိုးစားကြ ရသည်။ သီးနှံများစိုက်ပျိုးမှု၊ ထုတ်လုပ်မှု ကျဆင်းနိုင်သည်။
ယခုနှစ် မြန်မာနိုင်ငံ၏ရာသီဥတုသည် ထူးခြားမှုရှိနိုင်သော နှစ်တစ်နှစ် ဖြစ်ပါသည်။ မိုးဦးကာလတွင် လေပြင်းများ တိုက်ခတ်ခြင်း၊ မိုးခေါင်ခြင်း၊ ရေကြီးခြင်းစသော သဘာဝဘေး အခြေအနေများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရပါသည်။ ဤအခြေ အနေအပေါ်သုံးသပ်ပြီး ရာသီဥတုနှင့်လိုက်လျောညီထွေမှုရှိ သည့် စိုက်ပျိုးရေးကို အောင်မြင်စွာဆောင်ရွက်နိုင်ရန် အရေး ကြီးလှပေသည်။ သို့မှသာ ရာသီဥတု၏စိန်ခေါ်မှုကို ကျော်လွှား ပြီး စိုက်ပျိုးထုတ်လုပ်မှုများမကျဆင်းအောင် ကာကွယ်နိုင်မည် ဖြစ်ပါသည်။
ထို့ကြောင့်လည်း ဒုတိယသမ္မတ ဦးဥာဏ်ထွန်းက ဇွန် ၂၉ ရက်တွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန၌ကျင်းပသော အစည်းအဝေးတွင် ယခု ၂ဝ၁၅ ခုနှစ် စိုက်ပျိုးရေးရာသီတွင် အယ်လ်နီညိုရာသီဥတု၏ အကျိုး သက်ရောက်မှုများ ဖြစ်ပေါ်လာနိုင်သည်ဟု မိုးလေဝသပညာရှင် များက ခန့်မှန်းထားပါကြောင်း၊ ထိုအခြေအနေများကြောင့် စိုက်ပျိုးရေ၊ သောက်သုံးရေအခက်အခဲများ ကြုံတွေ့နိုင်ပါ ကြောင်း၊ စိုက်ပျိုးရေသိုလှောင်မှုဖြင့် မိုးဦးရာသီစိုက်သီးနှံများ အောင်ရေရရှိမှုနှင့် ဆောင်းရာသီသီးနှံများ အစိုဓာတ်လုံလောက် မှုရရှိစေရန် အစီအမံများချမှတ်ဆောင်ရွက်ရန်ဖြစ်ပြီး အမျိုးသား ရေသိုလှောင်ရေးလှုပ်ရှားမှု (National Water Harvesting Campaign-NWHC) တစ်ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း စသည်ဖြင့် ပြောကြားခဲ့ သည်။
ဤသို့ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အစိုးရ ဦးဆောင်မှုအပိုင်းသာမက စိုက်ပျိုးရေးပညာရှင်များ၊ ကျွမ်းကျင် သူများနှင့် တောင်သူလယ်သမားများ ဟန်ချက်ညီညီ အားထုတ် ကြိုးပမ်းလုပ်ဆောင်နိုင်မှသာ ထိရောက်အောင်မြင်မှု ရရှိနိုင် မည်ဖြစ်ပါသည်။ ရေသိုလှောင်ထိန်းသိမ်းရေး အစီအမံများ တိုးချဲ့ဆောင်ရွက်ရမည်ဖြစ်သော်လည်း ရေရရှိမှုအလွန်နည်းပါး သော ဒေသများ၌ သီးနှံစိုက်ပျိုးမှုပုံစံများ ပြောင်းလဲဆောင်ရွက် ရန် လိုအပ်မည်ဖြစ်ပါသည်။ ဥပမာအားဖြင့် စပါးစိုက်ပျိုးရန် ရေလုံလောက်စွာမရရှိခဲ့ပါက စိုက်ပျိုးရေများစွာ မလိုအပ်သည့် ပဲအမျိုးမျိုးနှင့် အခြားသီးနှံများစိုက်ပျိုးခြင်းဖြင့် သီးနှံဆုံးရှုံးမှုမှ ကာကွယ်နိုင်မည်ဖြစ်ပါသည်။ သက်ရင့်မျိုးများစိုက်ပျိုးခြင်း ထက် ရက်အနည်းငယ်နှင့် စိုက်ပျိုးနိုင်သောသီးနှံများကို ရွေးချယ် စိုက်ပျိုးသင့်ပါသည်။ သို့ဖြစ်၍ ရာသီဥတုဖောက်ပြန်စိန်ခေါ်မှု များကြောင့် စိုက်ပျိုးရေးလုပ်ငန်းများကို မထိခိုက်စေရန် အစီအမံများချမှတ်ကာ အချိန်နှင့်တစ်ပြေးညီ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်သင့်ပါကြောင်း။ ။

No comments:

Post a Comment