Tuesday, June 2, 2015

ဖခင်မေတ္တာ


မျက်မှောက်ကာလ လူမှုဘဝနယ်ပယ်တွင် မိမိတို့အား မွေးဖွားပေးပြီး လူလားမြောက်သည်အထိ စောင့်ရှောက်ခဲ့သော ကျေးဇူးရှင်ကို ဂုဏ်ပြုသတိရ သောအားဖြင့် မိခင်များနေ့ ကျင်းပကြသလို ငယ်စဉ်တောင်ကျေး ကလေး ဘဝမှ လူတစ်လုံးသူတစ်လုံးဖြစ်လာသည်အထိ ကျွေးမွေးစောင့်ရှောက်ခဲ့သည့် ကျေးဇူးရှင်ကို ဂုဏ်ပြုသောအားဖြင့် ဖခင်များနေ့ကိုလည်း ကျင်းပလာကြပါ သည်။
မိခင်များနေ့နှင့် ဖခင်များနေ့ကို အမေရိကန်နိုင်ငံမှ စတင်အသိ အမှတ်ပြုကျင်းပလာခဲ့ခြင်းဖြစ်ပြီး မြန်မာတို့၏အစဉ်အလာ ရိုးရာဓလေ့ထုံးစံ မဟုတ်ပါ။ အနောက်တိုင်းထုံးစံဖြစ်သော်လည်း မည်သည့်ထုံးစံဖြစ်စေ မိခင်နှင့်ဖခင်မှာ အနန္တဂိုဏ်းဝင် ကျေးဇူးရှင်များဖြစ်၍ ဂုဏ်ပြုသင့်၊ ကျေးဇူး ဆပ်သင့်ပါသည်။
အမေရိကန်နိုင်ငံအနေဖြင့် ဇွန်လတတိယပတ်ကို ဖခင်များနေ့ သတ်မှတ်ခဲ့သည်။ နိုင်ငံတကာထုံးစံအရ ထိုနေ့ထိုရက်ကို ဖခင်များနေ့အဖြစ် အသိအမှတ်ပြု ဂုဏ်ပြုကြမည်ဖြစ်သော်လည်း မြန်မာတို့အနေဖြင့်မူ ထိုနေ့ သာမက နေ့စဉ်နေ့တိုင်း မိခင်၊ ဖခင်တို့အား အသိအမှတ်ပြုကြမည်။ ကျေးဇူးဆပ်ကြမည်သာဖြစ်သည်။
မျက်မှောက်ကာလ၌ ကမ္ဘာသူ၊ ကမ္ဘာသားများအနေဖြင့် အနန္တဂိုဏ်းဝင် ကျေးဇူးရှင်တွင် တစ်ခုပါဝင်သည့် ဖခင်များအား သတိရဂုဏ်ပြုကာ နေ့ထူး သတ်မှတ်ကျင်းပကြသည်မှာ ဝမ်းမြောက်ဖွယ်ဖြစ်သည်။ ဗုဒ္ဓဘာသာဝင်များ သာမက မည်သည့်ဘာသာဝင်မဆို မိခင်၊ ဖခင်တို့အား ဂုဏ်ပြုသတိရခြင်းသည် ကောင်းသော အစဉ်အလာ မင်္ဂလာပင်ဖြစ်သည်။
မကြာသေးမီရက်ပိုင်းက မိခင်များနေ့ကို ကျင်းပခဲ့ကြပြီး ယခုတစ်ဖန် ဖခင်များနေ့ကို ကျင်းပကြရာတွင် ကျွန်ုပ်တို့သားသမီးများအနေဖြင့် အသိ အမှတ်ပြုခြင်းသာမက ကျေးဇူးရှင်ဖခင်တို့၏ ဂုဏ်ကျေးဇူးကို အထူးသတိရ ခြင်း၊ ပြန်လည်ကျေးဇူးဆပ်ခြင်း၊ ပြန်လည်အလုပ်အကျွေးပြုခြင်းဖြင့် ကုသိုလ် များ ပွားတိုးရရှိလာမည်ဟု ယုံကြည်ပါသည်။
လူများစုမှာ များသောအားဖြင့် မိခင်များကိုသာ သတိတရအလေး ထားကြသည်ကို တွေ့ရသည်။ ဖခင်များမှာမူ ¤င်းတို့၏ စီးပွားဥစ္စာရှာဖွေ လုပ်ကိုင်မှုများကြောင့် သားသမီးများအပေါ် မိခင်များကဲ့သို့ ထိတွေ့မှုနည်းပါး လှသည်။ ထို့ကြောင့် သားသမီးများမှာ ဖခင်မေတ္တာထက် မိခင်မေတ္တာက ပိုကဲသာလွန်သည်ဟု မှတ်ယူနိုင်ပါသည်။ ထို့ကြောင့် ဖခင်ထက် မိခင်ကို ပိုမိုချစ်ခင်တတ်ကြပါသည်။
မိခင်နေ့ကျင်းပသောအခါ ဖခင်များက သားသမီးများအပေါ် ထားရှိသည့် မေတ္တာနည်းပါးသဖြင့် ဂုဏ်ပြုထိုက်သူတွင် မပါဝင်ဟု မေးခွန်းထုတ်စရာ ရှိလာနိုင်သည်။ ယခုဖခင်များနေ့ကို ဆက်လက်ကျင်းပကြသဖြင့် ဖခင်များမှာ သားသမီးများအတွက် ဝမ်းမြောက်ကြမည်ဖြစ်သည်။ သားသမီးများ၏ အသိအမှတ်ပြုမှုကို ခံကြရသောဖခင်များမှာ ၄င်းတို့၏သားသမီးများအား ဘဝတစ်လျှောက်လုံး အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးခဲ့မှုများအတွက် ကျေနပ်မိမည်ဖြစ်သည်။
အမှန်တွင် ဖခင်ဟူသည်မှာ မိခင်ကဲ့သို့ သားသမီးအပေါ် လက်ပွန်း တတီး မရှိနိုင်သော်လည်း ဖခင်၏ သားသမီးအပေါ်ထားရှိသော အုံ့ပုန်း မေတ္တာများမှာ မိခင်များထက် မလျော့နိုင်ဟု ဆိုချင်ပါသည်။ ဖခင်များမှာ သားသမီးများအရေးအတွက် ရှေ့တန်းကမားမားရပ်သည့် သူရဲကောင်း၊ သားသမီးများ၏ နောက်ကွယ်မှ ရုန်းကန်လှုပ်ရှားနေသော ကရုဏာရှင်၊ သားသမီးများအတွက် ပြင်ပတွင်လှုပ်ရှားနေသည့် အဝေးရောက်ကျေးဇူးရှင်၊ သားသမီးများအား အရိပ်တကြည့်ကြည့် ကြည့်ရင်းပီတိဖြစ်နေတတ်သော တိတ်တခိုးမေတ္တာရှင်များသာဖြစ်သည်။
ထို့ကြောင့် သားသမီးများ၏ အနန္တဂိုဏ်းဝင်ကျေးဇူးရှင်တွင် မိခင်ရော၊ ဖခင်ပါ မေတ္တာကြီးမားပုံမှာ အတူတူပင်ဖြစ်သည်။ မိမိတို့ လူတစ်လုံးသူ တစ်လုံးဖြစ်အောင်၊ လူတန်းစေ့နေထိုင်နိုင်အောင် ဖခင်သည် နိစ္စဓူဝအတတ် နိုင်ဆုံး၊ တတ်နိုင်သလောက် ရုန်းကန်လှုပ်ရှားနေကြသူများ ဖြစ်ပါသည်။
သို့ဖြစ်ရာ အနန္တဂိုဏ်းဝင် ကျေးဇူးရှင်များတွင် မိခင်နှင့်ဖခင် ပါဝင်သည်မှာ ထူးခြားသည့်ဂုဏ်အင်များကြောင့်ပါဝင်ခြင်းဖြစ်ပါသည်။ ကျေးဇူးကြီးမားလှသော မိခင်ကို မိမိတို့ဂုဏ်ပြုသလို ဖခင်၏ ဂုဏ်အင်များကို ပြန်လည်သတိရပြီး အသိအမှတ်ပြုကျေးဇူးဆပ်ခြင်းဖြင့် မင်္ဂလာအပေါင်းနှင့်ပြည့်စုံမည့်အပြင် ကုသိုလ်ထူးများကို ရရှိခံစားနိုင်ပါကြောင်း။ ။

No comments:

Post a Comment