Tuesday, June 2, 2015

မြန်မာ့အလင်း အယ်ဒီတာ့အာဘော် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အထူးစီမံချက်




ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက် ရေးနေ့ကို ဂုဏ်ပြုလျက် မေ ၂၆ ရက်မှစတင်ကာ မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသော တားဆီးကာကွယ်ရေးဗဟိုအဖွဲ့မှဦးဆောင်ဦးရွက်ပြု၍ မူးယစ်ဆေးဝါးအန္တရာယ် လျှော့ချရေး လုပ်ငန်းများကို လူထုလှုပ်ရှားမှုအသွင်ဖြင့်အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားရန် အထူးစီမံချက်တစ်ရပ်ကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

ဤအထူးစီမံချက်ကို ''ယင်းမာ''ဟုအမည်ပေးထားပြီး မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့အနေဖြင့် မူးယစ်ဆေးဝါး၏ဆိုးကျိုးအန္တရာယ်ကို ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိကြစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ စီမံချက်ကာလကို မေ ၂၆ ရက်မှ ဇွန် ၂၆ ရက်အထိ သတ်မှတ် ပြီး စီမံချက်နယ်မြေများအဖြစ် ဇုန် (၁) မြန်မာနိုင်ငံအထက်ပိုင်း ဒေသ၊ ဇုန် (၂) မြန်မာနိုင်ငံအောက်ပိုင်းဒေသ၊ ဇုန်(၃) ရှမ်းပြည်နယ်ဟူ၍ သတ်မှတ်ထားပါသည်။ စီမံချက်ပါလုပ်ငန်း များကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါး များအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ ဦးဆောင်မှုဖြင့် အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေးအဖွဲ့၊ သီးနှံများ အစားထိုးစိုက်ပျိုးရေးအဖွဲ့၊ မွေးမြူရေးအဖွဲ့၊ ဆေးကုသရေးအဖွဲ့၊ ပြန်လည်ထူထောင်ရေးအဖွဲ့၊ ကျောင်းသားလူငယ်များအား အသိပညာပေးရေးအဖွဲ့၊ ပြည်သူများအား ပညာပေးလှုံ့ဆော်ရေး အဖွဲ့၊ ထိန်းချုပ်ဓာတုပစ္စည်းကြီးကြပ်ရေးအဖွဲ့နှင့် မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအဖွဲ့(MANA) စသည့် လုပ်ငန်း အဖွဲ့ ၁ဝ ဖွဲ့မှ ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။

စီမံချက်လုပ်ငန်းများအနေဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ် များရှိ စာသင်ကျောင်းများ၊ တက္ကသိုလ်၊ ကောလိပ်များ၌ မူးယစ် ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းများ၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဆိုင်ရာ ဆိုင်းဘုတ်များ၊ ပိုစတာများဖြင့် ပညာပေးခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ်သက် ရောက်မှုရှိသည့် လူ့အသိုင်းအဝိုင်းအလွှာအသီးသီး၌ အသိပညာ ပေးဟောပြောခြင်း၊ One Stop Service ဆေးကုသရေး လုပ်ငန်းများဆောင်ရွက်ခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ကူးစက်တတ်သောHIV နှင့် အခြားသွေးမှ ကူးစက်တတ်သော ရောဂါပိုးများ အန္တရာယ်ကုသကာကွယ်ရေးဆိုင်ရာ လူထုလှုပ်ရှား မှုများ ဆောင်ရွက်ခြင်း၊ စခန်းအခြေပြု ပြန်လည်ထူထောင်ရေး သင်တန်းများဖွင့်လှစ်ခြင်း၊ မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသော ထိန်းချုပ်ဓာတုပစ္စည်းများ လမ်းလွဲရောက်မှုနှင့် ကြိုတင်ကာကွယ်ရေးဆိုင်ရာ ပညာပေးလုပ်ငန်းများဆောင်ရွက် ခြင်း၊ ဘိန်းစိုက်ပျိုးသည့် ဒေသများအတွင်းရှိတောင်သူများ အတွက် စိုက်ပျိုးရေး မွေးမြူရေးဆိုင်ရာသင်တန်းများပို့ချခြင်း၊ မျိုးများဖြန့်ဝေခြင်းစသည့် မူးယစ်ဆေးဝါးအန္တရာယ်လျော့ကျ စေရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။ သို့ပါ၍ ဤလုပ်ငန်းစီမံချက်ထိရောက်စွာဆောင်ရွက်နိုင်ရန် အစိုးရမဟုတ် သောအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ လူမှုကွန်ရက်များ၊ သတင်းမီဒီယာများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်သွား နိုင်ရန် တိုက်တွန်းအပ်ပါကြောင်း။ ။

No comments:

Post a Comment