Tuesday, June 30, 2015

သေနတ်ပစ်အားကစားသမားများအား ဂုဏ်ပြုဆုချီးမြှင့်


 
ရန်ကုန် ဇွန် ၂၉
ISSF World Cup Changwon 2015 ပြိုင်ပွဲနှင့် 28th SEA Games ပြိုင်ပွဲများတွင် ဆုရရှိခဲ့သော အောင်ပွဲရ သေနတ်ပစ်အားကစား သမားများအား မြန်မာနိုင်ငံသေနတ်ပစ် အားကစားအဖွဲ့ချုပ်မှ ထပ်ဆင့် ဂုဏ်ပြုဆုချီးမြှင့်ပွဲကို ဇွန် ၂၆ ရက်က နိုဗိုတယ်ဟိုတယ်၌ ကျင်းပခဲ့သည်။
ISSF World Cup Changwon 2015 ပြိုင်ပွဲတွင် ကမ္ဘာ့အဆင့် ငွေ တံဆိပ်ဆုရရှိသော အားကစားသမား ရဲထွန်းနောင်အား မြန်မာနိုင်ငံ သေနတ်ပစ်အားကစားအဖွဲ့ချုပ်မှ ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း ၁၅ဝကို အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင့်ဆန်းက လည်းကောင်း၊ မြန်မာနိုင်ငံ အိုလံပစ် ကော်မတီမှ ဂုဏ်ပြုဆုချီးမြှင့်ငွေကျပ် ငါးသိန်းအား အားကစားနှင့် ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က လည်းကောင်း၊ 28th SEA Games ပြိုင်ပွဲမီတာ ၅ဝ ဝမ်းလျားမှောက်ပြိုင်ပွဲတွင် အသင်း လိုက်ကြေးတံဆိပ်ဆုရရှိခဲ့ကြသည့် လင်းအောင်၊ ကောင်းထိုက်နှင့် ဝေယံ မင်းသူတို့အား မြန်မာနိုင်ငံ သေနတ်ပစ် အားကစားအဖွဲ့ချုပ်မှ ဂုဏ်ပြုဆု ချီးမြှင့်ငွေကျပ်သိန်း ၅ဝ ကို ရန်ကုန် တိုင်းဒေသကြီး စီမံကိန်း၊စီးပွားရေးနှင့် အားကစားဝန်ကြီး ဦးသန်းမြင့်က လည်းကောင်း၊ မီတာ ၅ဝ စိတ်ကြိုက် ပစ္စတိုပြိုင်ပွဲတွင် အသင်းလိုက် ကြေးတံဆိပ်ဆု ရရှိခဲ့ကြသည့် ရဲထွန်းနောင်၊ နေထက်အောင်၊ ကျော်စွာဝင်းတို့ကို မြန်မာနိုင်ငံ သေနတ်ပစ် အားကစားအဖွဲ့ချုပ် မှ ဂုဏ်ပြုဆုချီးမြှင့်ငွေ ကျပ်သိန်း ၅ဝ ကို မြန်မာနိုင်ငံ သေနတ်ပစ် အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးထက်ညီ ကလည်းကောင်း၊ အုပ်ချုပ်/နည်းပြ များအတွက် မြန်မာနိုင်ငံသေနတ်ပစ် အားကစားအဖွဲ့ချုပ်မှ ဂုဏ်ပြုချီးမြှင့် ငွေကျပ်သိန်း ၃ဝ ကို မြန်မာနိုင်ငံ သေနတ်ပစ် အားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးခွန်သီဟကိုကိုတို့က လည်းကောင်း ချီးမြှင့်ပေးခဲ့ကြသည်။
အဆိုပါဂုဏ်ပြုပွဲအခမ်းအနားတွင် မြန်မာနိုင်ငံသေနတ်ပစ်အားကစား အဖွဲ့ချုပ်မှ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ တို့က ချီးမြှင့်ငွေကျပ်သိန်း ၂၈ဝ နှင့် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီက ချီးမြှင့်ငွေကျပ် ငါးသိန်း စုစုပေါင်း ငွေကျပ် ၂၈၅ သိန်းဂုဏ်ပြုချီးမြှင့်ခဲ့ ကြောင်း သိရသည်။
(ခင်မောင်ဝင်း)

No comments:

Post a Comment