Tuesday, June 30, 2015

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်


ရေဘေးအန္တရာယ်ကင်းရေး ၀ိုင်းဝန်းကူညီ


မြန်မာနိုင်ငံသည် သဘာဝဘေးအဖြစ်များသော နိုင်ငံ များတွင် တစ်ခုအပါအဝင်ဖြစ်သည်။ သဘာဝဘေးဖြစ်လျှင် လူနှင့်သက်ရှိ သတ္တဝါများ၊ အိုးအိမ်များ၊ စက်ရုံ၊ အလုပ်ရုံ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ လမ်းတံတား၊ ဆေးရုံ၊ စာသင်ကျောင်း အစရှိသည့် အခြေခံအဆောက်အအုံများ၊ စိုက်ပျိုးရေးလုပ်ငန်းများနှင့် သဘာဝပတ်ဝန်းကျင်တို့ကို သေကျေ ထိခိုက်ပျက်စီးမှုများကို ဖြစ်စေပါသည်။ ဤသို့သဘာဝဘေး ကြောင့် ထိခိုက်သေကျေပျက်စီးဆုံးရှုံးမှုများသည် နိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက်မှုကို များစွာအဟန့်အတားဖြစ်စေပါသည်။ သဘာဝ ဘေးဆိုသည်မှာ မဖြစ်စေရန် တားဆီး၍မရသော်လည်း ဖြစ် လာလျှင် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ လျော့နည်းသက်သာ စေရေးအတွက် သဘာဝဘေးလျော့ပါးရေးလုပ်ငန်းများကို သဘာဝဘေးမကျရောက်မီ ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင် ပါသည်။
''မြစ်ရေကလျှံ ချောင်းရေကတိုး'' ဟူသော စကားအတိုင်း မြန်မာနိုင်ငံတွင် လွန်ခဲ့သည့်ရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းခြင်း၊ ထူးကဲဒီရေတက်ခြင်းတို့ကြောင့် မြို့နယ်အချို့ ရေကြီးရေလွှမ်းမှုများဖြစ်ပွားခဲ့ပါသည်။ ဤသည်မှာ ရေကြီးမှု ကြောင့် ဘေးအန္တရာယ်များမဖြစ်ပွားစေရန် တပ်လှန့်သတိပေး လိုက်ခြင်းသာ ဖြစ်ပါသည်။ လာမည့် ဇူလိုင်လနှင့်သြဂုတ်လ များတွင် မိုးရွာသွန်းမှုပိုမိုလာနိုင်သည့်အလျောက် ရေကြီး ရေလျှံမှုများ ကြုံတွေ့ရဖွယ်ရှိပါသည်။ နှစ်စဉ်ရေကြီးရေလျှံမှု များ ဖြစ်ပွားလေ့ရှိသောဒေသများ၌ ရေဘေးအန္တရာယ် မဖြစ် ပွားစေရန် ကြိုတင်ပြင်ဆင်ထားကြရန် လိုအပ်မည်ဖြစ်ပါသည်။
သဘာဝဘေးအန္တရာယ်များကို မဖြစ်ပွားမီ ကြိုတင် ပြင်ဆင်ခြင်းနှင့် ဖြစ်ပွားနေချိန်ဖြစ်ပွားပြီးနောက် အန္တရာယ် များမကျရောက်အောင် ပြင်ဆင်ခြင်းဟူ၍ နှစ်ပိုင်းရှိပါသည်။ ထိုအပိုင်းနှစ်ပိုင်းစလုံးကို ဟန်ချက်ညီညီ လုပ်ကိုင်ဆောင်ရွက် နိုင်မှသာ ဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု လျော့နည်းမည်ဖြစ်ပါသည်။ ရေဘေးအန္တရာယ်ဖြစ်ပွားနိုင် သည့်ဒေသများ၌ ကြိုတင်သရုပ်ပြလေ့ကျင့်မှုကို အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်သွားသင့်ပါသည်။ ရေဘေးအန္တရာယ် ဖြစ်ပွားနေချိန်တွင် ကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်မီ ဆောင်ရွက်နိုင်ရန်နှင့် အစားအစာ၊ ဆေးဝါးနှင့် နေထိုင်စရာနေရာ ထိုင်ခင်းများ အမြန်ဆုံးစီစဉ်ဆောင်ရွက်သင့်ပါသည်။ အထူးသဖြင့် ရေကြီးမှုဖြစ်ပွားရာဒေသများ၌ ထပ်မံဖြစ်ပွားနိုင်သည့် အန္တရာယ် မှာမြေပြိုမှုဖြစ်ပါသည်။ သတိပြုဆောင်ရွက်ရန် လိုအပ်ပါသည်။
ထို့အပြင် ရေကြီးမှုဖြစ်ပွားရာဒေသများ၌ ထပ်မံ၍ ရေကြီးမှုအန္တရာယ်မဖြစ်ပွားစေရန် အနီးပတ်ဝန်းကျင်ရှိ ဆည် တာတမံများ၊ မြစ်ချောင်းများ၊ တစ်ဖက်ဆည်ကန်ကြီး ကန်ငယ် များ ကျိုးပေါက်မှုမရှိအောင် လုံခြုံရေးအဆက်မပြတ်ထားရှိ ဆောင်ရွက်သင့်ပါသည်။ သို့မှသာ ထပ်မံရေကြီးမှုအန္တရာယ် ကို ကာကွယ်နိုင်မည်ဖြစ်ပါသည်။
သို့ဖြစ်၍ နှစ်စဉ်ရေဘေး အန္တရာယ်ဖြစ်ပွားလေ့ရှိသောဒေသများ၌ ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးကို အရှိန် အဟုန်မြှင့်တင်ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ ရေကြီးမှုဖြစ်ပွားရာ ဒေသများတွင်လည်း မြို့နယ်၊ ရပ်ကွက်ကျေးရွာတာဝန်ရှိသူများ နှင့် ပူးပေါင်းကာ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင်ပြည်သူ များ၊ ကြက်ခြေနီ၊ မီးသတ်အစရှိသဖြင့် အဖွဲ့အစည်းများပူးပေါင်းကာ ရေဘေးအန္တရာယ်ကင်းရှင်းရေး ဝိုင်းဝန်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment