Monday, June 29, 2015

29.6.2015...ကြေးမုံ စာတည်းရှုထောင့်




ပညတ်ကိုပယ်မှ အောင်မြင်မည်



လောကုတ္တရာနယ်ပယ်တွင် ''ပညတ်''နှင့်''ပရမတ်''သည် အလွန်အရေးကြီးသည့် အချက်ဖြစ်သည်။ ပညတ်နှင့် ပရမတ်ကို ကောင်းစွာခွဲခြား နိုင်မည်ဆိုလျှင် လောကုတ္တရာနယ်ပယ်အတွက် လူပြိန်းစကားနှင့်ပြောမည် ဆိုပါက ကိစ္စပြီးပြီဟု ဆိုနိုင်ပါသည်။

ပါဠိအားဖြင့် ပညတ္တိဟူသော ''ပညတ်'' (Designation) ဆိုသည်မှာ အကြမ်းဖျင်းအားဖြင့် ''ဘာမျှ မရှိခြင်း'' သဘောဖြစ်သည်။ တစ်နည်းဆိုသော် အထည်ကိုယ်မရှိ၊ အမည်နာမခေါ်ဝေါ်သမုတ်ခြင်းဖြစ်သည်။ အကျိုးရလဒ် မရှိသေးသော နာမ်သဘောဖြစ်သည်။ ဥပမာအားဖြင့် မောင်ဖြူ၊ အဖြူ၊ အဖြူရောင်ဟူသော ဝေါဟာရတို့သည် အမည်နာမပညတ်ချက်သာ ဖြစ်သည်။ ခေါ်ဝေါ်ခြင်းမျှသာဖြစ်သည်။

''ပရမတ်''ကိုမူ မဖောက်မပြန် မြတ်သောကြောင့် ''ပရမတ်''ဟု တရားတော်တွင်ဆိုပါသည်။ ပညတ်ကို ဖောက်ထွင်းပြီး ပရမတ်အစစ်အမှန် ကိုထိုးထွင်း၍ မြင်နိုင်ရန်လိုအပ်ပါသည်။ ဖြစ်ခြင်း၊ ပျက်ခြင်း၊ အာရုံခံခြင်းသည် ပညတ်အပေါ်၌ အာရုံပြုခြင်းဖြစ်သည်။ ပညတ်ကိုသာအာရုံပြုနေလျှင် ပရမတ်ကိုထိုးထွင်းသိမြင်ရန်ခက်ခဲပြီး ပန်းတိုင်သို့မရောက်ရှိဘဲ တရားစခန်းတွင်သာ အချိန်ကုန်မည်ဟု တရားဆရာတို့က ဆိုလေ့ရှိသည်။

ထိုသဘောကိုအခြေခံ၍ လောကီနယ်ပယ်တွင်လည်း ''ပညတ်'' သဘောကို ကောင်းစွာသိဖို့လိုအပ်ပါသည်။ ဖြူခြင်း၊ မည်းခြင်းဟူသည် အထည်ကိုယ် ဘာမျှမရှိ ''ပညတ်''သဘော သတ်မှတ်ချက်သာဖြစ်သည်။ ပညတ်ဟူသည် ဘာမျှမရှိသောအရာ၊ အမည်၊ အခေါ်အဝေါ်သတ်မှတ်ချက်၊ သိခြင်းသက်သက် သာဖြစ်သည်။ ၎င်းတွင် အကျိုးသက်ရောက်မှု မရှိချေ။

ဖြူသောသူဖြစ်စေ၊ မည်းသောသူဖြစ်စေ ကောင်းမွန်သော၊ မှန်ကန်သော အလုပ်လုပ်ခြင်းရှိ၊ မရှိကိုသာ ရှုမြင်နေရမည်ဖြစ်သည်။ ပညတ်သဘော အဖြူ၊ အမည်းစသည့်သဘောကိုသိရုံမျှဖြင့် အကျိုးရလဒ်ရလိမ့်မည် မဟုတ်ချေ။ ပညတ်သည် သိခြင်းအကြောင်းသဘောမျှသာဖြစ်သည်။ ပညတ်ကို ပရမတ် သဘောကဲ့သို့ ထွင်းဖောက်ရှုမြင်မှသာ အကျိုးရလဒ်ဖြစ်နိုင်စေသည်။ ထို့အတူ လောကုတ္တရာနယ်ပယ်ကဲ့သို့ လောကီနယ်ပယ်တွင်လည်း ''ပညတ်'' ကို ''ပရမတ်'' သဘောကဲ့သို့ ရှုမြင်အားထုတ်သင့်ပါသည်။

မည်းသောသူအချို့သည် အဖြူအလုပ်ကို လုပ်တတ်သည်။ ဖြူသော သူအချို့ကလည်း မည်းသောအလုပ်ကို လုပ်တတ်သည်။ မောင်ဖြူ၊ မောင်မဲသည် ပညတ်သဘောသာဖြစ်၍ တန်ဖိုးမရှိသေးချေ။ မောင်ဖြူ၊ မောင်မဲ၏ လုပ်ဆောင်မှုကိုကြည့်၍ တန်ဖိုးကိုပိုင်းဖြတ်နိုင်သည်။ တစ်ချိန်သောကာလက ပညတ်ကိုသာအလေးထားပြီး အဖြူ၊ အမည်းခွဲခြားဆက်ဆံခြင်း၊ ခွဲခြားလက်ခံ ခြင်းများရှိခဲ့သည်။ ယခုအခါ ဤသို့မဟုတ်တော့၊ အဖြူ၊ အမည်း မခွဲခြားဘဲ ကောင်းသောအကျိုး ရလဒ်ကိုသာကြည့်၍ လက်ခံလာကြသည်။

ဥဒါဟရုဏ်အားဖြင့် တစ်ချိန်သောကာလက ဒွန်းစဏ္ဍား၊ စဏ္ဍာလ၊ သုဘရာဇာဟူသော လူတန်းစားရှိသည်။ သုဘရာဇာဆိုသည်မှာ သူသေကောင်အလုပ်ကိုလုပ်ရသောသူ သို့မဟုတ် စဏ္ဍာလဟု ယဉ်ကျေးစွာ ခေါ်ဆိုခံရသူကို မည်သူမျှအဖက်မလုပ်ခဲ့ကြချေ။ ၎င်းတို့သည် ငွေကြေး တတ်နိုင်သော်လည်း ဖြူစင်သောအလုပ်ကိုမလုပ်နိုင်။ လုပ်မည်ဆိုလျှင်လည်း အများကလက်မခံကြ။ ၎င်းတို့ကို မည်သူမျှ အရာမသွင်းကြချေ။ ထိုအချိန်ကာလက ၎င်းလူတန်းစားတို့ဘဝသည် အပယ်ခံဖြစ်ခဲ့ကြသည်။

မျက်မှောက်ကာလတွင် ဤသို့မဟုတ်တော့ချေ။ မည်သည့် အမည်နာမ၊ မည်သည့်အမျိုးအနွယ်၊ မည်သည့်အမှုကိုပြုသည်ဖြစ်စေ ကောင်းသောအမှု ကိုဆောင်နိုင်ပါက အများတန်းတူပါဝင်ခွင့်ရကြသည်။ အများတန်းတူ အောင်မြင်မှုကိုရယူနိုင်ကြသည်။ ပညတ်သဘောကို ထွင်းဖောက်ကာ ပရမတ်သဘောကို ရှုမြင်သကဲ့သို့ ဆောင်ရွက်လာနိုင်ပြီဖြစ်၍ တရားတော်နှင့်အညီ ဖြစ်သည်ဟု ဆိုနိုင်သည်။

အချို့နယ်ပယ်၊ အချို့လူပုဂ္ဂိုလ်တို့တွင် ပညတ်သဘောကိုသာ ရှေးရှုနေသေးသည်ကိုတွေ့ရသည်။ အမည်၊ နာမ၊ အထည်ကိုယ်တို့သည်သာပဓာန ဖြစ်နေကြသေးသည်။ အပြောင်းအလဲနောက်သို့ မလိုက်ပါနိုင်သေး၍ ပညတ်သဘောသာဆောင်နေသေးသည်။ ပညတ်သဘောကို ထွင်းဖောက်၍ တရားတော်လာအတိုင်းပရမတ်ကို ရောက်အောင်သွားနိုင်မှသာလျှင် ရည်မှန်းချက်ပန်းတိုင်သို့ အပြီးတိုင်ရောက်ရှိနိုင်မည်ဟု ရှုမြင်ပါသည်။ ။

No comments:

Post a Comment