ရန်ကုန် မေ ၂၉
ကမ္ဘာတစ်ဝန်းမှ ဂန္ထဝင်ရုပ်ရှင် ကား ၅ဝ ကျော်နှင့် မြန်မာ့ဂန္ထဝင်
ဇာတ်ကားလေးကားပါဝင်သည့် တတိယ အကြိမ် အမှတ်တရနိုင်ငံတကာရုပ်ရှင်
အမွေအနှစ်ပွဲတော် ဖွင့်ပွဲအခမ်း အနားကို ယနေ့ညနေ ၄ နာရီက ရန်ကုန်မြို့ရှိ
နေပြည်တော်ရုပ်ရှင်ရုံ တွင် ကျင်းပသည်။
အဆိုပါပွဲတော်တွင် ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်၊ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်နိုင်ငံသံအမတ်ကြီး H.E. Mr. Thierry MATHOU့ ၊ မြန်မာ နိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ ပြင်သစ်ရုပ်ရှင် မင်းသမီး ကက်သရင်းဒနဗ်၊ မလေးရှား မင်းသမီး မီရှဲယိုး၊ ဟောင်ကောင် မင်းသမီး ချန်ပင်းပင်း၊ စင်ကာပူ မင်းသမီး မာရီလီး၊ မြန်မာနိုင်ငံမှ ဂန္ထဝင်ရုပ်ရှင်မင်းသမီးကြီးများဖြစ်ကြသည့် ဒေါ်ဆွေဇင်ထိုက်၊ ဒေါ်ခင် သီတာထွန်း၊ ဒါရိုက်တာ ဒေါ်သင်းသင်း ယုနှင့် ဖိတ်ကြားထားသော ဧည့်သည် တော်များ၊ ရုပ်ရှင်ချစ် ပရိသတ်များ တက်ရောက်ကြသည်။
ယနေ့ကျင်းပသည့် နိုင်ငံတကာ ရုပ်ရှင်အမွေအနှစ်ပွဲတော်ကို ပြန်ကြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးအပါအဝင် မြန်မာနိုင်ငံ ဆိုင်ရာပြင်သစ်သံရုံးနှင့် ပြင်သစ် နိုင်ငံမှ Technicolor Foundation for Cinema Heritage တို့ ပူးပေါင်း တင်ဆက်ခြင်း ဖြစ်သည်။
နိုင်ငံတကာရုပ်ရှင်အမွေအနှစ် ပွဲတော်တွင် ကမ္ဘာတစ်ဝန်းမှ ရုပ်ရှင် ဇာတ်ကား ၅ဝ ကျော်နှင့် မြန်မာ့ ဂန္ထဝင်ရုပ်ရှင် ဇာတ်ကား လေးကားတို့ ကို မေ၂၉ ရက်မှ ဇွန် ၇ ရက်အထိ ရန်ကုန်မြို့ နေပြည်တော်ရုပ်ရှင်ရုံတွင် အခမဲ့ ပြသသွားမည်ဖြစ်သည်။
(သတင်းစဉ်)

No comments:
Post a Comment