Sunday, May 31, 2015

မြန်မာယူ-၂၀ အသင်း ပွဲဦးထွက် ရှုံးသော်လည်း ကမ္ဘာ့အဆင့်မီသည့် ခြေစွမ်းပြသနိုင်ခဲ့

 
 
 Myanmaalinn's photo.
 
ဟန်ဂရေး မေ ၃ဝ
၂ဝ၁၅ ဖီဖာ ယူ-၂ဝ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ အုပ်စုပထမနေ့ပွဲစဉ်များကို ယနေ့နံနက်ပိုင်းမှစ၍ နယူးဇီလန်နိုင်ငံ၌ စတင်ကျင်းပရာ မြန်မာယူ-၂ဝ အသင်းသည် အမေရိကန် ယူ-၂ဝ အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ပြီး ပွဲဦးထွက်ရှုံးပွဲကြုံတွေ့ခဲ့သည်။
အမေရိကန် ယူ-၂ဝ - နှစ်ဂိုး
မြန်မာယူ-၂ဝ - တစ်ဂိုး
ယူ-၂ဝ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ် ယှဉ်ပြိုင်ခွင့်ရရှိခဲ့ သည့် မြန်မာအသင်းသည် ပွဲဦးထွက် ပွဲစဉ်တွင် ရှုံးပွဲကြုံတွေ့ခဲ့သော်လည်း ခြေရည်တူကစားကာ ပြိုင်ဘက် အသင်းများ၏ ဂရုပြုမှုကို ခံခဲ့ရသည်။ တောင်ပံကစားသမား ရန်နိုင်ဦး၏ ဦးဆောင်ဂိုးဖြင့် အမေရိကန်ကို ဦးဆောင်နိုင်သည်အထိ မြန်မာ အသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် ထိုက်တန်သည့် ခြေစွမ်းကို ပြသ နိုင်ခဲ့သည်။
မြန်မာယူ-၂ဝ အသင်းသည် ၃- ၄-၁-၂ ပုံစံဖြင့် ပွဲထွက်လာခဲ့ပြီး ပွဲ ထွက်လူစာရင်းတွင် မျိုးမင်းလတ်(ဂိုး)၊ နန္ဒကျော်၊ သီဟထက်အောင်၊ ထိုက် ထိုက်အောင်၊ ကျော်မင်းဦး၊ မျိုးဘို ထွန်း၊ မောင်မောင်စိုး၊ ရန်နိုင်ဦး၊ မောင် မောင်လွင်၊ သန်းပိုင်နှင့် အောင်သူ တို့ ပါဝင်ခဲ့သည်။ ယခုပွဲကို နယူးဇီလန် နိုင်ငံမှ မြန်မာပရိသတ်များ၊ မြန်မာ နိုင်ငံမှ လိုက်လံအားပေးသည့်ပရိသတ် ရာဂဏန်းမျှ ကွင်းအတွင်း အားပေးခဲ့ ကြပြီး မြန်မာနိုင်ငံတစ်ဝန်းမှ မြန်မာဘောလုံးပရိသတ်များကလည်း ရုပ်မြင်သံကြားမှတစ်ဆင့် စောင့်ကြည့် ခဲ့ကြသည်။
ကမ္ဘာ့ဖလားပြိုင်ပွဲကို မြန်မာ အသင်းသည် ပထမဆုံးပွဲထွက်ကစား ခွင့်ရခြင်းဖြစ်သော်လည်း ကစား သမားများမှာ ရှိန်မနေဘဲ ပွဲစ ကတည်းက အမေရိကန်အသင်းဘက် သို့ ဖိကစားနိုင်ခဲ့သည်။ ပွဲအစ ကိုးမိနစ်တွင် မြန်မာအသင်းဂိုးစရခဲ့ ပြီး ထောင့်ကန်ဘောမှ ပြန်လျှံ ထွက်လာသော ဘောလုံးကို တောင်ပံ ကစားသမား ရန်နိုင်ဦးက ပိတ်သွင်း ယူခဲ့ခြင်းဖြစ်သည်။ ယင်းဂိုးမှာ ယခု နှစ် ယူ-၂ဝ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ပထမဆုံးဂိုးဖြစ်ခဲ့ပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် မြန်မာအသင်း သွင်းယူ ခဲ့သည့် ပထမဆုံးဂိုးလည်း ဖြစ်ခဲ့ သည်။ မထင်မှတ်ဘဲ ဂိုးပေးလိုက် ရသည့် အမေရိကန်အသင်း တိုက်စစ် အားမြှင့်လာခဲ့ပြီး ၁၆ မိနစ်တွင် တောလ်က ထောင့်ကန်ဘောမှ တစ်ဆင့် ချေပဂိုးပြန်သွင်းခဲ့သည်။ ယင်းနောက်ပိုင်းတွင် ပွဲမှာ အပြန် အလှန်ရှိခဲ့ပြီး မြန်မာအသင်းသည် အမေရိကန်ခံစစ်ပိုင်းကို ခြိမ်းခြောက် နိုင်ခဲ့သည်။ ဒုတိယပိုင်းတွင် အမေရိ ကန်အသင်းက လူအပြောင်းအလဲ ပြုလုပ်ပြီး တိုက်စစ်အားမြှင့်လာချိန် တွင် မြန်မာအသင်းသည် ကစားအား ကျသွား၍ အမေရိကန်အသင်းတရစပ် ဖိကစားခဲ့သည်။ ဒုတိယပိုင်းအစတွင် အမေရိကန်အသင်း အပိုင်ရနိုင်သည့် အခွင့်အရေးနှစ်ကြိမ်ရရှိခဲ့သော်လည်း လွဲချော်ခဲ့သည်။ ၅၅ မိနစ်တွင် အမေရိကန်အသင်း အနိုင်ဂိုးရခဲ့ပြီး တန်ပြန်တိုက်စစ်မှတစ်ဆင့် အီမာဆင် ဟတ်မန်းက သွင်းယူခဲ့သည်။
မြန်မာအသင်း၏ အဓိကကွင်း လယ်လူ ငြိမ်းချမ်းအောင် ဒဏ်ရာရ နေသည့်အပြင် ကစားအားတင်ရ မည့်အချိန်၌ အရန်ကစားသမားများ မှာလည်းပွဲထွက်ကစားနိုင်ခဲ့သည့် အနေအထားမျိုးမရှိဘဲ လူစားတစ်ဦး မျှ လဲကစားခြင်းမရှိခဲ့ပေ။ မိနစ် ၈ဝ နောက်ပိုင်းတွင် မြန်မာအသင်း တစ်ကျော့ပြန် ဖိကစားလာနိုင်ပြီး ၈၈မိနစ်တွင် မောင်မောင်လွင် အပိုင် ကန်သွင်းခွင့်ရသော်လည်း ကန်ချက် လွဲချော်သွားခဲ့၍ နစ်နာခဲ့ရသည်။
မြန်မာအသင်းပါဝင်သော အုပ်စု (က) အခြားပွဲစဉ်တွင် အိမ်ရှင် နယူးဇီလန်အသင်းနှင့် ယူကရိန်း အသင်းတို့ ဂိုးမရှိသရေကျခဲ့သည်။ အုပ်စု(ခ)ပွဲစဉ်များတွင် ပနားမား အသင်းက နာမည်ကြီး အာဂျင်တီးနား အသင်းနှင့် နှစ်ဂိုးစီ သရေကျခဲ့ပြီး ဂါနာအသင်းနှင့် သြစတြီးယားအသင်း တို့ပွဲတွင်လည်း တစ်ဂိုးစီသရေကျခဲ့ သည်။
မြန်မာအသင်းသည် အုပ်စု ဒုတိယပွဲအဖြစ် ဇွန် ၂ ရက်တွင် ယူကရိန်းအသင်းနှင့် ကစားရမည် ဖြစ်သည်။
ဖိုးသော်ဇင်

No comments:

Post a Comment