Saturday, May 30, 2015

ကျေးလက်ဒေသ၌ မဟာမြိုင်ပညာဖောင်ဒေးရှင်းတည်ထောင်၍ ကျောင်းတက်နိုင်ရန် ထောက်ပံ့ပေးသည့်အပြင် အထက်တန်းတက်ရန်အတွက်ပါ လုပ်ဆောင်ပေးလျက်ရှိ



The Mirror Daily's photo.

မကွေး မေ ၂၉

မကွေးမြို့၏အရှေ့တောင်ဘက် ၁၂ မိုင်ခန့်ဝေးကွာသော အင်းနက် ကျေးရွာနှင့် ၆ ဖာလုံကျော်ဝေးကွာသည့် မဟာမြိုင်တောရကျောင်း၌ နာယကဆရာတော် ဦးပဏ္ဍဝ၊ ဦးသီလနန္ဒ၊ ဦးဝဏ္ဏိတတို့၏သြဝါဒ ကိုခံယူ၍ ဦးဆောင်ဆရာတော် ဦးသုဒဿန၊ ဦးဇနသာရ၊ ဦးပဝသာရနှင့် အင်းနက်ကျေးရွာကျောင်းအုပ် ဆရာမကြီး ဒေါ်ကြည်ကြည်မြင့်တို့က စည်းဝေးတိုင်ပင်ကာ ကျေးလက်ဒေသ ကလေးငယ်များ ပညာသင်ကြားနိုင်စေရန် မဟာမြိုင်ပညာရေးဖောင်ဒေးရှင်းကို တည်ထောင်ပြီး ကျောင်း စတက်မည့် ကျောင်းသား ကျောင်းသူများနှင့် မူလတန်း၊ အလယ်တန်းကျောင်းသား ကျောင်းသူများကို တစ်ယောက်လျှင် ဗလာစာအုပ် တစ်ဒါဇင်၊ ခဲတံ၊ ဘောလ်ပင်နှင့် ပစ္စည်း စုံပါကွန်ပါဘူးတို့ကို ထောက်ပံ့ပေးခဲ့ပြီး အထက်တန်း(နဝမတန်း)တက်မည့်ကျောင်းသား ကျောင်းသူများအား ကျောင်းထားပေးမည်ဖြစ်ကြောင်း မဟာမြိုင်ပညာရေးဖောင်ဒေး ရှင်းဥက္ကဋ္ဌဆရာတော် ဦးသုဒဿန ထံမှသိရသည်။

''ဦးဇင်းတို့ပညာရေးဖောင်ဒေးရှင်းကို မတည်ငွေ ၁ဝ သိန်းကျော်နဲ့ စတင်ပြီး အခုနှစ်ဧပြီလမှာ စတင်တည်ထောင်ပါတယ်။ အရင်နှစ်တွေ က နွေရာသီကျောင်းပိတ်ရက်နဲ့ ရက်ရှည်ကျောင်းပိတ်ရက်တွေမှာ ကလေးတွေကို ဗုဒ္ဓစာပေနဲ့ပတ်သက်တဲ့ ယဉ်ကျေးလိမ္မာသင်ပေးတယ်။ အခုကျောင်းအပ်နှံရေး သီတင်းပတ်မှာ ဦးဇင်းတို့ဆီ စာရင်းပေးသွင်းထားတဲ့ ကျောင်းသား ကျောင်းသူတွေကို သူငယ်တန်းမှ ငါးတန်း၊ ခြောက်တန်း၊ ခုနစ်တန်း၊ ရှစ်တန်းအထိ ဗလာစာအုပ်၊ ခဲတံ၊ ဘောလ်ပင်၊ ကွန်ပါဘူး (ပစ္စည်းစုံပါ)တွေကို ကျောင်းသား ကျောင်းသူ စုစုပေါင်း ၆၁ ယောက်ကို ထောက်ပံ့ပေးခဲ့ပါတယ်။ မူလတန်းမှ အလယ်တန်းအထိ ပညာရေး ဖောင်ဒေးရှင်းအမည်နဲ့လှူတယ်။ နဝမတန်းစတင်တက်မယ့် ကျောင်းသား ကျောင်းသူတွေကိုလည်း ကျောင်းထားပေးသွားမှာ ဖြစ်ပါတယ်။ အင်းနက်ကျေးရွာက စိတ်တူ ကိုယ်တူ လူငယ်အင်အား၃ဝနဲ့ဖွဲ့စည်း တည်ထောင်ပြီး ဆင်းရဲချို့တဲ့တဲ့မိသားစု ဝင်သားသမီးများကို ပညာရေးပြည့်စုံ စွာသင်ကြားနိုင်အောင် ထောက်ပံ့ကူညီပြီးကျောင်းထား ပေးသွားမှာပါ'' ဟု ဥက္ကဋ္ဌဆရာတော်က မိန့်ကြားသည်။

မဟာမြိုင် ပညာရေးဖောင်ဒေးရှင်းသည် မကွေးမြို့နယ် တပ်ကုန်းအုပ်စု အင်းနက်ကျေးရွာ၏အရှေ့တောင်ဘက် မဟာမြိုင်တောရကျောင်းဝင်း၌တည်ရှိင်္ပြီး ပညာရေးထောက်ပံ့ငွေများ လှူဒါန်းလိုပါက ဥက္ကဋ္ဌဆရာတော် ဦးသုဒဿန ဖုန်း-ဝ၉၇၉၃၇၆ဝ၉၆၉၊ ကိုလှစိုး ဖုန်း-ဝ၉၇၉၆၄၈၈၈၇၉၊ ဦးဝင်းဗိုလ် ဝ၉-၇၉၈၈ ၂၃၁၅၆ သို့ လည်းကောင်း ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
(ဇွဲထက်ရှင်)

No comments:

Post a Comment