Friday, May 1, 2015

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်



အလုပ်သမားများ၏အကျိုးစီးပွားမြှင့်တင်
 
နိုင်ငံတစ်နိုင်ငံ၏ ကုန်ထုတ်စွမ်းအားများ ဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်ရာတွင် အလုပ်သမားများ၏ အခန်းကဏ္ဍသည် အရေးကြီးပါသည်။ ဤကမ္ဘာမြေပေါ်ရှိ မြင်မြင်သမျှ ရုပ်ဝတ္ထုအားလုံးတို့သည် အလုပ်သမားများ၏ ကာယစွမ်းအား၊ ဥာဏစွမ်းအားကြောင့် ပေါ်ပေါက်လာရသည်ဆိုလျှင် မည်သူမျှ ငြင်းနိုင်မည်မဟုတ်ပေ။ တိုးတက်ပြောင်းလဲမှုမှန်သမျှတို့သည် အလုပ်သမားကြီးများ၏ ကြိုးစားအားထုတ်မှုကြောင့် ဆက်စပ် ပေါ်ပေါက်လာခြင်းဖြစ်သည်။ အလုပ်သမားများ၏ကျေးဇူးကား ကြီးမားပေစွ။
ထို့ကြောင့်လည်း မေ ၁ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားများနေ့ (International Workers Day ) အဖြစ် သတ်မှတ်ထားပါသည်။ ထိုနေ့ကိုMay Day နေ့ဟူ၍ လည်းကောင်း၊Labour Day ဟူ၍လည်းကောင်း ခေါ်ဆိုကြ ပါသည်။ မည်သို့ပင်ဖြစ်စေ ဤသတ္တလောကကြီးကို ကောင်း ကျိုးများ သယ်ပိုးဆောင်ရွက်နေသော အလုပ်သမားများအား ဂုဏ်ပြုသောနေ့ပင်ဖြစ်ပါသည်။ ဤ May Day နေ့သည်ကား အလုပ်သမားများ၏ သမိုင်းကြောင်းနှင့် ယှဉ်တွဲ၍ ပေါ်ပေါက်လာ ခြင်းဖြစ်သည်။ ၁၉ ရာစုခေတ်အစောပိုင်းတွင် အမေရိကန် ပြည်ထောင်စု၌ တစ်နေ့လုပ်ချိန် ရှစ်နာရီသတ်မှတ်ရေး အပါအဝင် အလုပ်သမားများ၏ အခွင့်အရေးနှင့်ပတ်သက်၍ တောင်းဆိုခဲ့ရာ မှ ထိုနေ့ကိုအကြောင်းပြု၍May Day နေ့ ပေါ်ပေါက်လာခြင်း ဖြစ်ပါသည်။ ထိုနေ့တွင် ကမ္ဘာ့နိုင်ငံအသီးသီးတို့ရှိ စက်ရုံ၊ အလုပ်ရုံများ၊ ဌာနဆိုင်ရာရုံးများပိတ်ပြီး အလုပ်သမားများ၏ အားလပ်ရက်အဖြစ် သတ်မှတ်ကာ အလုပ်သမားများအား ဂုဏ်ပြု ပွဲများ ပြုလုပ်လေ့ရှိပါသည်။ တစ်နည်းအားဖြင့် အလုပ်သမား များ၏ ကြိုးစားအားထုတ်မှုများကို ဂုဏ်ပြုခြင်းပင်ဖြစ်ပါသည်။
မြန်မာနိုင်ငံသည် အလုပ်သမားများ၏ အခွင့်အရေးကို အလေးထားဆောင်ရွက်နေသည့်နိုင်ငံဖြစ်ပါသည်။ ယခုအခါ အလုပ်သမားများ၏ အခွင့်အလမ်းကို မျှော်မှန်းလျက် အနည်းဆုံး အခကြေးငွေသတ်မှတ်နိုင်ရေး ညှိနှိုင်းကြိုးပမ်းမှုများပြုလုပ်လျက် ရှိပါသည်။ အလုပ်ရှင်၊ အလုပ်သမား ပြဿနာများလျော့နည်း အောင် ဆောင်ရွက်လျက်ရှိသည်။ အလုပ်အကိုင်အခွင့်အလမ်း ပြပွဲများ၊ အလုပ်အကိုင်များ ဖန်တီးပေးခြင်းများဆောင်ရွက်လျက် ရှိပါသည်။ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီး ဌာနအနေဖြင့် အစိုးရဌာနဆိုင်ရာ ဝန်ထမ်းများသာမက စက်ရုံ အလုပ်ရုံအသီးသီးတို့ရှိ အလုပ်သမားများအား ကျန်းမာရေးဝန် ဆောင်မှု အဆင့်မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိပါသည်။ အလုပ် သမားများအခမဲ့ဆေးကုသခွင့်ရရှိရန်ဆောင်ရွက်လျက်ရှိပါသည်။
ထို့အပြင် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနအနေဖြင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ (ILO) နှင့် ပူးပေါင်းကာ အလုပ်သမားများ၏ လိုအပ်ချက် များကို ပိုမိုဖြည့်ဆည်းပေးနိုင်ရန်အတွက်ပြီးခဲ့သည့် ဇန်နဝါရီ ၁ ရက်မှ မတ် ၃၁ ရက်အထိ လုပ်သားအင်အား စစ်တမ်းကောက်ယူ ခဲ့ပါသည်။ အနာဂတ်အလုပ်သမားဈေးကွက် ပီပြင်စွာပေါ်ထွန်းလာ စေရန် ရည်ရွယ်လျက်ဆောင်ရွက်နေခြင်းပင် ဖြစ်သည်။ အလုပ် သမားမိသားစုများ၏ ကျန်းမာရေး၊ ပညာရေး၊ နေထိုင်ရေး အဆင့်မြင့်မားလာစေရေး အစီအမံများလည်း ဆောင်ရွက်နေ ကြောင်းသိရပါသည်။ ဤသည်မှာ မြန်မာနိုင်ငံတွင် အလုပ်သမား များ၏ လူမှုဘဝ အဆင့်မြှင့်တင်နိုင်ရေးကြိုးပမ်းဆောင်ရွက်မှု များပင်ဖြစ်ပါသည်။ သို့ပါ၍ အလုပ်သမားများ၏ အကျိုးစီးပွား ကို အလေးထားဆောင်ရွက်နေသကဲ့သို့ နိုင်ငံအတွင်း ကုန်ထုတ် စွမ်းအားများတိုးမြှင့်ရန်လည်း ကြိုးစားအားထုတ်ကြရမည် ဖြစ်ပါသည်။ အလုပ်သမားများ၏ အကျိုးစီးပွားကိုမြှင့်တင်ပေး ခြင်းဖြင့် နိုင်ငံတော်သည်လည်း ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါ ကြောင်း။ ။

No comments:

Post a Comment