Friday, May 1, 2015

ဘာလ်တီမိုးဆန္ဒပြမှု အမေရိကန်နိုင်ငံတစ်ဝန်း ကူးစက်ပြန့်ပွား


 
နယူးယောက် ဧပြီ ၃ဝ
အမေရိကန်နိုင်ငံ မာရီလန်းပြည်နယ် ဘာလ်တီမိုးမြို့တွင် လူမည်း အမျိုးသား ဖရက်ဒီဂရေးကို ဒေသခံရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားစဉ် သေဆုံးသွားခဲ့သည့်အတွက် ဆူပူအကြမ်းဖက်ဆန္ဒပြမှုများဖြစ်ပွားခဲ့ပြီး ဘာလ်တီမိုးမြို့ကို အရေးပေါ်အခြေအနေကြေညာကာ ထိန်းသိမ်းနိုင်ခဲ့ သော်လည်း စုဝေးချီတက်ဆန္ဒပြမှုများမှာ အမေရိကန်နိုင်ငံမြို့ အများအပြားသို့ ကူးစက်ပြန့်ပွားသွားခဲ့ပြီဖြစ်သည်။
နယူးယောက်မြို့ပြည်သူ့ရင်ပြင်တွင် လူရာပေါင်းများစွာ စုပေါင်းချီတက် ဆန္ဒပြခဲ့ကြပြီး ရဲတပ်ဖွဲ့က လူပေါင်း ၁၂ဝ ကျော်ကိုဖမ်းဆီးထိန်းသိမ်းခဲ့သည်။
လူထုစုပေါင်းချီတက်ဆန္ဒပြပွဲများသည် ဝါရှင်တန်ဒီစီမြို့၊ ဘော့စတွန်မြို့နှင့် မီနီယာပိုလီစ်မြို့များတွင်လည်း ဖြစ်ပွားခဲ့သည်။
ဆန္ဒပြသူများက ''တရားမျှတမှုမရှိဘူး''၊ ''ငြိမ်းချမ်းမှုမရှိဘူး''၊ ''လက်မြှောက်အရှုံးပေးပါတယ် မပစ်ပါနဲ့'' ဟု လွန်ခဲ့သည့်နှစ် မစ်ဇူရီပြည်နယ် ဖာဂူဆန်မြို့တွင် မိုက်ကယ်ဘရောင်းကို ရဲတပ်ဖွဲ့က ပစ်ခတ်သတ်ဖြတ်မှုကို ရည်ညွှန်း၍ သံပြိုင်ကြွေးကြော် အော်ဟစ်ခဲ့ကြသည်။
ဖရက်ဒီဂရေး သေဆုံးမှုနှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်းမသိရသေး ပေ။ အမေရိကန်တရားစီရင်ရေးဌာနသည် ရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။ ကနဦး စုံစမ်းစစ်ဆေးမှုရလဒ်များကို သောကြာနေ့အထိ ထုတ်ပြန်ကြေညာနိုင်မည်မဟုတ်ဟု မျှော်လင့်ရသည်။ စုံစမ်းစစ်ဆေးမှုပြုလုပ်နေစဉ်ကာလအတွင်း ရဲတပ်ဖွဲ့ဝင် ခြောက်ဦးကို လစာပေးချေမှုရပ်ဆိုင်းထားခဲ့သည်။
ရိုက်တာ။

No comments:

Post a Comment