Wednesday, April 29, 2015

အမျိုးသားကျန်းမာရေးပြတိုက်(ရန်ကုန်)ကို နိုင်ငံတကာအဆင့်မီပြတိုက်အဖြစ် အဆင့်မြှင့်မည်




The Mirror Daily's photo.


ရန်ကုန် ဧပြီ ၂၈


စမ်းချောင်းမြို့နယ်ရှိ အမျိုးသားကျန်းမာရေးပြတိုက်(ရန်ကုန်)ကို နိုင်ငံတကာအဆင့်မီ ကျန်းမာရေးပြတိုက်အဖြစ် အဆင့်မြှင့်တင်မှုပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

''ပြတိုက်ရဲ့သက်တမ်းက ကြာမြင့်နေပြီဖြစ်တဲ့အတွက် ခေတ်နဲ့အညီ ကျန်းမာရေးအသိပညာပေးမှုတွေ လိုအပ်လာတယ်။ ဒါကြောင့် ဝန်ကြီးက ပြတိုက်ကိုအဆင့်မြှင့်တင်မှုတွေ ပြုလုပ်ဖို့ ညွှန်ကြားခဲ့တယ်။ အဆင့် မြှင့်တင်မှု ပြုလုပ်တဲ့အခါမှာလည်း ကျောင်းသားလူငယ်တွေအတွက် အဓိကထားပြီး ကျန်းမာရေးအသိ ပညာကို စိတ်ဝင်စားမှုဖြစ်လာအောင် စီစဉ်ဆောင်ရွက်သွားမှာပါ'' ဟု ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ကျန်းမာရေးဌာနစိတ်မှ ဒုတိယညွှန်ကြားရေးမှူးဒေါက်တာ လှမြသွေး ဣန္ဒာကပြောသည်။

အဆိုပါပြတိုက်ကို အဆင့်မြှင့်တင်ရန်အတွက် ယခုအခါ ပြည်တွင်းရှိ ပြတိုက်များကို လေ့လာမှုများ ပြုလုပ်လျက်ရှိသည်။ ထို့အပြင် ပြည်ပနိုင်ငံများမှ ကျန်းမာရေး ပြတိုက်များကိုလည်း လေ့လာမှု များပြုလုပ်၍ ခေတ်မီကျန်းမာရေး ပြကွက်များကို ပြည်သူများစိတ်ဝင်တစား လာရောက်ကြည့်ရှုနိုင်ရန် ထည့်သွင်းပြသသွားရန် စီစဉ်ထားကြောင်း သိရသည်။

ယင်းပြတိုက်ကို ၁၉၆၆ ခုနှစ် ဧပြီ ၇ ရက် ကမ္ဘာ့ကျန်းမာရေးနေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဟာကုတ်ဘာ့ဒ်တလာ ကျန်းမာရေးသင်တန်း ကျောင်းရှိ ပြတိုက်ပစ္စည်းများ၊ ဂျာမနီ ဒီမိုကရက်တစ်သမ္မတနိုင်ငံမှလှူဒါန်းသည့် ပစ္စည်းများအပြင် ဌာနဆိုင်ရာ အစီအစဉ်ဖြင့် စုဆောင်းထားသည့် ပစ္စည်းများဖြင့် အစပြုခဲ့သည်။ ယင်းနောက် ကျန်းမာရေးပြခန်းများ ခင်းကျင်းပြသပြီးချိန်တွင် လိုအပ်သည့် ပြကွက်များဖြည့်စွက်ခြင်း၊ အသစ်ထပ်မံပြုလုပ်ခြင်းများဖြင့် ဖြည့်စွက် ပြသခဲ့ကြောင်း သိရသည်။ (ဝ၃၇)

No comments:

Post a Comment