Wednesday, April 1, 2015

ကြေးမုံ စာတည်းရှုထောင့်

ငြိမ်းချမ်းရေးမော်ကွန်းသမိုင်းမှတ်တိုင်သစ်



တစ်နိုင်ငံလုံးမျှော်လင့်တောင့်တနေသော ငြိမ်းချမ်းရေးမျှော်လင့်ချက် ရောင်ခြည်သည် ယနေ့လင်းလက်တောက်ပလာချေပြီ။ တည်ငြိမ်အေးချမ်းမှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မည်ဖြစ်၍ ဖွံ့ဖြိုးတိုးတက်သော တိုင်းပြည်တွင် တိုင်းရင်းသားပြည်သူအားလုံး တောင်ပေါ်မြေပြန့်မကွဲပြားဘဲ တစ်သားတည်း အေးချမ်းပျော်ရွှင်စွာဖြင့် ရပ်တည်နေထိုင်နိုင်ကြမည်ဖြစ်သည်။ ထို့ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အဆင့်ဆင့်ကြိုးပမ်းဆောင်ရွက်ခဲ့ရာ အောင်မြင်မှုလမ်းကြောင်းပေါ်သို့ မတ် ၃၁ ရက်တွင် ရောက်ရှိလာခဲ့ပြီဖြစ်သည်။

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ(UPWC))နှင့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT) တို့၏ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (Nationwide Ceasefire Agreement-NCA) ချုပ်ဆိုနိုင်ရေးအတွက် (၇)ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲကို ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန၌ ကျင်းပခဲ့ရာ မတ် ၃ဝ ရက်တွင် စာချုပ်ပါအချက်အားလုံးကို သဘောတူညီမှုရရှိခဲ့ပြီး မတ် ၃၁ ရက်တွင် အတည်ပြုလက်မှတ်ရေးထိုးနိုင်ခဲ့သည်။

ငြိမ်းချမ်းရေးဖော်ဆောင်မှု သမိုင်းကြောင်းကိုပြန်ကြည့်မည်ဆိုပါက မြန်မာနိုင်ငံတွင် နှစ်ပေါင်းရှည်ကြာ ငြိမ်းချမ်းရေးနှင့် အလှမ်းဝေးခဲ့သည်။ ၂ဝ၁၁ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် နိုင်ငံတော်သမ္မတကြီးက ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များအား လမ်းညွှန်ချပြခဲ့ပြီးနောက် ပြည်သူ များအတွက် ပြုပြင်ပြောင်းလဲရေးတံခါးဖွင့်ရန် အစပြုလာခဲ့သည်။ ထိုကာလမှ စ၍ ငြိမ်းချမ်းရေးမူကြမ်းများအား အကြိမ်ကြိမ်အခါခါဆွေးနွေးခဲ့ရပြီး ယနေ့ ၂ဝ၁၅ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် အောင်မြင်မှုရရှိခဲ့သည်။ တစ်နိုင်ငံလုံး ဆိုင်ရာ အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်မူကြမ်းကို အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား သဘောတူညီမှု ရရှိခဲ့ခြင်းသည် နိုင်ငံတော်သမ္မတကြီးက ပြည်သူများအတွက် ဖွင့်လှစ်ပေးခဲ့သော ငြိမ်းချမ်းရေးမော်ကွန်းသမိုင်းမှတ်တိုင်သစ်ဟု ဆိုရမည်ဖြစ်သည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးသဘောတူစာချုပ်မူကြမ်းကို နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ၏ရှေ့မှောက်တွင် တညီတညွတ်တည်း လက်မှတ်ရေးထိုးလိုက်ခြင်းဖြင့် ငြိမ်းချမ်း ရေးမှတ်တိုင်သစ်ကို စိုက်ထူပြလိုက်သည်။ အရှေ့ကထွက်သောနေဝန်းကြီး၏ လင်းလက်သောရောင်ခြည်ကဲ့သို့ ငြိမ်းချမ်းရေးအလင်းရောင်သည် စတင်ထွက်ပြူ လာခဲ့ပြီ။ စည်းလုံးညီညွတ်သော၊ ငြိမ်းချမ်းသာယာသော၊ မျှော်လင့်ချက်ကြီးမား သော နိုင်ငံတော်သည် ကျက်သရေမင်္ဂလာအဖြာဖြာ ဝေဆာလာသည်။
ငြိမ်းချမ်းရေးသည် ပြည်သူများ၏မျှော်လင့်ချက်၊ ပြည်သူများ၏လိုလားချက်၊ ပြည်သူများ၏ဆန္ဒဖြစ်သည်။ မျှော်လင့်ချက်နှင့်စောင့်စားနေ သည့် ပြည်သူများအတွက် ငြိမ်းချမ်းရေးရရှိရန် ဆောင်ကြဉ်းပေးမည့်၊ ငြိမ်းချမ်းရေးတံခါးဖွင့်မည့်၊ ငြိမ်းချမ်းရေးသူရဲကောင်းများ ပေါ်ထွန်းလာပြီ၊ ငြိမ်းချမ်းရေးဥယျာဉ်ကြီးကို ပျိုးထောင်ပေးမည့်သူများ စုဝေးကြပြီ။ ဆက်လက်၍ နိုင်ငံရေးဆွေးနွေးပွဲများအဆင့်ဆင့်သို့ တက်လှမ်းကာ လွှတ်တော်လုပ်ငန်းစဉ်များထိတိုင် ကြိုးပမ်းဆောင်ရွက်ကြခြင်းဖြင့် ပြည်သူများမျှော်လင့်နေသော ထာဝရငြိမ်းချမ်းရေးအတွက် ခိုင်မာသော ကမ္ပည်းမော်ကွန်းကို ရေးထိုးကြမည်ဖြစ်သည်။
အပျော်အပြုံးနှင့် ဝမ်းမြောက်ခြင်းများက ပြည်သူအားလုံး၏ နှလုံးသား တွင် တည်ရှိလာသည်။ မညီညွတ်ပါဟုဆိုခဲ့ခြင်းကို ညီညွတ်ခြင်းဟူသည့် လက်မှတ်ရေးထိုးခြင်းဖြင့် ပြသနိုင်ခဲ့သည်။ ဆိုရပါလျှင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် တန်ဖိုးမဖြတ်နိုင်သောအောင်မြင်မှု(တစ်နည်း) စည်းလုံးညီညွတ်မှုကိုပြသသော''ဒုတိယပင်လုံ''အောင်ပွဲဟုဆိုရမည်ဖြစ်သည်။ 


လူသာဓု၊ နတ်သာဓု ခေါ်ဆိုနိုင်လောက်သည့် ညီညီညွတ်ညွတ် စည်းစည်းလုံးလုံးဖြင့် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သော ဤငြိမ်းချမ်းရေး အောင်မြင်မှု သမိုင်းမှတ်တိုင်သစ်မှသည် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်အတွင်းရှိ တိုင်းရင်းသားပြည်သူအားလုံးနှင့် ငြိမ်းချမ်းရေး ခေါင်းဆောင်များ အတူပူးပေါင်းလက်တွဲကာ ထာဝရငြိမ်းချမ်းရေးရသည်အထိ ဆောင်ကြဉ်းပေးနိုင်လိမ့်မည်ဟု ကြေးမုံက ယုံကြည်ပါသည်။ ။

No comments:

Post a Comment