Thursday, April 30, 2015

သစ်တောပြုန်းတီးမှု ဝ ရာခိုင်နှုန်းကျော် ဖြစ်လာနိုင်သည့် ဒေသစာရင်းတွင် မဲခေါင်ဒေသပါဝင်နေ





ရန်ကုန် ဧပြီ ၂၉

၂ဝ၃ဝ ခုနှစ်အတွင်း ကမ္ဘာ့သစ်တောပြုန်းတီးမှု ၈ဝ ရာခိုင်နှုန်းကျော် ဖြစ်လာနိုင်သည့် ဒေသကြီး ၁၁ ခုတွင် မုတ်သုံဒေသ ၁ဝ ခုတွင် ပါဝင်သော မဲခေါင်ဒေသသည် တစ်ခုအပါအဝင်ဖြစ်လာလိမ့်မည် ဖြစ်ကြောင်း WWF ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့မှ ထုတ်ပြန်ချက်တွင်ဖော်ပြ ထားသည်။
''သစ်တောပြုန်းတီးမှု ရှေ့ဆောင်ဒေသများ'' အတွင်း လက်ရှိဖြစ်ပျက် နေသည့် နှုန်းထားအတိုင်း ၂ဝ၁ဝ နှင့်၂ဝ၃ဝ ခုနှစ်အကြား သစ်တောဧရိယာ ဟက်တာပေါင်း သန်း ၁၇ဝ အထိ ဆုံးရှုံးနိုင်ကြောင်း ၎င်း၏ ရှင်သန်နေသော သစ်တောများ အစီရင်ခံစာ (Living Forests Report) တွင် ဖော်ပြထားသည်။ အဆိုပါဒေသကြီး ၁၁ ခုမှာ အမေဇုန်(Amazon)၊ အတ္တလန္တိတ်သစ်တော (Atalantic Forest) နှင့် ဂရန်ချာကို (Gran Chaco)၊ ဘော်နီယို (Borneo)၊ ဆီရာဒူ (the Cerrado)၊ ချိုကို ဒါရီယန်(Choco-Darien)၊ ကွန်ဂိုမြစ်ဝှမ်း (The Congo Basin)အရှေ့အာဖရိက၊ အရှေ့ပိုင်း သြစတြေးလျ၊ မဟာမဲခေါင်ဒေသ၊ နယူးဂီနီနှင့် ဆူမားတြားတို့ ဖြစ်ကြ သည်။ ထိုသစ်တောများတွင် ကျား၊ ငှက် တိရစ္ဆာန်များစုံလွင်စွာ ကျက်စားလျက်ရှိပြီး လူသားများကို အကျိုးပြု လျက်ရှိနေသည်။
ထို သစ်တောများကို ၂ဝ၂ဝ အတွင်း လုံးဝပြုန်းတီးမှုမရှိစေရန် ထိန်းသိမ်းမှသာလျှင် ဆိုးရွားသော ရာသီဥတု ပြောင်းလဲမှုဒဏ်ကို ကာကွယ်နိုင်မည်ဖြစ်ပြီး အလေးအနက်ဆောင်ရွက်မှုမရှိပါက ၂ဝ၅ဝ ပြည့်နှစ်တွင် တစ်ကမ္ဘာလုံးသစ်တော ပြုန်းတီးသွားမည်ဆိုပါက ကမ္ဘာ့ ရာသီဥတုကြီးမားသော ပြောင်းလဲမှုများနှင့် ကြုံတွေ့လာနိုင်ကြောင်း WWF ၏ ဆန်းစစ်ချက်များအရ ဖော်ပြထားသည်။
သစ်တောပြုန်းတီးရခြင်းများမှာ နယ်စပ်ဖြတ်ကျော် တရားမဝင် သစ်ထုတ်ခြင်းများ အပါအဝင် စိုက်ပျိုးရေးနှင့် ဆီအုန်းစိုက်ခင်းများ၊ မွေးမြူရေးလုပ်ငန်းများ အဆမတန် ချဲ့ထွင်ရန် သစ်တောများကို ရှင်းလင်းခြင်း၊ သတ္တုတူးဖော်ခြင်း၊ ရေရှည် ဖွံ့ဖြိုးရေးကို ဂရုမစိုက်ဘဲ သစ်ထုတ်ခြင်းနှင့် ထင်းခုတ်ခြင်းများ၊ ရေအား လျှပ်စစ်နှင့် အခြားသော အဆောက် အအုံဆိုင်ရာ စီမံကိန်းများအတွက် သစ်တောများအတွင်း အဖွင့်လမ်းများ ဖောက်လုပ်ခြင်းများကြောင့် တော ပြုန်းမှုများဖြစ်နိုင်ကြောင်း WWF ၏ ကမ္ဘာလုံးဆိုင်ရာ သစ်တောအစီအစဉ် ဒါရိုက်တာ Rod Taylor က ပြောသည်။
''သစ်တောတွေကို ခြိမ်းခြောက်နေ တာဟာ ကုမ္ပဏီတစ်ခု(သို့) လုပ်ငန်းတစ်ခုဆိုတာထက်ပိုပြီး တစ်ခါ တလေမှာ နိုင်ငံတွေရဲ့ နယ်စပ် ဖြတ်ကျော်ကိစ္စတွေ ဖြစ်နေပါတယ်။ ဒါကြောင့် နယ်မြေဒေသအလိုက် ရှုမြင်ပြီး အဖြေရှာရန်နှင့် လူမှုစီးပွား ပတ်ဝန်းကျင်နဲ့ သဘာဝပတ်ဝန်းကျင် တို့ရဲ့ လိုအပ်ချက်တွေ အားလုံးကို ထည့်သွင်းစဉ်းစားပြီး စုပေါင်းပါဝင်တဲ့ မြေအသုံးချမှုဆိုင်ရာ ဆုံးဖြတ်ချက် ချမှတ်မှုဖြစ်စဉ်တွေကို ဖြစ်လာဖို့ လိုပါတယ်''ဟု တေလာက ဆက်ပြောသည်။
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ တွင် ကျင်းပသည့် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာခေါင်းဆောင် များ ပါဝင်တက်ရောက်သည့် ''မုတ်သုံ ဒေသများတွင် ထိပ်သီးအစည်းအဝေး-ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့် အလမ်းတစ်ခု'' ဆွေးနွေးပွဲအခမ်း အနားတွင် ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။
အင်ဒိုနီးရှားနိုင်ငံတွင် သစ်တော များကို မြေအသုံးချမှုမူဝါဒကောင်း များဖြင့် ထိန်းသိမ်းထားသဖြင့် အစိမ်း ရောင်စီးပွားရေးစနစ် တစ်ခုစီပြောင်းလဲနိုင်မယ့် အခြေအနေ တစ်ရပ်ကို ပိုင်ဆိုင်ထားပြီဖြစ်ကြောင်း၊ အတုယူစရာပင်ဖြစ်ကြောင်းWWFဒါရိုက်တာ မာကိုလန်ပါတီက ပြောသည်။
၁၉၇၃-၂ဝဝ၉ ခုနှစ်အတွင်း မဟာမဲခေါင်ဒေသ (ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်) နိုင်ငံ များ၏ သစ်တောသုံးပုံ တစ်ပုံအထိ လျော့နည်းခဲ့ပြီး ၂ဝ၁ဝ-၂ဝ၃ဝ ကာလ ခန့်မှန်းချက်မှာ ဟတ်တာပေါင်း ၁၅ သန်းမှ သန်း ၃ဝ အထိ ထပ်မံ ဆုံးရှုံး ရနိုင်ပြီး အဓိကအားဖြင့် လယ်ယာနှင့် စိုက်ပျိုးမွေးမြူရေး နယ်ပယ်များ အဖြစ် ပြောင်းလဲခြင်း၊ ရေရှည်မကြည့် ဘဲ သစ်များထုတ်လုပ်ခြင်းတို့ကြောင့် ပြုန်းတီးမှုဖြစ်လာနိုင်ကြောင်း ရှင်သန်နေသာ သစ်တောများ အစီအရင် ခံစာကိုWWFနှင့်International Institute for Applied Systems Analysis တို့ ပူးပေါင်းဖော်ထုတ်ခဲ့ ခြင်းမှ ကိုးကားဖော်ပြအပ်ပါသည်။
(သန့်ဇင်ဝင်း)

No comments:

Post a Comment