Wednesday, April 1, 2015

ယနေ့ မြန်မာ့အလင်းအယ်ဒီတာ့အာဘော်



မျှော်လင့်ချက် ရောင်ခြည်အလင်းတန်း (သို့မဟုတ်) ငြိမ်းချမ်းရေးအတွက် သမိုင်းဝင်မည့်ပထမခြေလှမ်း


ငြိမ်းချမ်းရေးသည် ယနေ့မြန်မာပြည်သူတို့ အလိုလား အတောင့် တဆုံးသောအရာ၊ အလိုချင်ဆုံးသောဆန္ဒ ဖြစ်သည်။ ထို့ပြင် ငြိမ်းချမ်းရေးသည် မြန်မာပြည်သူတစ်ရပ်လုံး၏ မျှော်လင့်ချက် လည်းဖြစ်သည်။ ယခုတော့ ပြည်သူတို့၏ မျှော်လင့်ချက် ရောင်ခြည်အလင်းတန်းတို့ လင်းလက်တောက်ပခဲ့ပြီ။ အလင်း ရောက်သောအခါ အမှောင်သည်လည်း ပါးလျားခဲ့ရပြီဖြစ်သည်။
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန(MPC)တွင် ယမန်နေ့နံနက်ပိုင်းက ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC)နှင့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT)တို့၏ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်မူကြမ်းအား နှစ်ဖက်သဘောတူညှိနှိုင်း ပြုစု ရေးဆွဲပြီးစီးကြောင်း အတည်ပြုလက်မှတ်ရေးထိုးနိုင်ခဲ့ပြီဖြစ်ရာ ငြိမ်းချမ်းရေးပန်းတိုင်သို့ ဆက်လက်လျှောက်လှမ်းနိုင်မည့် တံခါး တစ်ချပ်ကို ဖွင့်လှစ်လိုက်ခြင်းပင်ဖြစ်သည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် မူကြမ်းရရှိရေးအတွက် UPWC နှင့် NCCT တို့အကြား ဆွေးနွေးပွဲများကို ၂ဝ၁၃ခုနှစ်၊ နိုဝင်ဘာလ ၄ရက်နေ့မှစတင်ကာ ပြည်တွင်းပြည်ပတွင် အလွတ်သဘော ၂၂ကြိမ်၊ တရားဝင် ခုနစ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ရပြီး တစ်နှစ်ကျော်ကြာ မာရသွန်ဆွေးနွေးပွဲ များအတွင်း တစ်ဖက်နှင့်တစ်ဖက် ပွင့်လင်းရိုးသားမှု၊ နားလည် စာနာမှု၊ အပြန်အလှန်လေးစားမှု၊ သည်းခံလိုက်လျောမှုတို့ဖြင့် စေ့ စပ်ညှိနှိုင်းခဲ့ကြရခြင်းဖြစ်ကြောင်းသိရသည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ်မူကြမ်းအား နှစ်ဖက်သဘောတူ ညှိနှိုင်းပြုစု ရေးဆွဲပြီးစီး ကြောင်း အတည်ပြုသည့်အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ငြိမ်းချမ်းရေးသည် ပြည်သူများ၏လိုလားချက်၊ ဆန္ဒနှင့် မျှော်လင့်ချက်ပင်ဖြစ်ပါကြောင်း၊ မျှော်လင့် ချက်များနှင့် စောင့်စားနေကြသည့်ပြည်သူများအတွက် ငြိမ်းချမ်းရေး ရရှိနိုင်ရန် ဆောင်ကြဉ်းပေးနိုင်သူများသည် မိမိတို့အားလုံးပင် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
စင်စစ်အားဖြင့် နိုင်ငံရေးကို အခြားနည်းဖြင့် အဖြေရှာရာမှ ဖြစ်ပေါ်လာခဲ့ရသည့် စစ်ပွဲများမှာ မိမိတို့နိုင်ငံတွင် ရာစုနှစ် ထက်ဝက်မက ကြာမြင့်ခဲ့ပြီဖြစ်သည်။ ထိုစစ်ပွဲများ၏ မြေစာပင် များမှာ စစ်မက်ဖြစ်ပွားရာဒေသများမှအပြစ်မဲ့ ပြည်သူများပင် ဖြစ် သည်။ ထို့ပြင် စစ်မြေပြင်တွင် လက်နက်ဆွဲကိုင် တိုက်ခိုက်ကြရသူ များမှာ နိုင်ငံ၏ အနာဂတ် တည်ဆောက်ရေးအင်အားဖြစ်လာ ရမည့် လူငယ်များဖြစ်သည်။ တက်ဘလက်ကိုင်ကာ ပညာသင်လိုသူ တောတွင်း လက်နက်ကိုင် လူငယ်တစ်ဦး၏ ဆန္ဒကို နိုင်ငံတော်သမ္မတ ကိုယ်တိုင် ကြင်နာမှု၊ စာနာမှုတို့ဖြင့် တစ်ခါက ထောက်ပြခဲ့ဖူးသည်။ ယခုတော့ ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်အလင်းတန်းတို့ တောက်ပလာခဲ့ပြီဖြစ်သည်။ နိုင်ငံရေးကို နိုင်ငံရေး နည်းလမ်းဖြင့် စားပွဲဝိုင်းတွင် ဆွေးနွေးညှိနှိုင်းအဖြေရှာရန် တံခါးပွင့်ခဲ့ပြီဖြစ်သည်။
မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးဖြစ်စဉ်တွင် နေရာအသီးသီးမှ ပါဝင်ခွင့်ရရှိနေကြသူများမှာ အနာဂတ်မြန်မာ့သမိုင်းကို လှပစွာ ကမ္ပည်းရေးထိုးပေးသူများအဖြစ် မှတ်တမ်းကျန်ရှိမည့်သူများ ဖြစ်သည်။ အောက်ခြေအထောက်အကူပြုဝန်ထမ်းမှစ၍ အဆုံးအဖြတ် ပေးသည့် ခေါင်းဆောင်များအားလုံး အထိ မြန်မာ့ငြိမ်းချမ်းရေး၏ သူရဲကောင်းများဖြစ်ကြသည်။ ပြည်သူတစ်ရပ်လုံး လိုလား တောင့်တသည့် ထာဝရငြိမ်းချမ်းရေးကို သူရဲကောင်းတို့၏နှလုံးသားဖြင့် ရယူဆောင်ကြဉ်းပေးနိုင်ကြပါစေကြောင်း မြန်မာ့ အလင်းက ဆုမွန်တောင်းကာ ဆန္ဒပြုအပ်ပါသည်။ ။

No comments:

Post a Comment