Thursday, April 30, 2015

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်အဖွဲ့ယူနန်ပြည်နယ် ကွန်မြူနစ်ပါတီ အတွင်းရေးမှူးမစ္စတာ လီကျိဟန်နှင့် တွေ့ဆုံ


 
ကူမင်း ဧပြီ ၂၉


ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း နှင့်အဖွဲ့သည် တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာ ဆက်ဆံရေးဌာန ဒုတိယ ဝန်ကြီး Mr. Chen Fengxiang၊ ယူနန်ပြည်နယ် နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် မဒမ် ကျိုးဟုန်တို့နှင့်အတူ ဧပြီ ၂၈ ရက် နံနက်ပိုင်းတွင် ချိန်ကုန့်မြို့သစ်ရှိ လူမှုဝန်ထမ်းနှင့် အလုပ်အကိုင်ရှာဖွေရေးဌာနသို့သွား ရောက် ကြည့်ရှုလေ့လာကြသည်။

ထိုမှတစ်ဆင့် စိုက်ပျိုးရေးဆိုင်ရာ ယဉ်ကျေးမှုပြတိုက်ကို ကြည့်ရှုလေ့လာ ကြသည်။
ယင်းနောက် CHENNONG စိုက်ပျိုးရေးလုပ်ငန်းစုသို့ရောက်ရှိရာ ကုမ္ပဏီအုပ်ချုပ်မှုဒါရိုက်တာ မစ္စတာလီယွင်စစ်က စိုက်ပျိုးသီးနှံများထုတ်လုပ် ဖြန့်ဖြူးတင်ပို့မှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီးကိုယ်စားလှယ်အဖွဲ့သည် CHENNONG စိုက်ပျိုးရေးလုပ်ငန်းစု၏ ဇီဝနည်းပညာစိုက်ပျိုးရေးပြခန်းအား လှည့်လည်ကြည့်ရှုလေ့လာသည်။ ထို့နောက် ယူနန်တိုင်းရင်းသားကျေးရွာကို သွားရောက်ကြည့်ရှုလေ့လာပြီး မူဆိုးတိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့၏ ကပြဖျော်ဖြေမှုအား ကြည့်ရှုအားပေးသည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယကသည် ယူနန်ပြည်နယ် ကွန်မြူနစ်ပါတီ အတွင်းရေးမှူး မစ္စတာ လီကျိဟန်နှင့်ဒေသစံတော်ချိန် ည ၆ နာရီခွဲတွင် ကူမင်းမြို့ရှိ ခေတ္တတည်းခိုသည့်KAIWAH PLAZA ဟိုတယ်၌ တွေ့ဆုံသည်။

တွေ့ဆုံပွဲအပြီးတွင် ကိုယ်စားလှယ်အဖွဲ့အား ယူနန်ပြည်နယ် ကွန်မြူနစ် ပါတီအတွင်းရေးမှူး မစ္စတာ လီကျိဟန်က ညစာစားပွဲဖြင့်တည်ခင်းဧည့်ခံသည်။

(သတင်းစဉ်)

No comments:

Post a Comment