Thursday, April 2, 2015

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်


ငြိမ်းချမ်းရေးသည်အဓိက

တိုင်းပြည်တစ်ခုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် တည်ငြိမ်အေးချမ်းမှုသည် အဓိက အကြောင်းအရင်းတစ်ခုဖြစ်ပါသည်။ တိုင်းပြည်အေးချမ်းသာယာပါမှ ဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ်ပါသည်။ ငြိမ်းချမ်းရေးအရသာသည်ကား အေးမြလှပေစွ။ သို့သော် ငြိမ်းချမ်း ရေးရရှိအောင် ကြိုးပမ်းအားထုတ်ရာတွင် အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်ကြရသည်။ အပြန်အလှန်နားလည်မှု၊ စိတ်ရှည်သည်းခံမှု၊ ပေါင်းစည်းမှု၊ စည်းလုံးညီညွတ်မှုဟူသော တူညီသောအခြေခံ အကြောင်းတရားများဖြင့်သာ ငြိမ်းချမ်းရေးကိုအရယူနိုင်မည် ဖြစ်ပါသည်။
ယခုအခါ ကျွန်ုပ်တို့နိုင်ငံသည် ပြည်သူတစ်ရပ်လုံး မျှော်လင့်တောင့်တနေသည့် ပြည်တွင်းငြိမ်းချမ်းရေးသည် အကောင်အထည် ပေါ်လာနေပြီဖြစ်ပါသည်။ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင် ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့၏ ကြိုးပမ်းအားထုတ်မှုကြောင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် မူကြမ်းအား နှစ်ဖက်သဘောတူ ညှိနှိုင်းပြုစုရေးဆွဲပြီးစီးခဲ့ပြီဖြစ်ပါသည်။ ဤအခြေအနေသည် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ်ကို လက်မှတ်ရေးထိုးနိုင်တော့မည့် အနေအထားဖြစ်ပါသည်။ နှစ်ဖက်စလုံးက သဘောတူညီချက်မူကြမ်းအား လက်မှတ်ရေးထိုး နိုင်တော့မည့် အနေအထားဖြစ်ပါသည်။ အားလုံးအသင့်ဖြစ်နေကြ ပြီဖြစ်ပါသည်။ ယခုဧပြီလအတွင်း အပြီးသတ်လက်မှတ်ရေးထိုးနိုင် ရန် အားလုံးကမျှော်လင့်ထားကြပါသည်။ မျှော်လင့်ထားသည့် အတိုင်း အမြန်ဆုံးအကောင်အထည်ပေါ်လာရန်လည်း ပြည်သူတစ်ရပ် လုံးက လိုလားတောင့်တလျက်ရှိနေကြပါသည်။ မျှော်လင့်ချက် အလင်းတန်းများ တောက်ပလာပြီဖြစ်ပါသည်။
ထို့ကြောင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် မူကြမ်းအားနှစ်ဖက်သဘောတူ ညှိနှိုင်းပြုစုရေးဆွဲပြီးစီးကြောင်း အတည်ပြု အခမ်းအနားတွင် ငြိမ်းချမ်းရေးသည် ပြည်သူတို့၏လိုလားချက်၊ ဆန္ဒနှင့်မျှော်လင့် ချက်ပင်ဖြစ်ပါကြောင်း၊ မျှော်လင့်ချက်များနှင့် စောင့်စားနေကြသည့် ပြည်သူများအတွက် ငြိမ်းချမ်းရေးရရှိရန် ဆောင်ကြဉ်းပေးနိုင်သူများ သည် မိမိတို့အားလုံးပင်ဖြစ်ပါကြောင်း စသည်ဖြင့်ပြောကြားခဲ့ ပါသည်။
အမှန်စင်စစ် ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်ပေးနိုင်ကြ သူများသည် ငြိမ်းချမ်းရေးသူရဲကောင်းများပင် ဖြစ်ပါသည်။ နှစ်ပေါင်း ၆ဝ ကျော်ကြာ ပစ်ခတ်တိုက်ခိုက်မှုများအဆုံးသတ်နိုင်အောင် ကြိုးပမ်းအားထုတ်ကြသူများသည် ငြိမ်းချမ်းရေးဆန္ဒပြင်းပြနေသည့် ပြည်သူတစ်ရပ်လုံးအတွက် သူရဲကောင်းများပင်ဖြစ်ပါသည်။ တစ်နည်းအားဖြင့် ငြိမ်းချမ်းရေးတည်ဆောက်လာနိုင်ခြင်းသည် တိုးတက်မှုအားလုံး၏ လမ်းစပင်ဖြစ်ပါသည်။ ငြိမ်းချမ်းရေးအတွက် သမိုင်းဝင်မည့် ပထမဆုံးခြေလှမ်းကို လှမ်းနိုင်ခဲ့ခြင်းဖြစ်ပါသည်။
သို့ပါ၍ တစ်နိုင်ငံလုံးတည်ငြိမ်အေးချမ်းရေးသည် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်ကို အမြန်ဆုံး လက်မှတ်ရေးထိုးသွားနိုင်ရန် အထူးလိုအပ်လှပေသည်။ ထိုမှတစ်ဆင့် နိုင်ငံရေးဆွေးနွေးပွဲများဆီသို့ တက်လှမ်းနိုင်မည်ဖြစ်ပါသည်။ နိုင်ငံရေးဆွေးနွေးပွဲများအထိ တက်လှမ်းလာနိုင်သည်နှင့်အမျှ တည်ငြိမ်အေးချမ်းမှုများ ရရှိလာမည်ဖြစ်ပါသည်။ထို့ကြောင့် ဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးဆီသို့ တက်လှမ်းကြရာတွင် ငြိမ်းချမ်းရေးသည် အဓိက၊ ငြိမ်းချမ်းရေးသည် ပထမဟု ဆိုရမည်သာ ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment