Thursday, April 2, 2015

မြန်မာနိုင်ငံတွင် အားလုံးပါဝင်နိုင်သော ငွေကြေးကဏ္ဍတည်ဆောက်ရေး လမ်းပြမြေပုံစတင်ခြင်း အခမ်းအနားကျင်းပ

'မြန်မာနိုင်ငံတွင် အားလုံးပါဝင်နိုင်သော ငွေကြေးကဏ္ဍတည်ဆောက်ရေး
လမ်းပြမြေပုံစတင်ခြင်း အခမ်းအနားကျင်းပ
=============================================

နေပြည်တော်    ဧပြီ    ၁

မြန်မာနိုင်ငံတွင် အားလုံးပါဝင်နိုင်သောငွေကြေးကဏ္ဍတည်ဆောက်ရေး အတွက် တာဝန်ယူမှုရှိပြီး နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီသော၊ အရည် အသွေးပြည့်ဝသော ငွေကြေးဝန်ဆောင်မှုကို ၂ဝ၁၄ ခုနှစ်တွင် နိုင်ငံအတွင်း အရွယ်ရောက်ပြီးသူဦးရေ၏   ၃ဝ ရာခိုင်နှုန်းသုံးစွဲရာမှ ၂ဝ၂ဝ ခုနှစ်တွင် ၄ဝ ရာခိုင်နှုန်းအထိတိုးတက်သုံးစွဲရေး၊ ငွေကြေးဝန်ဆောင်မှုတစ်ခုထက်   ပိုမို သုံးစွဲသူဦးရေ၏ ၆ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ တိုးတက်ရရှိရေးစသည့် ရည်ရွယ်ချက်များဖြင့်  မြန်မာနိုင်ငံတွင်   အားလုံးပါဝင်နိုင်သော ငွေကြေးကဏ္ဍ တည်ဆောက်ရေးလမ်းပြမြေပုံစတင်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁(MICC-I)  ၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက မိမိတို့နှစ်နိုင်ငံခေါင်းဆောင်များ   ဆက်ဆံရေးကောင်းမွန်သည် နှင့်အမျှ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများကိုလည်း    လုပ်ဆောင်သွားကြရ မည်ဖြစ်ပါကြောင်း၊ ထိုသို့   ပူးပေါင်းဆောင်ရွက်ရာတွင်  ဘဏ္ဍာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းသည် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ရရှိနိုင်ပါကြောင်း။
မြန်မာနိုင်ငံတွင် အားလုံးပါဝင်နိုင်သောငွေကြေးကဏ္ဍတည်ဆောက်ရေး အတွက် အရေးကြီးသောခြေလှမ်းတစ်ရပ်မှာအာဆီယံနိုင်ငံများ၏ ဘဏ္ဍာ ရေးဆိုင်ရာ  ပါဝင်ဆောင်ရွက်နိုင်မှုကွန်ဖရင့်ကို   ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ် တွင် ၂ဝ၁၄  ခုနှစ် အောက်တိုဘာ ၂၉ နှင့် ၃ဝ ရက်များတွင် ကျင်းပနိုင်ခဲ့ပါ ကြောင်း၊ အဆိုပါ ကွန်ဖရင့်မှ    ရန်ကုန်ရလဒ်ကိုထုတ်ပြန်ဆောင်ရွက်ခဲ့ပြီး အားလုံးပါဝင်ဆောင်ရွက်နိုင်သောငွေကြေးကဏ္ဍသည် အဆင့်အမျိုးမျိုးအတွက် အကျိုးကျေးဇူးများရရှိနိုင်သည်ကို သဘောတူညီခဲ့ပါကြောင်း။

ထို့သို့ ဘဏ္ဍာရေးဆိုင်ရာပါဝင်ဆောင်ရွက်နိုင်မှု တိုးတက်လာမှုအခြေအနေ များသည် မိမိတို့နိုင်ငံအတွက် များစွာအကျိုးကျေးဇူးရှိပါကြောင်း၊ ဘဏ္ဍာရေး ကဏ္ဍသည် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိပြီးအားလုံးပါဝင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်းဖြင့်  ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြား သည်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် နယ်သာလန်နိုင်ငံ ဘုရင့်မိဖုရားမက်ဆီမာက မြန်မာနိုင်ငံတွင် အားလုံးပါဝင်နိုင်သောငွေကြေးကဏ္ဍ တည်ဆောက်ရေးလမ်းပြမြေပုံ  စတင်ဆောင်ရွက်နိုင်မှုနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ ၏   တိုးတက်လာသောအခြေအနေများကိုမိမိအနေဖြင့်   လေ့လာတွေ့ရှိရပါ ကြောင်း၊ ယနေ့သည်   မြန်မာနိုင်ငံတွင် အားလုံးပါဝင်နိုင်သော  ငွေကြေးကဏ္ဍ တည်ဆောက်ရေးလမ်းပြမြေပုံ စတင်ဆောင်ရွက်နိုင်သည့်နေ့ဖြစ်သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း။
ငွေကြေးကဏ္ဍတည်ဆောက်ရေး    လမ်းပြမြေပုံဆောင်ရွက်နိုင်ရေး အတွက် ခိုင်မာသောကတိကဝတ်များဖြင့် ဆောင်ရွက်လျက်ရှိသည်ကိုတွေ့ရှိရ ပါကြောင်း၊   ထိုသို့  ဆောင်ရွက်နိုင်ရန် ဘဏ္ဍာရေးဆိုင်ရာအဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးပါကြောင်း၊ ထို့သို့ ပူးပေါင်းဆောင်ရွက်ခြင်း သည် တိုင်းပြည်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကို  များစွာအထောက်အကူ ပြုနိုင်ပြီး ပြည်သူများအတွက်လည်း   အကျိုးကျေးဇူးများရရှိခံစားရစေမည် ဖြစ်ပါကြောင်း၊ အစိုးရအနေဖြင့်လည်း မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း ကာဆောင်ရွက်သွားမည်ဟုသိရှိရပါကြောင်း၊ ထို့ပြင် ဦးဆောင်ကော်မတီဖွဲ့စည်း ရန် ဆောက်ရွက်လျက်ရှိသည်ဟုလည်း သိရှိရပါကြောင်းဖြင့် ပြောကြားသည်။

ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဒေါက်တာမောင်မောင်သိမ်းကလည်းမြန်မာနိုင်ငံတွင် အားလုံးပါဝင်နိုင်သောငွေကြေးကဏ္ဍတည်ဆောက်ရေး လမ်းပြမြေပုံ စတင်ဆောင်ရွက်ခြင်းအခြေအနေအပေါ်  ယခုလမ်းပြမြေပုံ ဆောင်ရွက်ရာ၌ အခြေခံအုတ်မြစ်နှစ်ခုဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယင်းအခြေခံအုတ်မြစ်နှစ်ခုမှာ ဘဏ္ဍာရေးကဏ္ဍ ခိုင်မာစေရန် တည်ဆောက်ခြင်း နှင့် ဦးစားပေးကဏ္ဍများကို ဆောင်ရွက်ခြင်းတို့ဖြစ်ပါကြောင်း။

ထို့ပြင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊  နွမ်းပါးသည့်  အိမ်ထောင်စုများကို  ကူညီ ထောက်ပံ့ခြင်းများအပြင်    ငွေကြေးဆိုင်ရာပညာပေးလုပ်ငန်းများကိုလည်း လုပ်ဆောင်သွားရမည် ဖြစ်ပါကြောင်း၊   ငွေကြေးဆိုင်ရာလုပ်ငန်းများ   လုပ် ဆောင်နိုင်ရန်အတွက် ကျယ်ပြန့်သော လေ့လာဆန်းစစ်မှုများကိုလုပ်ဆောင် ခဲ့ပါကြောင်းနှင့် မြန်မာနိုင်ငံတွင် အားလုံးပါဝင်နိုင်သော ငွေကြေးကဏ္ဍတည် ဆောက်ရေးလမ်းပြမြေပုံစတင်ခြင်းကို      တရားဝင်ဖွင့်လှစ်ပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် UNRC မှ UN Resident Coordinator ဖြစ်သူ Ms. Renata Lok. Dessallien က ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန်က အခမ်းအနား ပိတ်ပွဲ အမှာစကားပြောကြားရာတွင်  မြန်မာနိုင်ငံတွင် အားလုံးပါဝင်နိုင်သော ငွေကြေးကဏ္ဍတည်ဆောက်ရေးအတွက် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့်UNDP-UNCDFတို့ ပူးပေါင်းဆောင်ရွက်သော UNDP ပုံမှန်နိုင်ငံဆိုင်ရာအကောင် အထည်ဖော်မှုအစီအစဉ်ဖြင့် Making Access to Finance Possible(MAP)စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါကြောင်း၊MAP  စီမံကိန်း၏ ရည်ရွယ်ချက်မှာ   အားလုံးပါဝင်နိုင်သော     ငွေကြေးကဏ္ဍတည်ဆောက်ရေး       လမ်းပြမြေပုံအကောင်အထည်ဖော်ရေးအတွက် ခိုင်မာ၍ အထောက်အထားကို အခြေပြုသော လေ့လာဖော်ထုတ်မှုများ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း။
ငွေကြေးဆိုင်ရာပါဝင်ဆောင်ရွက်နိုင်မှုသည် ဘဏ်နှင့် တရားဝင်ငွေကြေး ဝန်ဆောင်မှုမှ ကင်းလွတ်နေသောဝင်ငွေနည်းအိမ်ထောင်စုများ၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို ငွေကြေးဝန်ဆောင်မှု လက်လှမ်းမီရေးတို့ကို တိုးတက်စေကြောင်း၊ ထို့ပြင် ငွေကြေးဆိုင်ရာပါဝင်ဆောင်ရွက်နိုင်မှု တိုးတက် ခြင်းသည် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်စေသည့်အပြင် ဝင်ငွေနည်းမိသားစု အနေဖြင့် ပညာရေးနှင့် ကျွမ်းကျင်မှု ပညာရပ်များ၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ချေးငွေနှင့် စုငွေဝန်ဆောင်မှုများအသုံးပြု၍ ပိုမိုရင်းနှီးမြှုပ်နှံ နိုင်မည့်အပြင် စွန့်စားမှု အန္တရာယ်များကိုလည်းလျှော့ချနိုင်ပါကြောင်း။
ငွေကြေးဆိုင်ရာပါဝင်ဆောင်ရွက်နိုင်မှု  လမ်းပြမြေပုံတွင် အဖွဲ့အစည်း ဆိုင်ရာတည်ဆောက်ခြင်း၊ ဈေးကွက်တည်ဆောက်ခြင်း၊  စိုက်ပျိုးရေးကဏ္ဍ ငွေကြေးဝန်ဆောင်မှုပေးခြင်း၊ အငယ်စား၊   အသေးစားနှင့်  အလတ်စားစီးပွား ရေးလုပ်ငန်းများကို ငွေကြေးဝန်ဆောင်မှုပေးခြင်းနှင့် ဝင်ငွေနည်း ပြည်သူများကို ငွေကြေးဝန်ဆောင်မှုပေးခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းဖြင့် ပြော ကြားခဲ့သည်။
ထို့နောက် အခမ်းအနားကိုတက်ရောက်လာကြသူများသည် စုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် နယ်သာလန်နိုင်ငံ ဘုရင့်မိဖုရားမက်ဆီမာသည် မြန်မာနိုင်ငံတွင် အားလုံးပါဝင်နိုင်သောငွေကြေး ကဏ္ဍတည်ဆောက်ရေးလမ်းပြမြေပုံစတင်ခြင်း  အခမ်းအနားကျင်းပပြီးနောက် သတင်းမီဒီယာများနှင့်တွေ့ဆုံကာ သတင်းမီဒီယာများ၏ သိရှိလိုသည်များကို ဖြေကြားခဲ့ကြောင်း သိရသည်။                                

 (သတင်းစဉ်)' 

(သတင်းစဉ်)

No comments:

Post a Comment