Wednesday, April 29, 2015

မဟာချိုင်မြို့ အသားလုံးအလုပ်ရုံမှ အလုပ်လုပ်ပြီးပြန်လာကြသည့် မြန်မာအလုပ်သမားများ၏ ယာဉ်တိမ်းမှောက်၍ ကိုးဦးသေဆုံး







မဟာချိုင် ဧပြီ ၂၈

ထိုင်းနိုင်ငံ မဟာချိုင်မြို့တွင် ဧပြီ ၂၇ ရက် ညပိုင်းက မြန်မာအလုပ် သမားများ လိုက်ပါစီးနင်းလာကြသော ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ (Myanmar Association in Thailand) မှ ဆက်သွယ်ပြောချက် အရ သိရသည်။

ဖြစ်စဉ်မှာ ထိုင်းနိုင်ငံ မဟာချိုင် မြို့ရှိ ထပ်ကျင်တံတားအောက် ယာဉ် ကွေ့သည့်နေရာ၌ ဧပြီ ၂၇ ရက် ဒေသစံတော်ချိန် ည ၈ နာရီဝန်းကျင် က အသားလုံးအလုပ်ရုံမှ အလုပ်လုပ် ပြီး ပြန်လာကြသည့် မြန်မာအလုပ် သမားမောင်းနှင်ပြီး မြန်မာ၂ဝ လိုက်ပါစီးနင်းလာကြသည့် ယာဉ် သည် အဆိုပါနေရာအရောက် အရှိန် မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွား ခဲ့သဖြင့် မြန်မာအလုပ်သမား ရှစ်ဦး သေဆုံးခဲ့ကြောင်း မဟာချိုင် ရုပ်သံလိုင်းက ကနဦး ထုတ်လွှင့်ခဲ့ သည်။

လက်ရှိ မြို့တော်ဗန်ကောက်ရှိ မြန်မာသံရုံး အလုပ်သမားကူညီစောင့် ရှောက်ရေးကော်မတီဝင် MAT အဖွဲ့မှ မဟာချိုင်တာဝန်ခံနှင့် အတွင်း ရေးမှူးတို့သည် ကျန်ရစ်သူမြန်မာ အလုပ်သမားများ၏ မိသားစုများ အတွက် လိုအပ်သည့်အကူအညီများ ဆောင်ရွက်ပေးနိုင်ရန် မဟာချိုင် မြို့ရှိ စမွတ်ဆာခွန်ဆေးရုံကြီးသို့ ရောက်ရှိနေကြောင်း သိရသည်။ အနီးအနားရှိ မြန်မာအလုပ်သမားများ ၏ပြောကြားချက်နှင့်MAT အဖွဲ့၏ စုံစမ်းချက်အရ ယာဉ်တိမ်းမှောက်မှု ကြောင့် စုစုပေါင်းမြန်မာအလုပ်သမား ကိုးဦးသေဆုံးခဲ့သည်ဟု သတင်းရရှိ ခဲ့သည်။

ကနဦး သတင်းအရ ယာဉ်တိမ်း မှောက်မှုကြောင့် အခင်းဖြစ်နေရာ၌ သေဆုံးသူများမှာ အမျိုးသား လေးဦး၊ အမျိုးသမီးနှစ်ဦး၊ မဟာချိုင် ဆေးရုံကြီးသို့ရောက်ရှိပြီး သေဆုံးသူ အမျိုးသမီးတစ်ဦး၊ ဧကချိုင်ဆေးရုံကြီး သို့ရောက်ရှိပြီး သေဆုံးသူအမျိုးသား တစ်ဦးနှင့် ကျန်သေဆုံးအလောင်း တစ်လောင်းမှာ ပျောက်ဆုံးနေ ကြောင်းသိရပြီး မဟာချိုင်ဆေးရုံ ကြီး၌ အမျိုးသားလေးဦးအား လည်းကောင်း၊ ဧကချိုင်ဆေးရုံကြီး၌ အမျိုးသမီးတစ်ဦးအားလည်းကောင်း အသီးသီး အရေးပေါ်တင်ပို့ကုသခဲ့ ရကြောင်း ဆိုထားသည်။

ဧပြီ ၂၈ ရက် နံနက်ပိုင်းကMAT အဖွဲ့၏ ထပ်မံသတင်းပေးပို့ ချက်အရ ယာဉ်ပေါ်၌ မြန်မာ အလုပ် သမား ၂၃ ဦးလိုက်ပါ စီးနင်း လာကြကြောင်း၊ ယာဉ်တိမ်းမှောက်မှု ကြောင့် အမျိုးသားခြောက်ဦး၊ အမျိုးသမီးသုံးဦး သေဆုံးခဲ့ရကြောင်း နှင့် ထိခိုက်ဒဏ်ရာရသူများစာရင်းအရ စမွတ်ဆာခွန်ဆေးရုံကြီး လေးထပ်ရှိ အရေးပေါ်ခန်း၌ အမျိုးသမီးသုံးဦး၊ စမွတ်ဆာခွန်ဆေးရုံကြီး ငါးထပ်၌ အမျိုးသားနှစ်ဦး၊ ဆေးစစ်ချက်ခံယူနေ ရဆဲ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီး တစ်ဦး၊ ဧကချိုင်ဆေးရုံကြီး၌ အမျိုး သမီးတစ်ဦး (အရေးပေါ်ကုသနေရ)၊ မဟာချိုင်ဆေးရုံကြီး၌ အမျိုးသား တစ်ဦး(အရေးပေါ်ကုသနေရ)ကြောင်း သိရကာ သေဆုံးအလောင်းနှင့်တကွ လူနာပါပျောက်ဆုံးနေသည့် အရေ အတွက်မှာ ငါးဦးရှိနေကြောင်း ထပ်မံ သိရသည်။

သေဆုံးအလောင်းနှင့်တကွ လူနာပါပျောက်ဆုံးနေသည့် အကြောင်း အရာနှင့်စပ်လျဉ်း၍ MAT အဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုစောမောင် က ''ထိုင်းနိုင်ငံမှာက ဒီလိုဓလေ့ရှိ ပါတယ်။ ဥပမာ အခင်းတစ်ခုဖြစ်ပြီ ဆိုရင် ဆေးရုံပေါင်းစုံမှာ လူနာတင် ယာဉ်တွေက အကုန်ရှိနေကြတာဆို တော့ တစ်ခုခုဖြစ်တာနဲ့ ဆေးရုံ ပေါင်းစုံက လူနာတင်ယာဉ်တွေ အကုန်ရောက်လာပြီး လူနာတွေကို လူနာတင်ယာဉ်တွေနဲ့ ဆေးရုံကို ယူသွားကြပါတယ်။ အဲဒီတော့ လူနာ ရှင်တွေက သူတို့လူနာ ဘယ်ဆေးရုံပါ သွားတယ်ဆိုတာ ပြီးမှလိုက်ရတယ်။ ဒီနိုင်ငံမှာဆို လူနာတင်ယာဉ်တွေကတစ်စီးနှင့်တစ်စီး အပြိုင်အဆိုင်ပါပဲ။ သေဆုံးအလောင်းကို သူ့ထက်ငါ လိုက်လုကောက်ကြလို့ ရန်တောင်ဖြစ် ကြတာလေ။ ဒါကို သေဆုံးအလောင်း နှင့်တကွ လူနာပါ ပျောက်ဆုံးဆိုပြီး ဆိုလိုတာပါ။ ဒီယာဉ်မောင်းကလည်း နဂိုကတည်းက ကားမောင်းကြမ်းတယ် လို့ စုံစမ်းသိရပါတယ်။ လက်ရှိကြားရ တဲ့ သတင်းအရတော့ အခင်းဖြစ်နေရာ သေဆုံးသူအားလုံးကို ဗန်ကောက်မြို့ က ရဲဆေးရုံကိုပို့လိုက်ပြီး ဆေးစစ်ချက် ယူနေတယ်လို့ သိရပါတယ်''ဟု ရှင်းပြသည်။

အခင်းဖြစ် ယာဉ်တိမ်းမှောက်စဉ် က သေဆုံးသူများကို မြို့တော် ဗန်ကောက်ရှိ ရဲဆေးရုံ၌ ပို့ဆောင် ဆေးစစ်ချက်ရယူနေသဖြင့် MAT အဖွဲ့သားများက သေဆုံးသူများ၏ စာရင်းအား ထပ်မံစုံစမ်းသွားမည် ဖြစ်ကြောင်းနှင့် ယာဉ်မောင်း မြန်မာ အလုပ်သမား ညီဇော်(၃၂နှစ်) အား မဟာချိုင်မြို့မရဲစခန်းက ဖမ်းဆီး အရေးယူထားကြောင်း စုံစမ်းသိရ သည်။ စိုးဝင်း(SP)

No comments:

Post a Comment