Friday, April 3, 2015

ဆိုင်ဘာစီးတီးတစ်ခု အကောင်အထည်ပေါ်လာရန် လိုအပ်သည့်ကူညီပံ့ပိုးမှုများကို အစွမ်းကုန်ဆောင်ရွက်ပေးသွားမည်





 နေပြည်တော် ဧပြီ ၂


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတဒေါက်တာ စိုင်းမောက်ခမ်းသည် ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန အမှတ်(၂)၌ကျင်းပသည့် Myanmar Software Showcase 2015 ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြားသည်။
ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက မြန်မာနိုင်ငံမှ စွန့်ဦးတီထွင် လူငယ်လေးများ၏ တီထွင်ဖန်တီးမှုများနှင့်ICT ကုမ္ပဏီများ၏ ထုတ်ကုန်Software များကို ခင်းကျင်းပြသထားသည့် Myanmar Software Showcase 2015 သည် မြန်မာနိုင်ငံ၏IT Industry ဖွံ့ဖြိုးမှုကို အရှိန် အဟုန်ဖြင့် ရွေ့လျားနိုင်စေရန် စတင်တွန်းအားပေးလိုက်သည့် အခမ်းအနား ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံကွန်ပျူတာပညာ ဖွံ့ဖြိုးရေးကောင်စီ၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်နှင့် အသင်းများ၏ စုစည်းကြိုးပမ်းမှုပြယုဂ်လည်း ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံကို တိုးတက်ဖွံ့ဖြိုးသည့်နိုင်ငံများနှင့်အမီလိုက်နိုင်ရန် လုပ်ဆောင်ကြရာတွင်ICT ပညာကို ထိရောက်စွာ အသုံးပြုနိုင်ရန် လိုအပ် ပါကြောင်း၊ ကမ္ဘာပေါ်တွင် တိုးတက်သည့်နိုင်ငံအားလုံးတွင် သတင်း အချက်အလက်နှင့် နည်းပညာကဏ္ဍက ထိပ်ဆုံးတွင်ရှိနေပြီး ITU မှထုတ်ပြန် သည့် အချက်အလက်များအရTelecommunication နှင့်ICT Industry ဖွံ့ဖြိုးတိုးတက်မှုသည် စီးပွားရေးတိုးတက်စေရန်၊ ဂျီဒီပီတိုးတက်စေရန်များစွာ အထောက်အကူပေးနိုင်ပြီးBroadband penetration 10 ရာခိုင်နှုန်း တိုးတက်မှုသည်GDP per Capital ကို သုည ဒသမ ၉ ရာခိုင်နှုန်းနှင့် ၁ ဒသမ ၅ ရာခိုင်နှုန်းအထိ တိုးတက်စေသည်ဟုလည်း သိရှိရပါကြောင်း။
ကမ္ဘာ့ဘဏ်၏ တိုင်းပြည် ၁၂ဝ အပေါ် သုတေသနပြုချက်များအရ Mobile penetration ၁ဝ ရာခိုင်နှုန်း တိုးတက်လာတိုင်း ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးမှုကို သုည ဒသမ ၈ ရာခိုင်နှုန်းတိုးတက်စေပြီး ဖွံ့ဖြိုးပြီးနိုင်ငံ များတွင် သုည ဒသမ ၆ဝ ရာခိုင်နှုန်းတိုးတက်လာစေသည်ဟု သိရှိရပါကြောင်း၊ ထို့ကြောင့်ICT ကို အသုံးမချနိုင်လျှင် နိုင်ငံ၏လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု ကို မရနိုင်ကြောင်းကို လက်ခံလာကြပြီဖြစ်ပါကြောင်း။
ICTကို အစိုးရဌာနများတွင် အသုံးချမှု၊ စီးပွားရေးလုပ်ငန်းများတွင် အသုံးချမှုနှင့် နိုင်ငံသားများမှ အသုံးချမှု သုံးပိုင်းခွဲခြားနိုင်ပါကြောင်း၊ ယင်း ကဏ္ဍသုံးခုတွင်ICT အသုံးပြုခြင်းအားဖြင့် ဟန်ချက်ညီညီဖြင့် ဖွံ့ဖြိုးတိုးတက် နိုင်မည်ဖြစ်ပါကြောင်း။
သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော စီမံခန့်ခွဲမှုနှင့် ပွင့်လင်းမြင်သာမှုတို့ ရရှိစေရန်အတွက်ICT မဖြစ်မနေအသုံးပြုရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် အစိုးရအသုံးစရိတ်များကိုICT Industry တစ်ခု ဖွံ့ဖြိုးတိုးတက်လာခြင်းအားဖြင့် လူငယ်လူရွယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေမှာဖြစ်ပါ ကြောင်း။
စီးပွားရေးလုပ်ငန်းများမှ အထိုက်အလျောက်ICTအသုံးချမှုရှိနေပြီး အထူးသဖြင့် ဘဏ်လုပ်ငန်း၊ အာမခံလုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ ကုန်တိုက်ကြီးများ၊ ဆေးရုံများတွင်ICT အသုံးပြုမှု ပိုမိုများပြားလာသည်ကို တွေ့ရပါကြောင်း၊ ကျန်သည့်လုပ်ငန်းများတွင်လည်း ICT အသုံးချမှု ယခုထက် ပိုမိုတိုးတက်လာစေရေး မြှင့်တင်ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း။
နိုင်ငံသားများ၏ICT အသုံးချမှုအပိုင်းတွင် နိုင်ငံသားတစ်ဦးချင်းစီ၏ICTအသုံးချမှု၊ICTပညာတတ်မြောက်မှုများကို မြှင့်တင်ဆောင်ရွက်သွားခြင်း အားဖြင့် ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေးလုပ်ငန်းများတွင် ငွေကြေး နှင့်အချိန်ကို သက်သက်သာသာနှင့် ဆောင်ရွက်နိုင်ကြမည်ဖြစ်ပါကြောင်း။
မြို့ကြီးပြကြီးနေ ပြည်သူများနှင့်၊ ကျေးလက်နေပြည်သူများပါ အသုံး ပြုနိုင်ရန်အတွက် မြန်မာစာနှင့်အသုံးပြုနိုင်မည့် Application များကို ဦးစား ပေးတီထွင်ရေးသားကြရန်လည်း လိုအပ်ပါကြောင်း၊ ထိုကဲ့သို့ မြန်မာစာသုံး Application များ ရေးသားနိုင်ရန် ပြည့်စုံကောင်းမွန်သည့် မြန်မာစာ 'စံ' စနစ်ဖြစ်ပေါ်လာစေရေးကိုလည်း အထူးကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ် ကြောင်းနှင့် နိုင်ငံတော်ဘက်မှလည်း လိုအပ်သည့်ပံ့ပိုးမှုများကို ကူညီသွားရ မည်ဖြစ်ပါကြောင်း။
အိုင်စီတီကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ စရိတ်သက်သာစွာဖြင့် ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံအထက်ပိုင်းတွင် ရတနာပုံဆိုင်ဘာစီးတီးတစ်ခု ထူထောင်ပေးသကဲ့သို့ အိုင်တီလုပ်ငန်းအများဆုံး စုဝေးတည်ရှိနေသော ရန်ကုန်မြို့အနီးပတ်ဝန်းကျင်တွင်လည်း အခြေခံအဆောက်အအုံများ ပြည့်စုံမှု ရှိနိုင်သည့်နေရာကို ရွေးချယ်၍ဆောင်ရွက်သွားရန် နိုင်ငံတော်သမ္မတက လမ်းညွှန်မှာကြားခဲ့ပြီးဖြစ်ကြောင်းကို သိရှိရပါကြောင်း၊ မြန်မာနိုင်ငံ၏Sillicom Valley ဟု တင်စားခေါ်ဆိုနိုင်မည့် ဆိုင်ဘာစီးတီးတစ်ခု အကောင် အထည်ပေါ်လာရန် လိုအပ်သည့်ကူညီပံ့ပိုးမှုများကို အစွမ်းကုန်ဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး တွေ့ကြုံရမည့်အခက်အခဲများကိုIT ပညာရှင်၊ လုပ်ငန်းရှင် များနှင့်အတူ လက်တွဲပူးပေါင်းဖြေရှင်းပေးသွားရမည်ဖြစ်ပါကြောင်း။
ယခုပြပွဲအခမ်းအနားသည်IT Industry ၏ စည်းလုံးညီညွတ်မှု၊ မြန်မာ လူငယ်လေးများ၏ တီထွင်နိုင်မှုနှင့် စွမ်းရည်ကိုသက်သေထူပေးသည့် ပွဲတစ်ပွဲဖြစ်ပါကြောင်း။ လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များရရှိနိုင်ရန် လက်ရှိကွန်ပျူတာတက္ကသိုလ် ၂၄ ခု၊ အဆင့်မြင့်ကွန်ပျူတာတက္ကသိုလ် နှစ်ခုနှင့် နည်းပညာတက္ကသိုလ်များမှ နှစ်စဉ်ကျောင်းသား ၂၈ဝဝ ခန့်ကို မွေးထုတ် နေပြီး ရန်ကုန်တက္ကသိုလ်နှင့် ပုဂ္ဂလိကသင်တန်းကျောင်းများမှလည်း မွေးထုတ် ပေးလျက်ရှိသည်ကို သိရှိရပါကြောင်း၊ ဤဘွဲ့ရကျောင်းဆင်းများအားလုံးIT လုပ်ငန်းခွင်သို့ ဝင်ရောက်နိုင်ရေးကိုလည်း အလေးထားဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံ ကွန်ပျူတာပညာဖွံ့ဖြိုးရေးကောင်စီ၊ ဆက်သွယ်ရေးအခြေခံ အဆောက်အအုံများ ထူထောင်ပေးနေသည့် ဆက်သွယ်ရေးနှင့် သတင်းအချက် အလက် နည်းပညာဝန်ကြီးဌာန၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နှင့် အသင်းများ၊ လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနေသည့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနနှင့် အခြားသောတက္ကသိုလ်များ၊ICTအသုံးပြုသူ လုပ်ငန်းရှင်များပါဝင်သည့် အဖွဲ့အစည်းများအားလုံး ပူးပေါင်း၍Master Plan ကို စနစ်တကျရေးဆွဲပြီး တညီတညွတ်တည်း အကောင်အထည် ဖော်ကြရန်လည်း တိုက်တွန်းပြောကြားလိုပါကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ကြရာ တွင် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်က အဓိကနေရာမှ ပါဝင်လှုပ်ရှား ဆောင်ရွက်သွားရမည်ဖြစ်၍ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်အနေဖြင့် အိုင်စီတီလုပ်ငန်းများ တိုးတက်လာစေရေး ဆိုင်ဘာစီးတီးတစ်ခု ပေါ်ပေါက်လာ ရန်၊ ပြည့်စုံသည့် မြန်မာစာ 'စံ' စနစ် ပေါ်ပေါက်လာရန်၊ e-Village ပရောဂျက် ကဲ့သို့သော ကျေးလက်ဒေသမှပြည်သူများ အိုင်စီတီအရေးပါပုံ နားလည်သဘော ပေါက်လာရန်၊ စွန့်ဦးတီထွင် မြန်မာအိုင်စီတီလူငယ်များကို ပျိုးထောင်ပေးသည့် လုပ်ငန်းများကို ယခုထက်မက ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားပါရန် တိုက်တွန်းလိုပါကြောင်းဖြင့်ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံကွန်ပျူတာပညာဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြတ်ဟိန်းနှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်ဥက္ကဋ္ဌ ဦးခွန်ဦး တို့က ပြပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကြသည်။
ထို့နောက် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက Myanmar Software Showcase 2015 ပြပွဲကို မြန်မာစစ်သူကြီးဂိမ်းပုရပိုက်တွင် အမှတ်တရစာသားရေးထိုးဖွင့်လှစ်ပေးသည်။
ယင်းနောက် Myanmar Software Showcase 2015 ပြပွဲအထိမ်းအမှတ် အနာဂတ်လူသားသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ထို့နောက် ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းနှင့် တက်ရောက် လာကြသူများက စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြပြီး မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာနအတွင်း ခင်းကျင်းပြသထားသည့် အသင့်သုံး ဆော့ဖ်ဝဲများ၊ သတင်းအချက်အလက်နည်းပညာဆိုင်ရာ အသုံးအဆောင် ပစ္စည်းများနှင့် သင်တန်းများကို လှည့်လည်ကြည့်ရှုအားပေးသည်။
Myanmar Software Showcase 2015 ပြပွဲသို့ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနအောက်ရှိ နည်းပညာတက္ကသိုလ်များမှ ကျောင်းသား ကျောင်းသူ ၄ဝဝ တက်ရောက်လေ့လာခဲ့ပြီး မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ ကြီးမှူးကျင်းပသည့်Myanmar Software Showcase Forum များသို့ ပါဝင်တက်ရောက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရ သည်။
ယနေ့ ပြပွဲ၌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်များ၏ အသုံးချ ကွန်ပျူတာဆော့ဖ်ဝဲဆိုင်ရာ နည်းပညာပြခန်းများ၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်နှင့် ဆော့ဖ်ဝဲနည်းပညာဆိုင်ရာ အိုင်တီပြခန်းများ၌ ကြည့်ရှုလေ့လာကြသူများဖြင့် အထူးစည်ကားလျက်ရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment