Thursday, April 2, 2015

သတ္တုတွင်းကဏ္ဍနှင့် ဆက်သွယ်ရေးကဏ္ဍဆိုင်ရာမေးခွန်းများ မေးမြန်းခြင်းနှင့် ဥပဒေကြမ်းတစ်ခု အတည်ပြုခြင်းတို့ဆောင်ရွက်

 



နေပြည်တော် ဧပြ်ီ ၁
အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန် အစည်းအဝေး(၃၈)ရက် မြောက်နေ့ကို ယနေ့ နံနက်(၁၀)နာရီတွင် ကျင်းပရာ သတ္ထုတွင်းကဏ္ဍနှင့် ဆက်သွယ်ရေး ကဏ္ဍဆိုင်ရာ မေးခွန်းများ မေးမြန်းခြင်းနှင့် ဥပဒေကြမ်းတစ်ခု အတည်ပြုခြင်း တို့ကို ဆောင်ရွက်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးသိန်းလှိုင်၏ ကျေးရွာပိုင်မြေနှင့် သတ္ထု မိုင်းမြေအား ခွဲခြားသတ်မှတ်ပေးရန် အစီအစဉ်ရှိ^မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ သတ္ထုတွင်းဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးသန်းထွန်းအောင်က ကလေးဝမြို့နယ် ကလေးဝ ကျောက်မီးသွေး သတ္ထုတွင်း နှင့် သစ်ချောက်ဒေသတွင် ကျောက်မီးသွေး အကြီးစား ထုတ်လုပ်သည့်လုပ်ငန်း လုပ်ကိုင်နေသည့် ထူးအပြည်ပြည်ဆိုင်ရာ စက်မှုလုပ်ငန်းစု ကုမ္ပဏီလီမိတက်မှ ဆေးရုံ၊ ဆေးခန်းမြေနေရာ ၁ ဒသမ ၂၈ ဧကနှင့် အဆောက်အအုံများကို သတ္ထုတွင်း ဝန်ကြီးဌာနမှတစ်ဆင့် လွှဲပြောင်းပေးအပ်ခဲ့ရာ ပြည်ထောင်စု အစိုးရအဖွဲ့၏ ခွင့်ပြုချက်အရ စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တစ်ဆင့် သက်ဆိုင်ရာခရိုင်နှင့် မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ၊ တိုင်းကျန်းမာရေး ဦးစီးဌာနတို့သို့ လွှဲပြောင်းပေးအပ် ခဲ့ပါကြောင်း၊ သစ်ချောက် ကျေးရွာ(၈)ရပ်ကွက်နှင့် ကျောက်အုံကျေးရွာတို့ကို အလားတူလွှဲပြောင်း ပေးနိုင်ရေးအတွက် လုပ်ငန်းစဉ်အတိုင်း ကျေးရွာမြေလွှဲ ပြောင်းရေးကိစ္စများ ကို ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြင့် ဖြေကြားခဲ့သည်။
ဆက်သွယ်ရေး ကဏ္ဍဆိုင်ရာ မေးခွန်းများနှင့်စပ်လျဉ်း၍ ဆက်သွယ်ရေးနှင့် သတင်းအချက် အလက်နည်းပညာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းသန်းက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးဇ၀န၏ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း မှ ဌားရမ်းထုတ်ပေးထားသော CDMA(450 MHz) ဖုန်း၏ အနာဂတ်စီမံဆောင်ရွက်မည့် အခြေအနေကိုသိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ နိုင်ငံတကာတွင် CDMA(450 MHZ)စနစ်ထက် GSM/UMTS စနစ်ကို အသုံးပြုလာသဖြင့် ရေဒီယိုစက်ပစ္စည်းများနှင့် ဟမ်းဆက်များ ထုတ်လုပ်သူ ရှားပါးလာခြင်း ကြောင့်လည်းကောင်း၊ International Roaming ဆောင်ရွက်ရာတွင် အခက်အခဲရှိ၍ ကျယ်ပြန့်စွာ အသုံးပြုမှုနည်းပါလာခြင်းကြောင့်လည်းကောင်း CDMA(450 MHZ) စနစ်ကို ထပ်မံတိုးချဲ့ ပေးရန်နှင့် CDMA(450 MHZ) မိုဘိုင်းတယ်လီဖုန်း ပြောဆိုခ နှုန်းထားများကို လျှော့ချပေးရန် အစီအစဉ် မရှိပါကြောင်းဖြင့် ဖြေကြားသည်။
ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဖိုးဇော်၏ ပဲခူးတိုင်းအတွင်းရှိ သနပ်ပင် မြို့နယ်နှင့် က၀မြို့နယ်အပါအဝင် PCO အငှားဖုန်း၊ CDMA(450 MHZ)များအတွက် ပေးသွင်းငွေများ ပြန်လည် ထုတ်ပေးနေသည့် အခြေအနေနှင့် မည်သည့်စီမံခန့်ခွဲမှုဖြင့် ဆောင်ရွက်ပေးနေပြီး တိုင်းအတွင်းမြို့နယ်များရှိ အငှားဖုန်းအတွက် ပေးသွင်းထားသူများ အား မည်သည့်အချိန်တွင် ပြန်လည် ထုတ်ပေး သွားမည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ CDMA-450 (PCO) များကို သနပ်ပင်မြို့နယ်ရှိ ဖုန်း ၇၇ လုံးအနက် ၁၇ လုံးနှင့် က၀မြို့နယ်ရှိ ဖုန်း ၄၁ လုံးအနက် ၅ လုံးသာ ကိုယ်ပိုင်ပြုလုပ်ရန်ကျန်ရှိပြီး ကျန်ရှိသောဖုန်းများတွင် ဝန်ဆောင်ခ ကြွေးကျန်ရှိ၍ ဌာနမှယာယီပိတ်ထားသော ဖုန်းများဖြစ်သောကြောင့် ဆက်သွယ်အသုံးပြု၍ မရပါ ကြောင်းနှင့် ကြိုတင်ငွေများကို အချိန်ကာလသတ်မှတ်ထားခြင်းမရှိဘဲ ဆက်လက်ထုတ်ပေးလျှက် ရှိပါကြောင်းဖြင့် ပြန်လည်ဖြေကြားခဲ့သည်။

ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသည့် မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီဥပဒေကြမ်းကို တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုခဲ့သည်။
(သတင်းစဉ်)

No comments:

Post a Comment