လယ်ယာကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်မှ
လူသားတို့အတွက် မဖြစ်မနေလိုအပ်ချက်မှာ စားရေး၊ ဝတ်ရေး၊ နေရေး
ဟူသောအရေးသုံးပါးဖြစ်ပါသည်။ ထိုအရေးသုံးပါးအနက် နေ့စဉ် အဓိကလိုအပ်ချက်မှာ
''စားရေရိက္ခာနှင့် အာဟာရ''လိုအပ်ချက်ဖြစ်သည်။ ယင်းလိုအပ်ချက်ကို
နယ်ပယ်အလိုက် နေ့စဉ်ဖြည့်ဆည်းလျက်ရှိသည့်အပြင် နောင်တိုးပွားလာမည့်
လူဦးရေအတွက်လည်း မျှော်တွေးကြံဆလုပ်ကိုင်နေကြသည်။
ကမ္ဘာပေါ်တွင်
နိုင်ငံအလိုက် လူဦးရေ နေ့စဉ်တိုးပွားနေသည်။ လက်ရှိတွင် ကမ္ဘာ့လူဦးရေသည်
သန်း ၇ဝဝဝ ကျော်ရှိနေပြီး လာမည့် ၂ဝ၅ဝ ပြည့်နှစ်တွင် လူဦးရေ သန်း ၉ဝဝဝ
ကျော်လာမည်ဟု ဆိုထားသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း လက်ရှိတွင် လူဦးရေ
သန်း ၅ဝ ကျော်ရှိရာမှ နောင်ကာလများတွင် သန်း ၁ဝဝ ကျော်လာဦးမည်ဖြစ်သည်။
တိုးပွားလာမည့် လူဦးရေအတွက် စားရေရိက္ခာနှင့် အာဟာရ လိုအပ်ချက်များကို
ထပ်မံဖြည့်ဆည်းပေးနိုင်ရန် လူသားများအမှီပြုသည့် သဘာဝပတ်ဝန်းကျင်ကို
ပိုမိုထိန်းသိမ်းစောင့်ရှောက်ကြရမည်ဖြစ်သည်။ စားရေရိက္ခာ
ပိုမိုထုတ်လုပ်နိုင်ရန် နိုင်ငံတိုင်း နိုင်ငံတိုင်းကလည်း
မိမိတို့တတ်နိုင်သည့် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းပြင်ဆင်
အားထုတ်လုပ်ကိုင်လျက်ရှိသည်။
ထိုသို့လုပ်ကိုင်ဆောင်ရွက်ကြရာတွင်
ကမ္ဘာကြီးပူနွေးလာမှုနှင့် တစ်ဆက် တည်းဖြစ်သည့် ကမ္ဘာ့ရာသီဥတုပြင်းထန်စွာ
ပူပြင်းခြောက်သွေ့မှု၊ လွန်ကဲစွာ မိုးသည်းထန်ရွာသွန်းမှုနှင့် မိုးခေါင်မှု၊
အအေးလွန်ကဲမှုကြောင့် ဆီးနှင်းများ ကျရောက်မှု၊ မုန်တိုင်းတိုက်ခတ်မှု၊
ငလျင်လှုပ်မှု၊ ဆူနာမီလှိုင်းကျရောက်မှု စသည့် သဘာဝဘေးအန္တရာယ်တို့ကိုလည်း
ထည့်သွင်းစဉ်းစားကြရမည်ဖြစ်သည်။
ယခုအခါ
အဆိုပါသဘာဝဘေးအန္တရာယ်များကြုံတွေ့ရပါက စားနပ်ရိက္ခာ
မလုံလောက်မှုအခက်အခဲများမှ ကျော်လွှားနိုင်ရေးအတွက် နိုင်ငံတိုင်းက
အလေးထားထည့်သွင်း စဉ်းစားဆောင်ရွက်နေကြသည်ကို တွေ့ရပါသည်။
သဘာဝဘေးအန္တရာယ်ဆိုသည်မှာ မမျှော်မှန်းနိုင်သော၊ ချက်ချင်းလက်ငင်း
တားဆီးမရနိုင်သော ကိစ္စဖြစ်ပါသည်။ မည်သည့်ဘေးအန္တရာယ်ရှိသည်ဖြစ်စေ
မိမိတို့အနေဖြင့် မလျှော့သောဇွဲလုံ့လဖြင့် ကြိုးပမ်းဆောင်ရွက်ကြရမည်သာ
ဖြစ်သည်။
မြန်မာနိုင်ငံသည် သဘာဝကပေးသော မြေသယံဇာတ၊ ရေသယံဇာတ
ပေါများကြွယ်ဝပြီး စိုက်ပျိုးရေးလုပ်ကိုင်ရန်
အလွန်ကောင်းမွန်သောနိုင်ငံဖြစ်သည်။ လက်ရှိအချိန်အခါတွင် သဘာဝကပေးသော
အနေအထားကောင်း များကိုအသုံးချ၍ မိမိတို့၏ရိုးသားဖြူစင်မှု၊
အလုပ်ကြိုးစားမှုတို့ဖြင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍအပါအဝင်
အမျိုးသားအကျိုးစီးပွား ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အားသွန်ခွန်စိုက်
ကြိုးပမ်းဆောင်ရွက်သင့်သော အချိန်ကောင်း ဖြစ်ပါသည်။
အဘယ်ကြောင့်ဆိုသော် ခေတ်မီဆည်ရေသောက် လယ်ယာမြေစနစ်သို့ ပြောင်းလဲခြင်း၊
မိရိုးဖလာစိုက်ပျိုးနည်းအစား အထွက်နှုန်းကောင်း မျိုးကောင်းမျိုးသန့်
မျိုးစေ့များနှင့် စိုက်ပျိုးနည်းပညာများ ပြောင်းလဲအသုံး ပြုခြင်း၊
သီးနှံစိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ လေလွင့်ဆုံးရှုံးမှု လျော့နည်း
စေရေး ပညာပေးဆောင်ရွက်ခြင်း၊ လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့
ကူးပြောင်းနေခြင်း၊ လယ်ယာမြေလုပ်ကိုင်ခွင့်များ ချထားပေးခြင်း၊ အရင်း
အနှီးထုတ်ပေးခြင်း စသည့်အခြေအနေကောင်းများ ရှိနေပါသည်။
ထိုအခြေအနေကောင်းများရှိနေသောကြောင့် လယ်ယာစိုက်ပျိုး
လုပ်ကိုင်သူများအနေဖြင့် ဈေးကွက်ကိုယှဉ်ပြိုင်နိုင်မည့် အဆင့်မြင့်
အရည်အသွေးကောင်း တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်းကို ထိထိရောက်ရောက်
တိုးမြှင့်ဆောင်ရွက်ကြဖို့ အားထုတ်ကြရမည်ဖြစ်သည်။ နိုင်ငံတော်ကလည်း
အဘက်ဘက်က ပံ့ပိုးကူညီပေးနေသည်ကို တွေ့ရပါသည်။
သို့မှသာ
လယ်ယာစိုက်ပျိုးရေးကဏ္ဍကြီးတစ်ခုလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး
လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာကာ အနာဂတ်အတွက် လိုအပ်လာမည့် စားနပ်ရိက္ခာများ
ဖူလုံပိုလျှံလာမည်ဖြစ်ပါသည်။ ။
No comments:
Post a Comment