နေပြည်တော် မတ် ၃
၂ဝ၁၅ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် ဆက်ကပ်ခံယူမည့်
ဆရာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့ နံနက် ၉
နာရီခွဲတွင် နေပြည်တော်ရှိ ဥပ္ပါတ သန္တိစေတီတော်ပရိဝုဏ်အတွင်းရှိ
သာသနာ့မဟာဗိမာန်တော်ကြီး၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်ဇနီး
ဒေါ်ခင်ခင်ဝင်းတို့ တက်ရောက်ကြည်ညိုကြသည်။
အခမ်းအနားတွင်
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဧည့်ပရိသတ်များက နိုင်ငံတော် သံဃ
မဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာ
ဘဒ္ဒန္တကုမာရာဘိဝံသထံမှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များ
ရွတ်ပွားသရဇ္ဈယ်တော်မူကြသည့် မေတ္တသုတ်ပရိတ်တရားတော်ကို နာယူကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တာဝန်ရှိသူများက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ အမှူးပြုတော်မူသော ဆရာတော် သံဃာတော်များနှင့် သီလရှင်ဆရာကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဧည့်ပရိသတ်များက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ မန္တလေးမြို့ ဒက္ခိဏာရာမဘုရားကြီး ကျောင်းတိုက် အတုလကာရီဆင်မင်းကျောင်း ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ သြဘာသာဘိဝံသ မဟာထေရ်မြတ်ထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တာဝန်ရှိသူများက နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီး များ၊ တိပိဋကဓရ တိပိဋကကောဝိဒ ဆရာတော်များ၊ ၂ဝ၁၅ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခံယူ မည့် ဆရာတော်များနှင့် သီလရှင်ဆရာကြီးများအား နေ့ဆွမ်းဆက်ကပ်ခဲ့ကြသည်။
အဆိုပါမင်္ဂလာအခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဇနီး၊ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့်ဇနီး၊ ဒုတိယသမ္မတ ဦးဥာဏ်ထွန်းနှင့်ဇနီး၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့်ဇနီး၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြည်ညိုကြသည်။
(သတင်းစဉ်)

No comments:
Post a Comment