Thursday, March 5, 2015

အာဆင်နယ် ယခုနှစ်ဘောလုံးရာသီတွင် ပရီမီယာလိဂ်ဖလားရရှိရန် မဖြစ်နိုင်သေးဟု ဝင်းဂါးဆို




အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက အာဆင်နယ်အသင်းမှာ ယခု နှစ်ဘောလုံးရာသီတွင် ပရီမီယာလိဂ်ဖလားရယူရန် မဖြစ်နိုင်သေးသော အခြေအနေတစ်ရပ်ဟု ဆိုခဲ့သည်။ အာဆင်နယ်သည် ပရီမီယာလိဂ် အမှတ်ပေးဇယားတွင် ဦးဆောင်သူ ချယ်လ်ဆီးထက် ကိုးမှတ်လျော့နည်းကာ တတိယနေရာ၌ ရပ်တည်နေပြီး ပြိုင်ပွဲပြီးဆုံးရန် ၁၁ ပွဲ လိုသေးသည်။
အာဆင်နယ်သည် နောက်ဆုံးကစားခဲ့သည့် ခုနစ်ပွဲတွင် ခြောက်ပွဲ အနိုင်ရရှိခဲ့သော်လည်း ပရီမီယာလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်လောက်သည့် အနေအထားသို့ မရောက်ရှိသေးဟု အသက်(၆၅)နှစ်အရွယ်ရှိ အာစင်ဝင်းဂါးက ပြောကြားခဲ့သည်။
ဝင်းဂါးက ''အခုလက်ရှိအနေအထားမှာတော့ ပရီမီယာလိဂ်ဆုဖလားကို ရယူဖို့ဆိုတာ ဝေးကွာနေဆဲပါပဲ။ ဖလားလုပွဲမှာ ကျွန်တော်တို့အနေနဲ့ ချယ်လ်ဆီးကိုမီဖို့ တော်တော်ကွာဟနေဆဲပါပဲ။ဒါပေမယ့်လည်း ရာသီပိတ်သိမ်း တဲ့အခါကျရင် ဘာတွေဖြစ်လာမလဲဆိုတာ ဘယ်သူက ကြိုသိနိုင်မှာလဲ။ လွန်ခဲ့တဲ့သုံးနှစ်က မန်စီးတီးဆိုရင် မန်ယူရဲ့နောက် ရှစ်မှတ်လောက်အထိ ကွာဟနေခဲ့ပေမယ့်လည်း ချန်ပီယံဆုအတွက် ဘာလို့အရှုံးပေးရမှာလဲဆိုတဲ့ စိတ်မျိုးမွေးမြူပြီး ရာသီပိတ်သိမ်းတဲ့အထိ ပရိသတ်ကိုဆွဲဆောင်ပြီး ကစားနိုင် ခဲ့တယ်''ဟု ပြောကြားခဲ့သည်။
မည်သို့ပင်ဖြစ်စေ ဝင်းဂါးအနေဖြင့် မန်စီးတီးကို ဥပမာယူကာ မော်ရင်ဟို ၏ ချယ်လ်ဆီးအသင်းကို ပြိုင်ပွဲပြီးဆုံးသည်အထိ ဖိအားပေးကစားနိုင်ရန် ဆန္ဒရှိနေသည်။ မန်စီးတီးသည် ၂ဝ၁၁-၂ဝ၁၂ ဘောလုံးရာသီက ခြောက် ပွဲသာကစားရန် ကျန်ရှိနေသည့်အချိန်တွင် မန်ယူနောက် ရှစ်မှတ်အထိ ကွာဟခဲ့သော်လည်း ဘောလုံးရာသီအကုန်ထိ ရေကုန်ရေခန်း ယှဉ်ပြိုင်နိုင်ခဲ့သည်။
အာဆင်နယ်အတွက်သတင်းကောင်းတစ်ရပ်မှာ ပရီမီယာလိဂ်ပွဲစဉ် အဖြစ် ယှဉ်ပြိုင်ရမည့် ကျူပီအာနှင့်ပွဲတွင် တံကောက်ကြောဒဏ်ရာမှ ပြန်လည်သက်သာလာကာ ရမ်ဆေးလည်း ပြန်လည်ပါဝင်ကစားနိုင်တော့ မည်ဖြစ်သည်။ရန်ဆေးသည် ဖေဖော်ဝါရီ ၁ဝ ရက်က ကစားခဲ့သော လက်စတာအား နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရသောပွဲစဉ်တွင် နောက်ဆုံးဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ပြီး ယခုနှစ်ဘောလုံးရာသီမှာပင် ပြီးခဲ့သည့်စက်တင်ဘာက စပါးအား တစ်ဂိုး-တစ်ဂိုးစီသရေကျခဲ့သော ပွဲစဉ်တွင်လည်းကောင်း၊ နောက်ခြောက်ပတ် အကြာ ဂါလာကာစာရေးနှင့် ချန်ပီယံလိဂ်ပွဲစဉ်တွင် လည်းကောင်းဒဏ်ရာများ ရရှိခဲ့သည်။
(မေလဲ့သင်း)

No comments:

Post a Comment