ဆောင်းနှောင်းရာသီအချိန်ရောက်ရှိလာပြီဖြစ်ရာ ချင်းပြည်နယ် တီးတိန် မြို့နယ်အတွင်း၌ ချင်းပြည်နယ်၏အထိမ်းအမှတ်ဖြစ်သော တောင်ဇလပ်ပန်း နီနီများ လှိုင်လှိုင်ပွင့်နေပြီဖြစ်သည်။ တီးတိန်မြို့နယ်အတွင်း၌ တောင်ဇလပ် ပင်များ အများဆုံး ပေါက်ရောက်ရာနေရာဖြစ်သော အမြင့် ၈၈၇၁ ပေရှိ ကနေဒီတောင်ဒေသတွင် တစ်တောတစ်တောင်လုံး တောင်ဇလပ်ပန်းပွင့် အနီများဖြင့် ဖုံးလွှမ်းလျက်ရှိသည်။
ယခုနှစ်တွင် တောင်ဇလပ်ပန်းများသည် ဒီဇင်ဘာလအတွင်းက ပထမ အကြိမ် ဖူးပွင့်ခဲ့ပြီးဖြစ်ကာ ယခုအခါ ပုံမှန်ဖူးပွင့်ချိန်အဖြစ် ဒုတိယအကြိမ် ထပ်မံဖူးပွင့်ခြင်းဖြစ်ကြောင်း သိရသည်။ ''တောင်ဇလပ်ပန်းတွေဟာ ပုံမှန် အားဖြင့် ဆောင်းနှောင်းကာလဖြစ်တဲ့ ဖေဖော်ဝါရီလကုန် မတ်လဆန်းပိုင်းမှာ စတင်ဖူးပွင့်မှုရှိပြီး အခုနှစ်မှာ ရာသီဥတုပူနွေးမှုကြောင့် ဒီဇင်ဘာလဆန်း ပိုင်းမှာ ပထမအကြိမ် စတင်ဖူးပွင့်ခဲ့ပါတယ်။ အခုမတ်လမှာတော့ ပထမ အကြိမ် ဒီဇင်ဘာတုန်းက မပွင့်သေးတဲ့အပင်တွေ နောက်ဆုံးအဆင့်ဖူးပွင့်တာ ဖြစ်ပါတယ်။ ပုံမှန်အချိန်မဟုတ်ဘဲ ပွင့်တဲ့ပန်းနဲ့ ပုံမှန်လစဉ်ပွင့်တဲ့ပန်းတွေဟာ လှပမှု၊ စိုပြည်မှု၊ လန်းဆန်းမှု၊ ဝေဆာမှု၊ မြိုင်ဆိုင်မှုစတဲ့ ကွာခြားမှုတွေ ရှိပါတယ်''ဟု ကနေဒီတောင် စိမ်းလန်းစိုပြည်ရေးအဖွဲ့(Green Kenedy Group) ၏ဥက္ကဋ္ဌ ဦးငင့်ရှင်းခွါလ်(ခ)ဦးလှိုင်အောင်က ပြောသည်။
တောင်ဇလပ်ပင်များသည် ချင်းပြည်နယ်တစ်ခုတည်းတွင် ပေါက်ရောက် ခြင်းမဟုတ်ဘဲ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင်လည်း အမြင့်ပေ ၆ဝဝဝ အထက်ရှိသော တောင်ကုန်းတောင်တန်းများ၌ ပေါက် ရောက်ကြသည်။ သို့သော် ချင်းပြည်နယ်မှာမူ ပြည်နယ်၏အမှတ်သင်္ကေတ တစ်ခုအဖြစ် အောက်ချင်းငှက်နှင့်ဒွန်တွဲ၍ တောင်ဇလပ်ပန်းကို တန်ဖိုးထား ကြသည်။ ပြည်နယ်၏အလှတရားတစ်ခုအဖြစ် သတ်မှတ်ထားကြသည်။
ချင်းပြည်နယ်မြောက်ပိုင်းတွင် တောင်ဇလပ်အနီမျိုး အများဆုံး ပေါက် ရောက်မှုရှိပြီး ချင်းပြည်နယ်တောင်ပိုင်းဒေသတွင် တောင်ဇလပ်အဖြူမျိုးကို တွေ့ရကြောင်း၊ တောင်ဇလပ်ပန်းများ၏အလှကို ဖော်ဆောင်ရာ အဓိက ဒေသမှာ တီးတိန်မြို့နယ် ကနေဒီတောင်(ခ)ထွမ်းဝုမ်းတောင်တန်းနှင့် နတ် မတောင်(ခ)ဝိတိုရိယတောင်တန်းများဖြစ်ပြီး အဆိုပါတောင်တန်းများကို ခရီး သွားလုပ်ငန်းအတွက် ထိန်းသိမ်းသင့်ကြောင်း ဦးလှိုင်အောင်က ဆက်လက် ပြောကြားသည်။
ယခုအခါ ချင်းပြည်နယ်အတွင်း သစ်တောပြုန်းတီးမှုများကြောင့် အောက် ချင်းငှက်များမှာ ပျောက်ကွယ်လုနီးနေပြီဖြစ်ကြောင်း သိရသည်။ ကျန်ရှိနေ သေးသော တောင်ဇလပ်များကိုလည်း ထပ်မံမပြုန်းတီးစေဘဲ ထိန်းသိမ်းစောင့် ရှောက်ရန်မှာ တောင်ပေါ်နေဒေသခံပြည်သူများ၌ အဓိကတာဝန်ရှိကြောင်း ကို ၄င်းက ဆက်ပြောသည်။
ချင်းရိုးရာအယူအဆများအရ တောင်ဇလပ်ပင်နှင့် အပွင့်သည် ဆေးဖက် ဝင်အသီးအပွင့်ဖြစ်သည်။ တောင်ဇလပ်ပန်းဝတ်ရည်ကို သောက်သုံးခြင်းဖြင့် အမောပြေခြင်းနှင့် ရင်ကျပ်ရောဂါများကို ပျောက်ကင်းစေနိုင်ကြောင်း၊ အခေါက်နှင့်အမြစ်သည် အဆိပ်ရှိသောသတ္တဝါများကိုက်လျှင် အဆိပ်ဖြေ ဆေးအဖြစ် အသုံးပြုကြကြောင်း သိရသည်။
တောင်ဇလပ်အပင်များမှာ အပင်ကြီးထွားမှုနှေးကွေး၍ လက်ရှိအပင်များ မှာ သက်တမ်းနှစ် ၃ဝ အထက်တွင် ရှိကြကြောင်း၊ ထင်းအဖြစ်အသုံးပြုပါက မီးခဲကောင်းခြင်းကြောင့် ဒေသခံများက သက်တမ်းရင့်အပင်များကို ထင်း အဖြစ် ခုတ်လှဲကြသဖြင့် တောင်ဇလပ်ပင်များ တဖြည်းဖြည်းလျော့နည်းပြုန်း တီးလာလျက်ရှိကြောင်း၊ ခရီးသွားပြည်သူများကလည်း အပွင့်ကိုမြတ်နိုးသဖြင့် အကိုင်းလိုက်ခုတ်ယူကြကြောင်း၊ တောမီးလောင်မှုကြောင့်လည်း အပင်ငယ် များ သေဆုံးပြီး သက်တမ်းရင့်အပင်ကြီးများ မီးလောင်ပျက်စီးကြောင်း၊ ချင်း ပြည်နယ်တောင်ပိုင်း မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်များတွင် တောင် ဇလပ်ပန်းပွင့်များကို ဝိုင်အဖြစ်ပြုလုပ်သဖြင့် အပွင့်ခူးရာတွင် အကိုင်းလိုက် ခုတ်ယူသဖြင့်လည်း ပြုန်းတီးမှုများရှိလာကြောင်း သဘာဝပတ်ဝန်းကျင် လေ့လာသူများကဆိုသည်။
ချင်းပြည်နယ်ကို ကမ္ဘာလှည့်ခရီးသွားများ၏ စိတ်အာရုံကိုဆွဲဆောင်နိုင် သည့် သဘာဝအခြေခံ ခရီးသွားဒေသတစ်ခုဖြစ်လာစေရန်ရည်ရွယ်ကာ ဒေသသာယာလှပလာစေရေးနှင့် ကနေဒီတောင်ရှိ ပြည်နယ်အထိမ်း အမှတ်သင်္ကေတ တော်ဝင်တောင်ဇလပ်ပန်းများ ရေရှည်ရှင်သန်တည်တံ့ စေရန် ထိန်းသိမ်းစောင့်ရှောက်ရေးကို ကနေဒီစိမ်းလန်းစိုပြည်ရေးအဖွဲ့က ၂ဝ၁၂ ခုနှစ်မှ စတင်ဆောင်ရွက်လျက်ရှိသည်။
တောင်ဇလပ်ပင်များ ထိန်းသိမ်းရေးအတွက် အပင်တိုင်းနှင့် မြင်သာသည့် နေရာတိုင်းတွင် သတိပေးပိုစတာများကပ်၍ လှုံ့ဆော်မှုများဆောင်ရွက်ခဲ့ ကြောင်း၊ ခရီးသွားမော်တော်ယာဉ်များတွင်လည်း သတိပေးလှုံ့ဆော်သော စတေကာများကပ်၍ သဘာဝအရင်းအမြစ်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး လူငယ်နှီးနှောဖလှယ်ပွဲလှုပ်ရှားမှုများကိုလည်း နှစ်စဉ်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
ချင်းပြည်နယ်၏ တော်ဝင်သင်္ကေတတစ်ခုဖြစ်သည့် တောင်ဇလပ်ပင်နှင့် တောင်ဇလပ်ပန်းများ ရေရှည်တည်တံ့စေရေးအတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့များက ဆောင်ရွက်နေသည့်အချိန်တွင် ဒေသခံပြည်သူများနှင့် တာဝန်ရှိသူများကလည်း ဝိုင်းဝန်းပူးပေါင်းကူညီ၍ ဆောင်ရွက်ကြရန် လိုအပ်လျက်ရှိနေပါသည်။ ။
သတင်းဆောင်းပါး-နေစု(ချင်းရိုးမ)
No comments:
Post a Comment