Monday, March 30, 2015

ကိုယ့်အားကိုယ်ကိုးလျှပ်စစ်ဖြင့် မလက်တိုနှင့်သရက်ငူကျေးရွာတွင် မီးလင်း

'ကိုယ့်အားကိုယ်ကိုးလျှပ်စစ်ဖြင့် မလက်တိုနှင့်သရက်ငူကျေးရွာတွင် မီးလင်း
===========================================

နေပြည်တော်  မတ်  ၂၉

ဧရာဝတီတိုင်းဒေသကြီး  မအူပင်မြို့ နယ် မလက်တိုကျေးရွာအုပ်စု တပွတ္တ နောင်ကြီးကျေးရွာ၊ မလက်တိုကျေးရွာနှင့် သရက်ငူကျေးရွာများ၌  ကိုယ့်အားကိုယ်ကိုး  လျှပ်စစ်မီးလင်းရေးဖွင့်ပွဲ အခမ်းအနားကို မတ် ၂၈ ရက် နံနက် ပိုင်းတွင် ကျင်းပသည်။ 

အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီးဦးသိန်းညွန့်က ၁၆ဝ ကေဗွီအေ ထရန်စဖော်မာမှ ကျေးရွာတွင်းနေအိမ်များသို့ သွယ်တန်းထားသည့် လျှပ်စစ် ဓာတ်အားလိုင်းအား စက်ခလုတ်နှိပ်၍ လျှပ်စစ်ဓာတ်အား  စတင်ပို့လွှတ်ပေးသည်။  ဆက်လက်၍   မလက်တို ကျေးရွာကိုယ့်အားကိုယ်ကိုး လျှပ်စစ် မီးလင်းရေး ဖွင့်ပွဲအခမ်းအနားကို နံနက် ၈ နာရီတွင် လမ်းပန်းဆက်သွယ် ရေးဝန်ကြီးဦးသန်းထွန်း၊   အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသက်လင်းနှင့် ကျေးရွာလျှပ်စစ်မီးလင်းရေး ကော်မတီအဖွဲ့ဝင် ဦးကျော်စွာသိန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ 

အလားတူ သရက်ငူကျေးရွာတွင် မီးလင်းရေး  ဆောင်ရွက်ပေးခဲ့ပြီး  ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်က ယနေ့ လျှပ်စစ်မီးသုံးစွဲခွင့်ရရှိပြီးဖြစ်သည့် ကျေးရွာများမှ ပြည်သူများအတွက် လျှပ်စစ်မီးသုံးစွဲခွင့်ရရှိရေး ဆောင်ရွက်ပေးခဲ့မှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး  ယခုရရှိသည့် လျှပ်စစ်မီးကိုအသုံးပြု၍ လူနေမှုဘဝ မြင့်မားတိုးတက်လာစေရန်အတွက် မိသားစုတစ်ပိုင်တစ်နိုင် စက်မှုလက်မှု လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ကြ ရန်၊ လျှပ်စစ်မီး သုံးစွဲခွင့်မရရှိသေးသည့် ကျေးရွာအုပ်စုများမှပြည်သူများအနေဖြင့်လည်း တလုပ်လပ်အရှေ့ကျေးရွာ မအူပင် တံတားအနီးရှိ ၃၃/၁၁ ကေဗွီ ၂ အမ်ဗွီအေဓာတ်အားခွဲရုံမှ လျှပ်စစ်မီး ရရှိသုံးစွဲနိုင်ပြီဖြစ်၍ မိမိတို့ကျေးရွာများ လျှပ်စစ်မီးရရှိရေးကြိုးပမ်းဆောင် ရွက်သွားကြရန်၊ ဒေသနေပြည်သူများ၏ လူနေမှုဘဝ  မြင့်မားရေးအတွက် ဆောင်ရွက်ပေးထားသည့် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများကို သားစဉ်မြေးဆက် ထိန်းသိမ်း စောင့်ရှောက်သွားကြရန် မှာကြားသည်။ 

ယနေ့ဖွင့်လှစ်သည့် တပွတ္တနောင် ကြီးကျေးရွာ၊ မလက်တိုကျေးရွာနှင့် သရက်ငူကျေးရွာများ ကိုယ့်အား ကိုယ်ကိုး လျှပ်စစ်မီးလင်းရေးအတွက် တလုပ်လပ်အရှေ့ကျေးရွာ မအူပင် တံတားအနီးရှိ ၃၃/၁၁ ကေဗွီ ၂ အမ်ဗွီအေ ဓာတ်အားခွဲရုံမှ ၁၁ ကေဗွီ အေလိုင်း ၆ ဒသမ ၉ မိုင်၊ သုည ဒသမ ၄ ကေဗွီလိုင်း ၃ ဒသမ ၃၈ မိုင်၊ ၂ဝဝ ကေဗွီအေ နှစ်လုံးနှင့် ၁၆ဝ ကေဗွီအေ ထရန်စဖော်မာတစ်လုံးတို့ တည်ဆောက်ခဲ့ပြီး စုစုပေါင်းအိမ်ခြေ ၄ဝဝ ကျော်အား လျှပ်စစ်မီးလင်းရေး ဆောင်ရွက်ပေးခဲ့ကြောင်း၊  မအူပင်  မြို့နယ်အတွင်း ကျေးရွာအုပ်စုပေါင်း ၇၆ အုပ်စုတွင် ကျေးရွာပေါင်း ၄၃ဝ ရှိသည့်အနက် ကျေးရွာပေါင်း ၂၆ ရွာတွင် လျှပ်စစ်ဓာတ်အားရရှိသုံးစွဲ နိုင်ပြီဖြစ်ကြောင်း သိရသည်။ 

(၁ဝ၇)'

(၁ဝ၇)

No comments:

Post a Comment