လန်ဒန် မတ် ၃ဝ
အီရန်နှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံတို့မှ တာဝန်ရှိသူများသည် တီဟီရန်၏
နျူကလီးယားအစီအစဉ်နှင့် ပတ်သက်၍ သဘောတူညီမှုရရှိဖွယ် အခြေအနေသို့
ဆိုက်ရောက်လျက်ရှိရာ ယင်းသို့ဖြစ်လာပါက အီရန်သည် စီးပွားရေးပိတ်ဆို့
အရေးယူခံရခြင်းမှ လွတ်ကင်းပြီး ရေနံများတိုးမြှင့်တင်ပို့နိုင်မည်ဖြစ်ရာ
ရေနံဈေးနှုန်းများ ထပ်မံကျဆင်းခဲ့သည်။
ဆွစ်ဇာလန်နိုင်ငံ လော်ခိန်းမြို့၌ ကျင်းပလျက်ရှိသည့် ဆွေးနွေးပွဲတွင် အင်္ဂါနေ့ မတိုင်မီ သဘောတူညီမှုများ ပေါ်ထွက်နိုင်မည်ဟု နှစ်ဖက်လုံးက ပြောကြားခဲ့သည်။
ဆွေးနွေးပွဲနှင့် နီးစပ်သော တာဝန်ရှိသူများက တိုးတက်မှုများရရှိကြောင်း ပြောကြားပြီး ရင်းနှီးမြှုပ်နှံသူ အများအပြားက သဘောတူညီမှုရရှိမည်ဟု ယုံကြည်ကြသည်။ အနည်းငယ်ကမူ သဘောတူညီမှု မရရှိဘဲ ဆွေးနွေးပွဲပြီးဆုံးမည်ဟု မျှော်လင့်ကြသည်။
အော်စလိုမြို့ အက်စ်အီးဘီ ဈေးကွက်မှ လေ့လာဆန်းစစ်သူတစ်ဦးက သဘောတူညီမှုဖြစ်နိုင်ဖွယ် အချက်နှစ်ချက်ရှိကြောင်း၊ ပထမတစ်ခုမှာ သဘောတူညီမှုအတွက် အခြေခံအချက်အလက်များကို သဘောတူခြင်း သို့မဟုတ် ကန့်သတ်ထားသော နောက်ဆုံးအချိန်ကို တိုးမြှင့်ပေးခြင်းတို့ဖြစ်ကြောင်း ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။
ထိုသို့ အီရန်နျူကလီးယား အစီအစဉ်အပေါ် သဘောတူညီမှု ရရှိဖွယ်ရာ အခြေအနေ ပေါ်ပေါက်နေသဖြင့် ဈေးကွက်၌ ပေါ်ပေါက်လာသော ဈေးနှုန်းမှာ ဘရင့်ရေနံစိမ်းသည် ၄၇ ဆင့်ကျ၍ တစ်စည်လျှင် ၅၅ ဒသမ ၉၄ ဒေါ်လာ၊ အမေရိကန် ရေနံစိမ်းသည် ဆင့် ၆ဝ ကျ၍ တစ်စည်လျှင် ၄၈ ဒသမ ဝ၇ ဒေါ်လာဖြစ်သည်။
ရိုက်တာ။

No comments:
Post a Comment