Sunday, March 1, 2015

ခေတ်မီတပ်မတော် ဖြစ်ရေးကြိုးပမ်း

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်


နိုင်ငံတစ်နိုင်ငံ၏ လုံခြုံရေးနှင့်အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် နိုင်ငံတော်ကာကွယ်ရေး တပ်မတော်ကို တောင့်တင်းခိုင်မာပြီး ခေတ်မီတပ်မတော်အဖြစ် ထူထောင်ကြိုးပမ်းသွားရန် အရေးကြီးပေသည်။ ''တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်''ဆိုသည့်အတိုင်း တပ်မတော်ကို အဘက်ဘက်မှ တောင့်တင်းခိုင်မာအောင် တည်ဆောက်သွားရမည်ဖြစ်ပါသည်။
မျက်မှောက်ခေတ်ကမ္ဘာ့ရေးရာများကို လေ့လာကြည့်လျှင် လေကြောင်းစွမ်းပကားသည် များစွာအရေးပါလျက်ရှိပါသည်။ လေကြောင်းစွမ်းအားသာလွန်မှုကို အားပြု၍ စစ်ပွဲအောင်နိုင် ရေးအတွက် မိမိယှဉ်ပြိုင်ဘက်အပေါ် လွှမ်းမိုးချုပ်ကိုင်ရန်နှင့်မိမိတပ်ဖွဲ့ဝင်များ တိုက်ပွဲစွမ်းရည်ပိုမိုတိုးတက်စေရန် အသုံးပြုလာကြသည်။ သာလွန်သောလေကြောင်းတိုက်ခိုက်ရေး စွမ်းအား ရရှိရေးအတွက် ခေတ်မီလေတပ်မတော်တစ်ခု တည်ထောင်ရမည် ဖြစ်သကဲ့သို့ ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်လာသော နည်းပညာရပ်များကိုလည်း သိရှိလေ့လာကျွမ်းကျင်တတ်မြောက်ရန် လိုအပ်လာပါသည်။
မိတ္ထီလာတပ်နယ် လေကြောင်းအတတ်သင် လေတပ်စခန်း၌ ဖေဖော်ဝါရီ ၂၅ ရက်က တပ်မတော် (လေ)၏ K-8W လေ့ကျင့်ရေးဂျက်လေယာဉ်၊ ATR-42 သယ်ယူပို့ဆောင်ရေးလေယာဉ် နှင့် BEE-CH- 1900 Dသယ်ယူပို့ဆောင်ရေးလေယာဉ်များ တပ်တော်ဝင်အခမ်းအနားကျင်းပခဲ့သည်။ K-8W လေယာဉ်များ ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ CATIC ကုမ္ပဏီနှင့် ကာကွယ်ရေး ပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ်ရုံးတို့ ပူးပေါင်းကာ မြန်မာနိုင်ငံအတွင်း တပ်ဆင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပါသည်။ ယခုလွှဲပြောင်း ပေးအပ်သည့်K-8Wလေယာဉ်များတပ်တော်ဝင် အခမ်းအနားသည် တတိယအကြိမ်ဖြစ်၍ ယခုလွှဲပြောင်းမှုအပါအဝင် တပ်မတော်(လေ)သို့ စုစုပေါင်းK-8W လေယာဉ် ၁၈ စင်း လွှဲပြောင်းပေးပြီးဖြစ်ကြောင်း သိရသည်။
K-8W လေ့ကျင့်ရေးဂျက်လေယာဉ်များသည် အပေါ့စားတိုက်ခိုက်ရေးတာဝန်များကို ထမ်းဆောင်နိုင်ပြီး ခေတ်မီအဆင့်မြင့် ရှေ့တန်းဂျက်တိုက်လေယာဉ်များ မောင်းနှင်မည့် လေသူရဲများ ကို ကြားခံလေ့ကျင့်ပေးနိုင်သော အပေါ့စားတိုက်ခိုက်ရေး အမောင်းသင်ဂျက်လေယာဉ်အမျိုးအစားဖြစ်သည်။ တပ်မတော် (လေ)၏ အနာဂတ်မျိုးဆက်သစ်လေသူရဲများကို လေ့ကျင့်ပျိုးထောင် ပေးသွားနိုင်မည်ဖြစ်၍ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ဆတက်ထမ်းပိုး ထမ်းဆောင်သွားနိုင်ရန် များစွာအထောက်အကူ ပြုနိုင်မည်ဖြစ်ပါသည်။
မြန်မာ့တပ်မတော်ကို အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သည့် ခေတ်မီမျိုးချစ်တပ်မတော်အဖြစ် ရည်မှန်းတည်ဆောက်လျက်ရှိရာ ယခုကဲ့သို့ လေတပ်၊ ရေတပ်၊ ကြည်းတပ်တို့ကို ခေတ်မီလက်နက်များ တပ်ဆင်အသုံးပြုခြင်းဖြင့် နိုင်ငံတော်က အားကိုးရသည့် ခေတ်မီတပ်မတော်ဖြစ်ရေး ကြိုးပမ်းတည်ဆောက်သွားရန် လိုအပ်ပါကြောင်း။ ။

No comments:

Post a Comment