မန္တလေး မတ် ၂၉
မန္တလေးမြို့တွင် ရောက်ရှိနေသော ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့်
ဇနီး ဒေါ်နန်းရွှေမှုန်တို့သည် ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၊
ဒေါက်တာသန်းအောင်၊ ဦးစိုးဝင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးရဲမြင့်၊
ဒုတိယဝန်ကြီး ဗိုလ်ချုပ် ကျော်ညွန့်၊ ဦးသန်းဆွေ၊
တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် မန္တလေး မြို့တည်
နန်းတည် သမိုင်းဝင်သတ္တဌာန အဆောင်တော်များဖွင့်ပွဲမဟာမင်္ဂလာ အခမ်းအနားသို့
တက်ရောက်ချီးမြှင့်သည်။အစီအစဉ်အရ တိုင်းဒေသကြီး ဝန်ကြီးချုပ်က သမိုင်းဝင်သတ္တဌာန အဆောင်တော်များတည်ရှိရာ ရတနာပုံ မုခ်ဦးကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ပြည်ထောင်စုဝန်ကြီးများက မုခ်ဦးအား အမွှေးနံ့သာရည်များ ပက်ဖျန်းကြသည်။
မုခ်ဦးကိုဖွင့်လှစ်စဉ် တိုင်းဒေသကြီးဝန်ကြီးများ၊ အလှူရှင်မိသားစုများနှင့် တာဝန်ရှိသူများက ပိဋကတ်တိုက်တော်ကြီးနှင့် ပိဋကတ်အုတ်ကျောင်းတော်အဝင်မုခ်ဦး၊ မဟာပဋ္ဌာန်းဟော ရွှေသိမ်တော်ကြီးနှင့် အဝင်မုခ်ဦး၊ သုဓမ္မာဇရပ်တော်ကြီးနှင့် အဝင်မုခ်ဦး၊ သာသနာပိုင် ဆရာတော်ကြီးများ သီတင်းသုံးတော်မူရာ သုဓမ္မာ ရွှေကျောင်းတော်ကြီးနှင့် အဝင်မုခ်ဦး၊ ရတနာပုံမြို့တည် နန်းတည် ကုသိုလ်ရှင် မင်းတုန်းမင်းတရားကြီးနှင့် မြောက်နန်းစံ မိဖုရားကြီး စင်္ကြာဒေဝီတို့၏ ဗိမာန်တော်ကြီးနှင့် အဝင်မုခ်ဦး၊ မန္တလေး မြို့တည် နန်းတည် ရတနာပုံ ကျောက်စာတိုင်နှင့် အဝင်မုခ်ဦး၊ စနုဆောင်နှစ်ဆောင်မုခ်ဦး၊ ကျောက်တော်ကြီး မြတ်စွာဘုရား မုခ်ဦးများကို ဖဲကြိုးဖြတ်ဖွင့်လှစ်ကြသည်။
ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ် အဓိပတိ ဒေါက်တာ အရှင် ဥာဏိဿရ အမှူးပြုသည့် ဆရာတော် သံဃာတော်များ၊ ဒုတိယသမ္မတနှင့် ဇနီးနှင့်အဖွဲ့ဝင်များ၊ အလှူရှင်များသည် မဟာဗောဓိပင်အားစိုက်ပျိုးပြီး အမွှေးနံ့သာရည်များ၊ ရေစင်ရေသန့်များ သွန်းလောင်းပူဇော်ကြသည်။
ယင်းနောက် မန္တလေးမြို့တည် နန်းတည် သမိုင်းဝင်သတ္တဌာန အဆောင်တော်များကို လှည့်လည်ကြည့်ရှုသည်။
ထို့နောက် ယာယီမဏ္ဍပ်၌ နိုင်ငံတော် သြဝါဒါစရိယ၊ ဘုရားကြီးတိုက် လယ်ပေါ်ကျောင်းဆရာတော် ဘဒ္ဒန္တ ကာရုညထံမှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး နိုင်ငံတော်သြဝါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မဇောတိက သက်တော်ရှည် ဝါဆိုကျောင်း ဆရာတော်ကြီး ဘဒ္ဒန္တ အဂ္ဃိယ၊ နိုင်ငံတော်သြဝါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂ မဟာသဒ္ဓမ္မ ဇောတိက သက်တော်ရှည် မြတောင်ကျောင်းတိုက် သာသနပါလ ရွှေဝါဝင်းကျောင်း ဆရာတော်ကြီး ဘဒ္ဒန္တ သာသနာဘိဝံသ၊ သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်အဓိပတိ ဒေါက်တာ အရှင်ဥာဏိဿရတို့ထံမှ သြဝါဒ ကထာနာယူကြသည်။
ယင်းနောက် အလှူရှင် သီရိသုဓမ္မ မဏိဇောတဓရ ဒေါက်တာ သုဓမ္မာ ဦးကျော်ဝင်းက မန္တလေးမြို့တည် နန်းတည်သမိုင်းဝင် သတ္တဌာန အဆောက်အုံများ လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြလျှောက်ထားသည်။
ထို့နောက် ဒုတိယသမ္မတဒေါက်တာ စိုင်းမောက်ခမ်းနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက အခမ်းအနားသို့ ကြွရောက်တော် မူလာကြသည့် ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ မြတောင်ကျောင်းတိုက် သာသနပါလ ရွှေဝါဝင်းကျောင်း ဆရာတော် ဘဒ္ဒန္တ သာသနာဘိဝံသထံမှ အနုမောဒနာတရား နာယူကြည်ညိုပြီး ဆရာတော် သံဃာတော်များအား သာသနာပိုင် ဆရာတော်ကြီးများ သီတင်းသုံးတော်မှုရာ သုဓမ္မာ ရွှေကျောင်းတော်ကြီး၌ နေ့ဆွမ်းဆက်ကပ်သည်။
ကုန်းဘောင်မင်းဆက် ဘုရင်တစ်ပါးဖြစ်သည့် မင်းတုန်းမင်းတရားကြီးသည် ရတနာပုံမန္တလေးမြို့တည်နန်းတည် သတ္တဌာနများဖြစ်သည့် မဟာလောက မာရဇိန် ကုသိုလ်တော်ဘုရားကြီး၊ မဟာအတုလဝေယံအတုမရှိကျောင်းတော်ကြီး၊ မဟာပဋ္ဌာန်းဟောရွှေသိမ်တော်ကြီး၊ သုဓမ္မာရွှေဇရပ်တော်ကြီး၊ ပိဋကတ်တိုက်တော်ကြီး၊ မန္တလေးမြို့ရိုးနှင့် ကျုံးတော်လေးဖက်လေးတန်တို့အား မြန်မာသက္ကရာဇ် ၁၂၂၁ ခုနှစ် ကဆုန်လပြည့်ကျော် ၆ ရက်တွင် တစ်ပြိုင်တည်းပန္နက်တော်တင်တည်ဆောက်ခဲ့ပြီး မြန်မာသက္ကရာဇ် ၁၂၂၃ ခုနှစ် ဒုတိယဝါဆိုလဆန်း ၁၃ ရက် တွင် ရေစက်သွန်းချလှူဒါန်းခဲ့သည်။
ခရစ်သက္ကရာဇ် ၁၉၃၉ - ၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်ကာလအတွင်း အဆိုပါ သတ္တဌာနများမှာ မီးလောင်ပျက်စီးခဲ့သည့်အတွက် ခေတ်အဆက်ဆက်အစိုးရများက နန်းမြို့ရိုး၊ ကျုံးတော်၊ လောကမာရဇိန်ကုသိုလ် တော်ဘုရားကြီးနှင့် မဟာအတုလဝေယံ ကျောင်းတော်ကြီးတို့ကို ပြုပြင်ခဲ့ပြီး မပြည့်မစုံဖြစ်ခဲ့ရာ အလှူရှင် သီရိ သုဓမ္မမဏိ ဇောတဓရ ဒေါက်တာ သုဓမ္မာ ဦးကျော်ဝင်းနှင့်ဇနီး သုဓမ္မ သိင်္ဂီ ဒေါ်မြင့်မြင့်သန်း မိသားစုတို့က အလှူငွေကျပ် သိန်းပေါင်း ငါးသောင်း သုံးထောင့်တစ်ရာကျော် အကုန်အကျခံ၍ ပြည့်စုံအောင် ပြန်လည်ပြုပြင် တည်ဆောက်လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။
မွန်းလွဲ ၁၂ နာရီခွဲတွင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် အဖွဲ့ဝင်များသည် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(မန္တလေး)သို့ ရောက်ရှိပြီး မန္တလေးမြို့ပေါ်ရှိ ဆေးဘက်ဆိုင်ရာတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်မှ ပါမောက္ခ၊ ဌာနမှူးများ၊ သင်ကြားရေးဆိုင်ရာ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲအခမ်းအနားတွင် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (မန္တလေး)ခေတ္တပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာ ဒေါ်ဆန်းဆန်းဝင်းက သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (မန္တလေး)ဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက အမှာစကားပြောကြားရာတွင် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်(မန္တလေး)၏ အခြေအနေအရပ်ရပ်နှင့် လိုအပ်သည်များကို ဖြည့်ဆည်းပေးနိုင်ရန် လာရောက်ခြင်းဖြစ်ပါကြောင်း၊ သင်ကြားမွေးထုတ်ပေးသည့် ကျောင်းသား ကျောင်းသူများ၏ အရည်အသွေး အရည်အချင်းများသည် ဤတက္ကသိုလ်၏ ပုံရိပ်များပင်ဖြစ်ပါကြောင်း၊ ပါမောက္ခချုပ်မှ အစပြု၍ ဝန်ထမ်းများအဆုံး စည်းလုံးညီညွတ်မှုရှိမှသာ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်၏ အဆင့်အတန်းမြင့်မားလာမည်ဖြစ်ပါကြောင်း၊ ဤတက္ကသိုလ်ရှိ ဆရာ ဆရာမများ အဆင့်ဆင့် ဝန်ထမ်းများအတွက် ဝန်ထမ်းအိမ်ရာ လျှပ်စစ်မီး၊ ရေလိုအပ်ချက်များ လုံလောက်စွာရရှိရေး၊ ဝန်ထမ်းများ၏ လူမှုစီးပွားပြည့်စုံရေးသည် ကျန်းမာရေးကဏ္ဍ မြှင့်တင်ရာ၌ တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေနိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်ကလည်း ကျန်းမာရေးကဏ္ဍမြှင့်တင်မှု အနေဖြင့် ကျန်းမာရေးဝန်ကြီးဌာန ဝန်ထမ်းများခန့်ထားရာတွင် ရာနှုန်းပြည့် ခန့်ထားခွင့်ပြုခဲ့ပါကြောင်း၊ သင်ထောက်ကူပစ္စည်းများ ပြည့်စုံစွာ ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ အရေအတွက်ရော အရည်အသွေးပါ ပြည့်ဝသည့် ကျောင်းသား ကျောင်းသူများပေါ်ထွန်းလာစေရန် သင်ကြားပြသပေးကြရမည် ဖြစ်ပါကြောင်း၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်အနေဖြင့် သွားဘက်ဆိုင်ရာ ဆေးပညာစွမ်းအားဖြင့် ကျန်းမာသန်စွမ်းသည့် ပြည်သူများ မွေးထုတ်ရာတွင် တစ်တပ်တစ်အား အထောက်အကူပြုကြမည်ဖြစ်ပါကြောင်း၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်အား အရည်အသွေး ပြည့်စုံသည့် နိုင်ငံတကာအဆင့် ဖြစ်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် ဒုတိယသမ္မတသည် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (မန္တလေး) ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးပြီး သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (မန္တလေး) အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (မန္တလေး)ကို ၁၉၉၈ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၉၉ ခုနှစ် နိုဝင်ဘာ ၂၉ ရက်တွင် ဆေးတက္ကသိုလ်(မန္တလေး)နှင့် တွဲဖက်၍ ပညာသင်ကြားပေးခဲ့သည်။ ၂ဝဝဝ ပြည့်နှစ် ဒီဇင်ဘာ ၁၁ ရက်မှ စတင်၍ ယခုလက်ရှိ ချမ်းမြသာစည်မြို့နယ် မြို့သစ် (၁)ရပ်ကွက် (၆၂)လမ်းရှိ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (မန္တလေး)တွင် သွားဘက်ဆိုင်ရာ ဆေးပညာများကို ဆက်လက်သင်ကြားလျက်ရှိသည်။ (သတင်းစဉ်)
No comments:
Post a Comment