သမ၀ါယမချေးငွေနှင့် ကျေးလက်ဖွံ့ဖြိုးရေး
မြန်မာနိုင်ငံ၏ လူဦးရေ ၇ဝ ရာခိုင်နှုန်းသည် ကျေးလက်နေ
ပြည်သူများဖြစ်ကြပါသည်။ အများစုမှာ လယ်ယာလုပ်ငန်းခွင်
လုပ်ကိုင်ကြခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသူများဖြစ် ကြပါသည်။
နိုင်ငံတော်က ၂ဝ၁၅ ခုနှစ်တွင် ဆင်းရဲမှုကို ၂၆ ရာခိုင်နှုန်းမှ ၁၆
ရာခိုင်နှုန်းလျှော့ချသွားရန် မျှော်မှန်းလုပ်ဆောင် လျက်ရှိပါသည်။ ဤသို့
ဆင်းရဲမှုလျှော့ချရာတွင် ကျေးလက်နေ ပြည်သူများ၏ လူမှုဘဝမြှင့်တင်ရေးသည်
အခြေခံအကျဆုံး ဖြစ်ပါသည်။
ကျေးလက်နေပြည်သူများ၏
လူမှုဘဝမြှင့်တင်ရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်
အိမ်တွင်းမှုတစ်ပိုင်တစ်နိုင် စီးပွားရေး လုပ်ငန်းများ
ဖွံ့ဖြိုးတိုးတက်အောင် ပံ့ပိုးပေးရမည်ဖြစ်ပါသည်။ ကျေးလက်နေ ပြည်သူများ၏
အခြေခံစီးပွားရေးလုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်ရာတွင် နည်းပညာနှင့်
ငွေကြေး အရင်းအနှီးသည် အလိုအပ်ဆုံးဖြစ်ပါသည်။ ထို့ကြောင့်လည်း
သမဝါယမဝန်ကြီးဌာနက လိုအပ်သော အရင်းအနှီးချေးငွေများ ထုတ်ချေးလျက်ရှိရာ
တရုတ်ပို့ကုန်သွင်းကုန်ဘက်မှ အမေရိကန် ဒေါ်လာ သန်း ၃ဝဝ ချေးယူ၍
အရင်းအနှီးချေးငွေမရသေးသော လယ်သမားမိသားစုများအား ထုတ်ချေးပေးရန်
စီစဉ်လျက်ရှိပါ သည်။
အဆိုပါအမေရိကန်ဒေါ်လာ သန်း ၃ဝဝ ချေးယူရေး အတွက် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ် မြောက် ပုံမှန်အစည်းအဝေး (၁၈) ရက်မြောက်နေ့တွင် အတည်ပြုခဲ့ ပြီးဖြစ်ပါသည်။ ယင်းအစီအစဉ်တွင် အမေရိကန်ဒေါ်လာသန်း ၂၂ဝ ကို အသေးစားနှင့် အရင်းအနှီးချေးငွေမရရှိသေးသည့် အသင်းသား ပြည်သူများသို့ ထုတ်ချေးပေးသွားရန် ပါဝင်လျက်ရှိသည်။
ချေးငွေရရှိပြီးသူများအတွက် ငွေကျပ်တစ်သိန်းမှ ငါးသိန်း အထိ တိုးမြှင့်ပေးရန် အမေရိကန် ဒေါ်လာ သန်း ၅ဝ သုံးစွဲသွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ ထို့အတူ လယ်ယာသုံးပစ္စည်းများ ကို လယ်သမားများက ကြိုက်နှစ်သက်ရာဝယ်ယူမှုအပေါ် အရစ်ကျငွေချေစနစ်ဖြင့် ကြားခံဆောင်ရွက်ရန် အမေရိကန်ဒေါ်လာ သန်း ၃ဝ လျာထားကြောင်း သိရသည်။
ကျွန်ုပ်တို့မြန်မာနိုင်ငံ၌ ကျေးရွာပေါင်း ၆၃၉၈၃ ရွာရှိပြီး အသေးစားအရင်းအနှီးချေးငွေလုပ်ငန်း လွှမ်းခြုံနိုင်သော ကျေးရွာ ၂၃၄၅၁ ရွာသာရှိပါသည်။ ကျန်ရှိကျေးရွာများ ယခုချေးငွေဖြင့် ဆောင်ရွက်ပေးနိုင်ရန် စီစဉ်လျက်ရှိပါသည်။ ကျေးလက်နေ ပြည်သူများအနေဖြင့်လည်း ယခုရရှိသောချေးငွေကို အသုံးပြုကာ စိုက်ပျိုးရေး၌ဖြစ်စေ၊ မွေးမြူရေး၌ဖြစ်စေ အောင်မြင်အောင် ကြိုးစားဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါသည်။ ရရှိသော ချေးငွေများကိုအခြားနည်းလမ်းဖြင့် ဖြုန်းတီးမပစ်ရန် အထူးဂရု ပြုရမည့်အချက်ဖြစ်ပါသည်။
သို့ပါ၍ အသေးစားအရင်းအနှီး ချေးငွေလုပ်ငန်း၊ လယ် ယာသုံး၊ လုပ်ငန်းသုံး၊ ရေလုပ်ငန်းသုံး စက်ပစ္စည်းကိရိယာများ အရစ်ကျချေးငွေစနစ်ဖြင့် ရောင်းချပေးခြင်းလုပ်ငန်း၊ သမဝါယမ အသင်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းတို့ကို တစ်နိုင်ငံလုံး ကျယ်ပြန့်ထိရောက်အောင် ဆောင်ရွက်လာနိုင်သည်နှင့်အမျှ ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်မှု၊ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်မှု၊ လယ်ယာထုတ်ကုန်တိုးပွားပြီး တိုင်းပြည်စီးပွားဖွံ့ဖြိုး တိုးတက်မှုတို့ကို မလွဲမသွေ ရရှိလာမည်ဖြစ်ပါကြောင်း။ ။

No comments:
Post a Comment