Sunday, March 1, 2015

မန္တလေးအသင်း ပင်နယ်တီဖြင့် ချန်ပီယံဖြစ်



အမျိုးသားအားကစားပွဲတော်၏ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ အဖြစ် မန္တလေး နှင့် ကရင်အသင်း တို့သည် ယနေ့ညနေ ၄ နာရီက ဝဏ္ဏ သိဒ္ဓိကွင်း၌ ယှဉ်ပြိုင်ကစားရာ မန္တလေးအသင်းက ပင်နယ်တီ အဆုံးအဖြတ်ဖြင့် အနိုင်ရဗိုလ်စွဲ သွားသည်။
မန္တလေး-ငါးဂိုး
ကရင်-လေးဂိုး
အုပ်စုတွင်း တွေ့ဆုံစဉ် တစ်ဂိုးစီ သရေကျခဲ့သည့် မန္တလေးနှင့် ကရင် အသင်းတို့မှာ ယခုပွဲတွင်လည်း မိနစ် ၉ဝ အတွင်း အရှုံးအနိုင်မပေါ်ခဲ့ဘဲ ပင်နယ်တီကျမှ အဖြေပေါ်ခဲ့ခြင်းဖြစ် သည်။
ကရင်အသင်းမှာ အောင်မြင်မှု နှင့် ဝေးကွာနေမှုကို အဆုံးသတ်နိုင်ရန် ကြိုးပမ်းခဲ့သော်လည်း မန္တလေး အသင်းကသာ ချန်ပီယံဆုရခဲ့ခြင်း ဖြစ်သည်။
ပွဲအစနှစ်မိနစ်မှာပင် စောဟန်ဝင်း တို့က ကရင်အတွက် ဂိုးစတင်သွင်းယူ ခဲ့၍ မန္တလေးအသင်း နောက်မှလိုက် ကစားခဲ့သော်လည်း ပုံစံကောင်းကို ဆက်လက်ပြသနိုင်ခဲ့သည်။ မန္တလေး အသင်းမှာ ဂိုးပေးခဲ့ရသော်လည်း ကစားကွက်မိမိဖြင့် ကစားနိုင်ခဲ့ပြီး ၁၇ မိနစ်တွင် အောင်ဘိုဘိုဆန်းက ချေပဂိုး ပြန်သွင်းခဲ့သည်။ မိနစ် ၉ဝ ပြည့်သည်အထိ ဂိုးမသွင်းနိုင်သော ကြောင့် အချိန်ပိုအစား ပင်နယ်တီ ဖြင့် တိုက်ရိုက်ဆုံးဖြတ်ခဲ့သည်။ ပင်နယ်တီငါးလုံးစီ ကန်ရာတွင် မန္တလေးက လေးဂိုးဝင်ပြီး ကရင်က သုံးဂိုးသာ ဝင်သောကြောင့် မန္တလေး အသင်းက စုစုပေါင်း ငါးဂိုး-လေးဂိုး ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။
အမျိုးသားဘောလုံးပြိုင်ပွဲအပြီးတွင် မန္တလေးအသင်းက ပထမ၊ ကရင်က ဒုတိယ၊ ပဲခူးအသင်းက တတိယ ရရှိခဲ့သည်။
သတင်းနှင့်
ဓာတ်ပုံ
ရှိုင်းထက်ဇော်

No comments:

Post a Comment