Sunday, March 1, 2015

ဒုတိယသမ္မတ ဦးဉာဏ်ထွန်း စတုတ္ထအကြိမ် အမျိုးသားအားကစားပွဲတော်ပိတ်ပွဲ တက်ရောက်ဆုချီးမြှင့်




နေပြည်တော် ဖေဖော်ဝါရီ ၂၈
စတုတ္ထအကြိမ် အမျိုးသားအားကစားပွဲတော် ပိတ်ပွဲအခမ်းအနားကို ယနေ့ညနေ ၆ နာရီတွင် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားရုံ၌ ကျင်းပရာ ပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီနာယက ဒုတိယသမ္မတ ဦးဥာဏ်ထွန်း တက်ရောက် အားပေးချီးမြှင့်သည်။
ရှေးဦးစွာ ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် အမျိုးသားအားကစား ပွဲတော် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲပွဲစဉ်အဖြစ် မန္တလေးတိုင်းဒေသကြီး ဘောလုံးအသင်းနှင့် ကရင်ပြည်နယ်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးသည်။
ဒုတိယသမ္မတနှင့်အတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးမြသိမ်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ မြန်မာနိုင်ငံ အမျိုးသားအားကစားကော်မတီဥက္ကဋ္ဌ အားကစားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ အားကစားဝန်ကြီး ဌာနမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အသင်းအုပ်ချုပ်သူများ၊ နည်းပြ များ၊ အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။
ဆက်လက်၍ အမျိုးသားအားကစားပွဲတော် ပိတ်ပွဲအခမ်းအနားနှင့် အမျိုးသားဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ အမျိုးသားဘောလုံးပြိုင်ပွဲ တတိယဆုရ ပဲခူးတိုင်းဒေသကြီးအသင်းမှ အားကစား သမားများအား ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းကလည်းကောင်း၊ ဒုတိယဆုရ ကရင်ပြည်နယ်အသင်း အားကစားသမားများအား ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်းက လည်းကောင်း၊ ပထမဆုရ မန္တလေးတိုင်းဒေသကြီးအသင်း အားကစားသမားများအား ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်ကလည်းကောင်း တစ်ဦးချင်းဆုတံဆိပ်များကို ပေးအပ်သည်။
ယင်းနောက် စတုတ္ထအကြိမ်မြောက် အမျိုးသားအားကစားပြိုင်ပွဲ၌ တတိယ တံခွန်စိုက်ဆုရ ပဲခူးတိုင်းဒေသကြီးအသင်းအား ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း က လည်းကောင်း၊ ဒုတိယတံခွန်စိုက်ဆုရ မန္တလေးတိုင်းဒေသကြီးအသင်းအား ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်က လည်းကောင်း၊ ပထမတံခွန်စိုက်ဆုရ ရန်ကုန်တိုင်းဒေသကြီးအသင်းအား ဒုတိယသမ္မတ ဦးဥာဏ်ထွန်းကလည်းကောင်း တံခွန်စိုက်ဆုဖလားများကို ချီးမြှင့်ပေးအပ်သည်။
ထို့နောက် စစ်တီးဝိုင်းမှဦးဆောင်၍ အလံချအဖွဲ့နှင့် အလံသယ်အဖွဲ့တို့သည် ကွင်းအတွင်းသို့ ဝင်ရောက်နေရာယူပြီး ပြိုင်ပွဲဝင်အားကစားသမားများ ဆက်လက် နေရာယူကြသည်။
ထို့နောက် ဒုတိယသမ္မတက အမျိုးသားအားကစားပွဲတော်ပိတ်ပွဲအထိမ်း အမှတ် အမှာစကားပြောကြားရာတွင် ဖေဖော်ဝါရီ ၁၃ ရက်က စတင်ကျင်းပခဲ့ သည့် စတုတ္ထအကြိမ် အမျိုးသားအားကစားပွဲတော်၏ ပြိုင်ပွဲတစ်လျှောက်လုံးတွင် ပြိုင်ပွဲဝင် အားကစားသမားများသည် သန့်ရှင်းစင်ကြယ်သည့် အားကစားစိတ်ဓာတ် များနှင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး မိမိတို့ ကိုယ်စားပြုသည့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီး၏ ဂုဏ်ရောင်ကို အားကစားဖြင့် ထွန်းပြောင် စေခဲ့ကြသည်ကို တွေ့ရှိရသည့်အတွက် အထူးဝမ်းမြောက် ဂုဏ်ယူပါကြောင်း။
ယခုအားကစားပွဲတော်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၏ ဆုံစည်းမှုသည် သာမန်ဆုံစည်းမှု မဟုတ်ဘဲ သန့်ရှင်းမွန်မြတ်သည့် အားကစားစိတ်ဓာတ်ကို အခြေခံပြီး တရားမျှတ သည့် ယှဉ်ပြိုင်မှုများနှင့် ရင်းနှီးချစ်ကြည်စွာ ဆုံစည်းမှုပင်ဖြစ်ပါကြောင်း၊ အားကစားသဘာဝအရ အရှုံးနှင့် အနိုင်ဆိုသည်မှာ အမြဲဒွန်တွဲရှိနေတတ်သော် လည်း နယ်ပယ်အသီးသီးက အားကစားအဖွဲ့အားလုံး ရရှိလိုက်သည့် အားကစား အပေါ်တွင် အခြေခံသည့် ညီရင်းအစ်ကို မောင်နှမစိတ်ဓာတ်နှင့် တစ်ယောက် အတွက် အများ၊ အများအတွက် တစ်ယောက်ဆိုသည့် စည်းလုံးညီညွတ်မှုများသည် တန်ဖိုးမဖြတ်နိုင်သည့် အမြတ်အဖြစ် ထာဝရကျန်ရစ်ခဲ့မည်ဖြစ်ပါကြောင်း။
ယခုပြိုင်ပွဲဖြစ်မြောက်အောင်မြင်ရန် ကဏ္ဍအသီးသီးက ကြီးကြပ်ဆောင်ရွက် ပေးကြသည့် ပုဂ္ဂိုလ်များ၊ အားကစားပြိုင်ပွဲများတွင် တာဝန်ထမ်းဆောင်ကြသော အဖွဲ့ချုပ်များမှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဒိုင်များ၊ ဂျူရီများ၊ အုပ်ချုပ်သူများ၊ နည်းပြများ၊ ကစားသမားများ အားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်းကို မှတ်တမ်းတင်ပြောကြားလိုကြောင်း။
စင်ကာပူနိုင်ငံတွင် မကြာမီကျင်းပမည့် (၂၈) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲနှင့် (၈) ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစား ပြိုင်ပွဲများတွင် အောင်မြင်မှုရရှိရေးအတွက် ရည်ရွယ်ပြီး ကြိုတင်ပြင်ဆင် သည့်အနေဖြင့် ယခုအမျိုးသားအားကစားပြိုင်ပွဲကို ကျင်းပခဲ့ခြင်းဖြစ်သည့်အတွက် ရည်ရွယ်ချက်များအတိုင်း ပေါက်မြောက်အောင်မြင်ရန် အရှိန်အဟုန်မပြတ် ဆက်လက်လေ့ကျင့်ပြင်ဆင်သွားကြရန် တိုက်တွန်းလိုပါကြောင်း။
လေ့ကျင့်သားပြည့်ဝမှု၊ စံချိန်စံညွှန်းကောင်းမွန်မှု၊ ကာယကြံ့ခိုင်မှု၊ ဥာဏ်ရည်ထက်မြက်မှု၊ စည်းလုံးညီညွတ်မှု၊ ဇွဲလုံ့လရှိမှု၊ စည်းကမ်းလိုက်နာမှု၊ စာရိတ္တကောင်းမွန်မှု စသည့် အားကစားသမား ဂုဏ်ရည်များနှင့် ပြည့်စုံသည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားမောင်မယ် အကျော်အမော်များအဖြစ် အောင်မြင်မှု များ ဆွတ်ခူးနိုင်ပါစေဟု ဆုမွန်ကောင်းတောင်းလိုက်ပါကြောင်း။
ယခုပြိုင်ပွဲမှ ရရှိခဲ့သည့် သွေးစည်းညီညွတ်ရေးစိတ်ဓာတ်ဖြင့် ပြည်ထောင်စု တစ်နံတစ်လျားက တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ ယခုထက်ပိုမိုသည့် စည်းလုံးညီညွတ်မှု၊ အပြန်အလှန် နားလည်မှု၊ နွေးထွေးသည့် ချစ်ကြည်ရင်းနှီးမှု၊ ပွင့်လင်းသည့် အမြင်ချင်းဖလှယ်မှုများဖြင့် အားကစားကဏ္ဍမှသည် မြင့်မားသည့် လူမှုအသိုက်အဝန်းဆီသို့ လှမ်းချီရင်း နိုင်ငံတော်၏ဂုဏ်ကို အားကစားနှင့် အစွမ်းကုန်မြှင့်တင်ဆောင်ရွက်နိုင်ကြပါစေဟုဆန္ဒပြုရင်း စတုတ္ထအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးအား အောင်မြင်စွာ ပိတ်သိမ်းပါကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် အားကစားဝန်ကြီးဌာန အလံချအဖွဲ့က စတုတ္ထအကြိမ် အမျိုးသား အားကစားပွဲတော်အလံကို တိုင်ထိပ်မှချ၍ အလံသယ်အဖွဲ့က ကွင်းအတွင်းမှ ပြန်လည်သယ်ဆောင်သည်။
ဆက်လက်၍ တေးသံရှင် ချမ်းချမ်းနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အနုပညာ ရှင်များ၊ အားကစားသမားများက ဂီတစာဆိုဟင်္သာတမြင့်ငွေရေးသားသော သွေးချင်းတို့ရေ နှုတ်ဆက်သည်သီချင်းဖြင့် ကပြဖျော်ဖြေသီဆိုခဲ့သည်။
(သတင်းစဉ်)
 

No comments:

Post a Comment