Monday, March 2, 2015

ယောဒေသ ကျေးလက်ပြည်သူများအား အကျိုးပြုနေသော ကားရထား




ဤခရီးနီးသလား။
ငါးနာရီလာရ၏။
မီးရထားစီးလာပါ။
အလကားမစီးရ။
ဤအရာသတိထားပါ။
ကျွန်တော်မူလတန်းပြ ဆရာဘဝက သူငယ်တန်းတွင် သင်ပေးခဲ့ရသော သူငယ်တန်းဖတ်စာပါ သင်ခန်းစာဖြစ်ပါသည်။ မူလတန်းပြဆရာအဖြစ် နှစ် ၂ဝ တာဝန်ထမ်းဆောင် ခဲ့ရာ သူငယ်တန်းမှစတုတ္ထတန်းအထိ မသင်ဖူးသော အတန်း မရှိ။ သူများမသင်ချင်သော သူငယ်တန်းနှင့် စတုတ္ထ တန်းတို့ကို အကြိမ်ကြိမ်သင်ပေးခဲ့သဖြင့် ယခုပင်စင်ယူပြီး သော်လည်း မမေ့သေး။ အလွတ်ရနေဆဲဖြစ်သည်။
ကျွန်တော်တို့ကလေးဒေသနှင့် ဂန့်ဂေါဒေသတွင် ၁၉၉၅ ခုနှစ်ရောက်မှ မီးရထားကို စတင်မြင်ဖူး၊ စီးဖူးကြခြင်း ဖြစ်သည်။ မြန်မာ့မီးရထားသက်တမ်း နှစ်(၁ဝဝ)ပြည့်ခါနီးမှ မြင်ကြရ၊ စီးကြရ ခြင်းဖြစ်သည်။ ရထားမစီးဖူးကြ သဖြင့် ကားစီးရသလိုအောက်မေ့ကာ ရထားပေါ်ကျမှ ရထားခပေးရမည်ဟု ထင်ခဲ့သည်။ ရထားစီးလျှင် လက်မှတ် ဖြတ်ရကောင်းမှန်းမသိ။ လက်မှတ် ဝယ်စီးရကောင်းမှန်း မသိသူများ၏ အဖြစ်ကို အခွင့်ကောင်းယူ၍ ရထား ဝန်ထမ်းအချို့ အလုပ်ပြုတ်ခါမှ ဒေသခံ တို့မှာလည်း ရထားစီးလျှင် ရထားခ လက်မှတ်ဖြတ်၍ စီးရကြောင်းကောင်း ကောင်းသိရှိသွားကြတော့သည်။
ကျွန်တော်နေထိုင်ရာ ကလေးဒေသတွင် ကလေး-ဂန့်ဂေါ ရထားလမ်းကြီး ကို ၁၉၉၅ ခုနှစ်က စတင်ဖောက်လုပ် ပြီးစီးခဲ့ပြီး ၁၉၉၅ ခုနှစ် ဧပြီ ၂၃ ရက်နေ့ကစ၍ ကလေး-နတ်ချောင်း ကားရထားကို စတင်ပြေးဆွဲပေးခဲ့ပါ သည်။ ထိုစဉ်က ကားရထားစီးခမှာ ငါးကျပ်မျှသာဖြစ်သည်။ ကလေး-နတ် ချောင်း ၁၂ မိုင်ဝေးသည်။ ကလေး ဘူတာနှင့် နတ်ချောင်းဘူတာကို နေ့စဉ် နှစ်ခေါက် အသွားအပြန် လေးခေါက်ပြေးဆွဲပေးခဲ့သည်။ ထိုစဉ် က ကလေး-နတ်ချောင်းကားခမှာ ကျပ် ၅ဝ ပေးရသည်။ ရထားစီးခက ကားခ ထက် ၁ဝ ဆ သက်သာသည်။ ထို့ကြောင့် ရထားခဈေးချို၍ ရထား ကိုသာ စီးကြတော့သည်။ စာရေးသူလည်း ကလေးမြို့သို့ လစာသွားထုတ်တိုင်း ကားရထားပေါ်စက်ဘီးတင် လူစီး၍ လိုက်ပါလေ့ရှိသည်။ ရထားစီးခ ငါးကျပ်၊ စက်ဘီးတစ်စီးတင်ခ ငါးကျပ်၊ ပေါင်း ၁ဝ ကျပ်ပေးလိုက်ရုံနှင့် ကလေးမြို့ ရောက်သွားတော့သည်။
နတ်ချောင်း-ကလေးဈေးသည်များ လည်း နေ့တိုင်းစီးကြသည်။ ရထားစီး၍ ဈေးရောင်းကြသည်။ ကလေးတက္ကသိုလ်တက် ကျောင်းသားများလည်း ရထားစီး၍ တက္ကသိုလ်တက်ကြသည်။ ရထားကြောင့် အလွန်အဆင်ပြေ ကြသည်။
ကလေး-ဂန့်ဂေါရထားလမ်းပိုင်းတွင် ကလေး-ဂန့်ဂေါရထားကြီးသည် ၁၉၉၆ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်က စတင် ပြေးဆွဲပါသည်။ စတင်ပြေးဆွဲစဉ်က ရထားခမှာ ကျပ် ၄ဝ သာပေးရသည်။ ကလေး-ဂန့်ဂေါ ၈၂ မိုင် ဝေးသည်။ ကလေးဘူတာမှ နံနက် ၆ နာရီထွက် ဂန့်ဂေါဘူတာသို့ မွန်းတည့် ၁၂ နာရီ ရောက်၊ ဂန့်ဂေါဘူတာမှ မွန်းလွဲ ၁ နာရီပြန်ထွက် ကလေးဘူတာသို့ ည ၈ နာရီ၊ ၉ နာရီ ပြန်ရောက် ခေါက်ပြန်ပြေးဆွဲပေးခဲ့သည်။
ထိုသို့ ရထားကြီးပြေးဆွဲပေးပြီး တစ်နှစ်ကျော်အကြာတွင် ရထားစီး ခရီးသည် များပြားလွန်းလှသဖြင့် ကလေး-ဂန့်ဂေါရထားလမ်းပိုင်းတွင် ကျေးလက်နေပြည်သူများ သွားရေး၊ လာရေး အဆင်ပြေစေရန် နောက်ထပ် ကားရထားနှစ်စင်း တိုးချဲ့ပြေးဆွဲပေး ခဲ့ပါသည်။ ထိုကားရထားနှစ်စင်းမှာ- ဟံသာဝတီကားရထားနှင့် မွေ့လယ်ကားရထားတို့ဖြစ်သည်။ ယခင်ပြေးဆွဲ ပေးနေသော ''နတ်ချောင်းကား ရထား''နှင့်ဆိုပါက ကလေး-ဂန့်ဂေါ ရထားလမ်းပိုင်းတွင် ကားရထား သုံးစင်း ယနေ့အထိ ပုံမှန်ပြေးဆွဲပေး နေပါသည်။
နေ့စဉ် နတ်ချောင်းကားရထားက နတ်ချောင်းဘူတာမှ နံနက် ၇ နာရီတွင် ထွက်ပေးသည်။ ထိုနည်းတူ ဟံသာဝတီ ကားရထားကလည်း ဟံသာဝတီဘူတာ မှ နေ့စဉ် နံနက် ၆ နာရီတွင်လည်း ကောင်း၊ မွေ့လယ်ကားရထားကလည်း မွေ့လယ်ဘူတာမှ နံနက် ၅ နာရီတွင် လည်းကောင်း အသီးသီး တစ်နာရီစီ ခြား၍ ထွက်ပေးပါသည်။
ကားရထား သုံးစင်း ပြေးဆွဲပေး သဖြင့် ဂန့်ဂေါနယ်ရှိ ကျေးလက်နေပြည် သူများနှင့် ကလေးနယ်ရှိ ကျေးလက်နေ ပြည်သူများမှာ ကလေးနှင့် ဂန့်ဂေါမြို့ တို့သို့ အဆင်ပြေစွာ ချောင်ချောင်ချိချိ သွားလာနိုင်ကြသည်။ တစ်ရွာနှင့် တစ်ရွာ သာရေးနာရေးကို ရထားစီး၍ သာ သွားကြတော့သည်။
ကားရထားမှာ ရွာတိုင်း၊ ဘူတာတိုင်း ရပ်နားသဖြင့် တစ်ရွာနှင့်တစ်ရွာ ကူးလူးဆက်သွယ်သွားလာရသည်မှာ အလွန်အဆင်ပြေကြသည်။ ရထားကြီး မမီလိုက်လျှင် ကားရထားစီး၍ သွား၍ ရသည်။ မိမိသွားလိုရာအချိန်၌ ရထား လေးစင်းရှိသဖြင့် လွယ်ကူစွာ သွားလာ နိုင်ကြသည်။ ရထားကြီးစီးမလား၊ ကား ရထားစီးမလား ကြိုက်ရာစီး၊ များစွာ အဆင်ပြေကြသည်။
ကလေး-နတ်ချောင်းကားရထားသည် ကလေးနယ် နတ်ချောင်းရွာဘူတာ၌ လည်းကောင်း၊ ဟံသာဝတီကားရထား သည် ဂန့်ဂေါနှင့် ကလေးနယ်စပ်ရှိ ဟံသာဝတီရွာ၌ လည်းကောင်း၊ မွေ့လယ်ကားရထားသည် ဂန့်ဂေါမြို့ နယ် မွေ့လယ်ရွာ၌လည်းကောင်း ညအိပ်ရပ်နား ပြေးဆွဲပေးပါသည်။ ထို့ကြောင့် ထိုကားရထားများ ညအိပ် ရပ်နားရာ ဘူတာအနီးဝန်းကျင်ရှိ ကျေးရွာများမှာ မိမိဒေသရှိ ကားရထား ပေါ်တက်စီး၍ လိုရာခရီးသွားနိုင်ကြ သည်။ တစ်ရွာနှင့်တစ်ရွာ ကူးလူး၍ ဒေသထွက်ကုန်များကို ရောင်းဝယ်နိုင် ကြသည်။ သာရေး၊ နာရေးသွားလာနိုင် ကြသည်။
ကားရထားတို့ကား ကျေးလက်နေ ပြည်သူများအတွက် များစွာအကျိုးပြု လျက်ရှိပါသည်။ ရှေးကသွားရေး လာရေးခက်ခဲလှသော ကလေးချောင် ဒေသ၊ ယောချောင်ဒေသတို့မှာ ယခု အခါ နိုင်ငံတော်အစိုးရက ရထားကြီး တစ်စင်း၊ ကားရထား သုံးစင်း နေ့စဉ် ပြေးဆွဲပေးနေသဖြင့် ယောနယ်နှင့် ကလေးနယ်၊ ချင်းပြည်နယ်ရှိ ဒေသခံ ပြည်သူတို့မှာ သွားရေးသာ၍ လာရေး ဖြောင့်နေကြပါကြောင်း သိရသည်။
ကလေး-၀င်းသူ

No comments:

Post a Comment