Sunday, March 1, 2015

ဆိုမာလီပင်လယ်ဓားပြများက ဖမ်းဆီးခံ ထိုင်းလူမျိုးရေလုပ်သားများအား လွှတ်ပေး



နိုင်ရိုဘီ ဖေဖော်ဝါရီ ၂၈
ဆိုမာလီ ပင်လယ်ဓားပြများ လက်ဝယ်၌ ငါးနှစ်နီးပါးမျှ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသည့် ထိုင်းလူမျိုး ရေလုပ်သားများကို ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြန်လည်လွှတ်ပေးလိုက် ကြောင်း ဆိုမာလီယာ အာဏာပိုင်များ က ပြောကြားသည်ဟု ဘီဘီစီသတင်း တွင် ဖော်ပြသည်။
ထိုင်းနိုင်ငံသား လေးဦးအား ဝေးလံသီခေါင်သောဒေသတစ်နေရာမှ မိမိတို့ ပြန်လည်ခေါ်ယူနိုင်ခဲ့ကြောင်း ဆိုမာလီနိုင်ငံ အလယ်ပိုင်း ဂယ်လူ မက်ဒက် ပြည်နယ်အုပ်ချုပ်ရေးမှူး အိုမာဘာကစ်အလီက ပြောကြား သည်။
၂ဝ၁ဝ ပြည့်နှစ် ဧပြီလအတွင်းက တရုတ်(တိုင်ပေ) အလံလွှင့်ထူထား သည့် ငါးဖမ်းယာဉ်ကို ဆိုမာလီ ပင်လယ်ဓားပြများက ပြန်ပေးဆွဲရာ၌ ရေယာဉ်ဝန်ထမ်း ၂၄ ဦးအနက် ထိုင်းလူမျိုး ရေလုပ်သားလေးဦးလည်း ပါဝင်သည်။ ၄င်းတို့သည် ပင်လယ် ဓားပြများလက်ဝယ်၌ ငါးနှစ်နီးပါးမျှ ကြာမြင့်စွာ ဖမ်းဆီးထိန်းသိမ်းမှုကို ခံခဲ့ကြရသူများဖြစ်သည်။
ဆိုမာလီ ပင်လယ်ဓားပြများ၏ ဖမ်းဆီးခံရမှုမှ လွတ်မြောက်လာသည့် ထိုင်းလူမျိုး ရေလုပ်သားများသည် ၄င်းတို့၏ မိသားစုများနှင့် ဆွေမျိုး သားချင်းများထံ တယ်လီဖုန်း ဆက်သွယ်ပြောဆိုပြီး ထပ်တလဲလဲ ငိုကြွေးနေခဲ့ကြကြောင်း သတင်းတွင် ဖော်ပြသည်။
ဘီဘီစီ။

No comments:

Post a Comment