Saturday, February 28, 2015

အတွင်းတိမ်မျက်စိဝေဒနာရှင်များအား အခမဲ့ခွဲစိတ်ကုသ



ရန်ကုန် ဖေဖော်ဝါရီ ၂၇

ကျန်းမာရေးဝန်ကြီးဌာန၏ ဦး ဆောင်မှုဖြင့် နီပေါနိုင်ငံနှင့် အမေ ရိကန်နိုင်ငံတို့မှ မျက်စိအထူးကုဆရာ ဝန်ကြီးနှစ်ဦးနှင့် မြန်မာနိုင်ငံမှ မျက်စိ အထူးကုဆရာဝန်များ ပူးပေါင်းကာ မျက်စိအတွင်းတိမ် ဝေဒနာရှင်များ အား အခမဲ့ကုသပေးလျက်ရှိကြောင်း ရန်ကုန် မျက်စိရောဂါအထူးကုဆေးရုံ ကြီးမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

''ကျွန်မတို့ရန်ကုန်မျက်စိအထူးကု ဆေးရုံကြီးမှာ ဖေဖော်ဝါရီ ၂၄ ရက်နဲ့ ၂၅ ရက်အတွင်း နီပေါနိုင်ငံမှပါမောက္ခ ဒေါက်တာ Sanduk Ruit နဲ့ အမေ ရိကန်နိုင်ငံမှ ပါမောက္ခဒေါက်တာ Geoffrey Craig Tabin တို့ဟာ မြန်မာနိုင်ငံမှ မျက်စိအထူးကုဆရာဝန်များနှင့်ပူးပေါင်းကာ အတွင်းတိမ်မျက်စိ ဝေဒနာရှင်များအား အခမဲ့ကုသပေး လျက်ရှိပါတယ်။ နီပေါဆရာဝန်က အတွင်းတိမ်ဝေဒနာရှင်တွေကို အဓိက ကုသပေးတာပါ။ အမေရိကန်ဆရာဝန် ကတော့ မျက်ကြည်လွှာအစားထိုးတဲ့ ကုသမှုတွေကို အဓိကလုပ်ဆောင်တာ ဖြစ်ပါတယ်'' ဟု ရန်ကုန်မျက်စိအထူးကု ဆေးရုံအုပ် ဒေါက်တာ အေပရယ် ချိုအောင်က မြန်မာ့အလင်းသို့ ပြော သည်။
''အတွင်းတိမ် မျက်စိဝေဒနာရှင် တွေကို တစ်လလောက်ကတည်းက ကျေးရွာများအရောက် ကွင်းဆင်းရှာဖွေ တယ်။ ဆရာဝန်နဲ့စစ်ဆေးတယ်။ အတွင်းတိမ်ဟုတ်မဟုတ် သေချာ စစ်ဆေးပြီးမှခွဲစိတ်ဖို့ရာ စီစဉ်ပါတယ်'' ဟု ၄င်းကဆက်လက်ပြောကြားသည်။ ရန်ကုန် မျက်စိအထူးကုဆေးရုံကြီးသို့ တွံတေး၊ အင်္ဂပူ၊ မိုးညို၊ တာမွေမြို့နယ် တို့မှ အတွင်းတိမ်ဝေဒနာရှင်များနှင့် ရန်ကုန် မျက်စိအထူးကုဆေးရုံကြီးသို့ နယ်ဝေး မျက်စိဝေဒနာရှင်စုစုပေါင်း ၁၈ဝ ခန့်ကို အခမဲ့ကုသပေးနိုင်ခဲ့ ကြောင်း သိရသည်။

အဆိုပါ နီပေါမျက်စိအထူးကု ဆရာဝန်နှင့် အမေရိကန်ဆရာဝန်ကြီး များသည် တောင်ကြီးမြို့ စဝ်စံထွန်း ဆေးရုံကြီးသို့ ဆက်လက်သွားရောက် ကာ ဖေဖော်ဝါရီ ၂၇ ရက်မှ မတ် ၂ ရက်အထိ လေးရက်တိုင်တိုင် အတွင်း တိမ်မျက်စိဝေဒနာရှင် ၃၇ဝ ခန့်ကို အခမဲ့ခွဲစိတ်ကုသပေးရန် စီစဉ်ထား ကြောင်း သိရသည်။

''တောင်ကြီးမှာခွဲစိတ်ဖို့ စုဆောင်း ထားတဲ့ အတွင်းတိမ်ဝေဒနာရှင်က ၁၂၄၂ ဦးရှိပါတယ်။ ဒီအထဲက ဆီးချို၊ သွေးတိုးစတဲ့ ရောဂါပြင်းထန်နေတဲ့ သူတွေနဲ့ မလာဖြစ်တဲ့သူတွေလည်း ရှိနိုင်ပါတယ်'' ဟု တာဝန်ရှိသူတစ်ဦး ဖြစ်သည့် ဦးမောင်ဝင်းက ပြောသည်။ ''မျက်စိခွဲစိတ်မယ့်သူတွေကို တစ်ရက် ကြိုတင်ခေါ်ထားရတာ။ အခမဲ့ခွဲစိတ် ကုသပေးတဲ့အပြင် ဆေးရုံမှာထမင်း အလကားကျွေးပါတယ်။ တောင်ကြီးမှာ ဆိုလည်း အချို့ဘုန်းကြီးကျောင်းတွေ မှာ၊ ဘုရားကျောင်းတွေမှာ တည်းခို နိုင်ဖို့ စီစဉ်ထားပါတယ်။ အဲဒီမှာပဲ ထမင်းချက်ကျွေးပါတယ်''ဟု ၄င်းက ဆက်လက်ရှင်းပြသည်။ အဆိုပါနီပေါ ဆရာဝန်ကြီးသည် မျက်စိခွဲစိတ် ကုသရာတွင် အထူးကျွမ်းကျင်သူ ဖြစ်ပြီး လေးမိနစ်လျှင် လူနာတစ်ဦး နှုန်း ခွဲစိတ်နိုင်စွမ်းရှိကြောင်း သိရ သည်။
သတင်း-မြင့်မောင်စိုး
ဓာတ်ပုံ-သက္က

No comments:

Post a Comment