Monday, February 2, 2015

မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်း လူကူးခုံးကျော်တံတား ဖွင့်တော့မည်



ရန်ကုန် ဖေဖော်ဝါရီ ၁

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကမ္ဘာအေး ဘုရားလမ်း ဂမုန်းပွင့်ကုန်တိုက်ရှေ့ရှိ လူကူးခုံးကျော်တံတား ဆောက်လုပ်ပြီးစီးပြီဖြစ်၍ ဖေဖော်ဝါရီ ၅ ရက်တွင် ဖွင့်လှစ်တော့ မည်ဖြစ်ကြောင်း သိရသည်။ ယင်းလူကူးခုံးကျော်တံတားတည်ဆောက်ထားသော ကမ္ဘာအေးဂမုန်းပွင့်ကုန်တိုက်ရှေ့ နေရာသည် ကားအသွားအလာများ၊ လမ်းသွားလမ်းလာများဖြင့် ရှုပ်ထွေးသော နေရာတစ်ခုဖြစ်သောကြောင့် ယင်းကဲ့သို့ ခုံးကျော်တံတား ဆောက်လုပ်လိုက်ခြင်းမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ လမ်းနှင့်တံတားဌာနက အများပြည်သူအတွက် လိုအပ်ချက်တစ်ခုကို ဖြည့်ဆည်းပေးလိုက်နိုင်ခြင်းဖြစ်ကြောင်း သိရသည်။

''ဒီနေရာကအလွန်ရှုပ်တဲ့နေရာတစ်ခုပါ။ ဂမုန်းပွင့်ဘက်ခြမ်းနဲ့လမ်းရဲ့တစ်ဖက်ခြမ်းကိုကူးဖို့ အန္တရာယ်များတယ်။ ရန်ကုန်မှာက မျဉ်းကျားရှိလည်း ကားတွေကအရှိန်လျှော့တာမဟုတ်ဘူး။ ခုလို ခုံးကျော်တွေဆောက်ပေးတော့ လမ်းဖြတ်ကူးသူတွေအတွက် အဆင်ပြေတာပေါ့။ ရန်ကုန်မြို့ရဲ့ နေရာအနှံ့မှာက ကားတွေ မောင်းနေတဲ့ကြားထဲက လမ်းဖြတ်ကူးနေကြရတာ အန္တရာယ်အလွန်များပါတယ်။ ဒီလိုခုံးကျော်တွေ များများဆောက်ပေး စေချင်တယ်''ဟု ခရီးသွားပြည်သူတစ်ဦးက ၎င်း၏ဆန္ဒကို ပြောပြသည်။

အဆိုပါ ကမ္ဘာအေးခုံးကျော် တံတားကို ၂ဝ၁၄ခုနှစ် ဇွန်လက စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အရှည် ပေ ၁ဝဝ၊ အကျယ် ၁၁ ပေ၊ လမ်းကင်း လွတ်အမြင့် ၁၆ ပေရှိ သံကူကွန်ကရစ် တံတား အမျိုးအစားဖြစ်ကာ စက်လှေကား နှစ်စင်းအပြင် ရိုးရိုးလှေကားများ လည်းတပ်ဆင်ထားကြောင်းသိရသည်။

တံတားဖွင့်လှစ်ပြီးပါက နေ့စဉ် နံနက် ၆ နာရီမှ ည ၉ နာရီထိ ဖြတ်သန်းခွင့်ပြုမည်ဖြစ်ပြီး ယင်းခုံးကျော် ကဲ့သို့ စက်လှေကားပါသောတံတားများကို အောင်ဆန်းသူရိယလှသောင်း ကျောင်းရှေ့တွင်တစ်စင်းနှင့် ပန်းဆိုးတန်း-ဒလကူးတို့ဆိပ်ကမ်းအနီးတွင် တစ်စင်း စုစုပေါင်းသုံးစင်း တည်ဆောက်ပြီးဖြစ်ကြောင်း သိရသည်။ သတင်း- ဝသန်ထွန်း၊ ဓာတ်ပုံ- သဲစုစိုး

No comments:

Post a Comment