Saturday, February 28, 2015

သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းအနေနဲ့ နိုင်ငံတော်ဘဏ္ဍာငွေကို အရှုံးခံပြီးတော့မှ အများပြည်သူဝန်ဆောင်မှုမီဒီယာအဖြစ် ပြောင်းလဲခြင်းမဟုတ် ဦးပိုက်ထွေး ပြန်ကြားရေးဝန်ကြီးဌာနက တခြားကဏ္ဍမှာ လိုအပ်ချက်အရ စိုက်ပေးရပေမယ့် သတင်းစာမှာ အမြတ်ရရှိပါတယ်၊၊ အဲဒီအတွက် ကြိုဆိုပါတယ် ဦးဖုန်းမြင့်အောင်

၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ်တွင် ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းမှ နိုင်ငံတော်အတွက် အမြတ်ငွေ ၄ ဘီလီယံကျော်ရရှိမည်ဟု ခန့်မှန်းထားသည်။ ပြီးခဲ့သည့် ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ်တွင် အမြတ်ငွေ ၃ ဒသမ ၅ ဘီလီယံကျော်ရရှိခဲ့သည်ဟုလည်း သိရှိရသည်။ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေအရအသုံးအခြေအနေအရ လိုငွေပြနေသည့် ၃ဝ ဒသမ ၁၉၄ ဘီလီယံကျော်မှာ ဦးစီးဌာနများ၏ ရုံးအသုံးစရိတ်များဖြစ်သည်ဟု ပြန်ကြားရေးဝန်ကြီးဌာန၏ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေအရအသုံးအခြေအနေဆိုင်ရာ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားခဲ့ပြီးဖြစ်သည်။
နိုင်ငံပိုင်မီဒီယာများ အများပြည်သူဝန်ဆောင်မှုမီဒီယာအဖြစ်ပြောင်းလဲခြင်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အမျိုးသားစီမံကိန်းဥပဒေကြမ်း၏မူနှင့်အခြေခံသဘော အပါအဝင် စီမံကိန်းလုပ်ငန်းများတွင် လွှတ်တော်ကိုယ်စားလှယ်များမှ ဆွေးနွေးလျက်ရှိရာ ပြည်သူ့ကိုယ်စားလှယ်များ၏ သုံးသပ်ချက်အမြင်များနှင့် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့၏ စကားသံများကို ဖော်ပြလိုက်ပါသည်။
ဒေါ်စန္ဒာမင်း
ဇမ္ဗူသီရိမြို့နယ်မဲဆန္ဒနယ်
နိုင်ငံပိုင်မီဒီယာတွေ အများပြည်သူ ဝန်ဆောင်မှုမီဒီယာအဖြစ်ပြောင်းလဲတာကို ဝမ်းသာစွာကြိုဆိုပါတယ်။ တချို့နိုင်ငံတွေမှာလည်း အစိုးရကနေ ပြည်သူလူထုအတွက် ဖော်ပြချင်တဲ့ ကိစ္စတွေ ပေါ်လစီတွေကိုတော့ အစိုးရကနေဦးစီးပြီး ထုတ်ဝေနေတဲ့ သတင်းစာတွေရှိပါတယ်။ ဒါမျိုးတွေ လည်း ရှိသင့်သေးတယ်လို့လည်း ထင်ပါတယ်။ အခုအခါမှာ ပုဂ္ဂလိက ပိုင်သတင်းစာတွေ ထွက်နေတာလည်း အများကြီးရှိပါတယ်။ သူတို့တွေ အနေနဲ့ မီဒီယာလွတ်လပ်ခွင့် အပြည့် အဝနဲ့ ရေးသားနေတယ်လို့လည်း ထင်ပါတယ်။ ဒါပေမယ့် တချို့သတင်း တွေ မှားနေတယ်ဆိုတာလည်း ကျွန်မ တို့ သိပါတယ်။ အခုနိုင်ငံတော်က ဖော်ပြနေတဲ့ ပေါ်လစီတွေ နိုင်ငံတော် ရဲ့ ရပ်တည်ချက်မျိုးတွေကိုတော့ ပြောင်းလဲမသွားစေချင်ဘူးလို့ ပြော ချင်ပါတယ်။
ဦးဖုန်းမြင့်အောင်
ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)
ကျွန်တော်လေ့လာကြည့်လိုက် တော့ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းစာမှာ အမြတ်ရှိတာတွေ့ရပါ တယ်။ အစိုးရပိုင်သတင်းစာ မထုတ် သင့်ဘူးလို့ ပြောနေကြတာတွေ ရှိပါ တယ်။ ဒါပေမယ့် အစိုးရပိုင်သတင်း စာကမြတ်နေတယ်။ ပြန်ကြားရေး ဝန်ကြီးဌာနက တခြားကဏ္ဍမှာ လိုအပ်ချက်အရ စိုက်ပေးရပေမယ့် သတင်းစာမှာ အမြတ်ရရှိပါတယ်။ အဲဒီအတွက် ကြိုဆိုပါတယ်။ ငွေရေး ကြေးရေးကဏ္ဍတွေ ကိစ္စတွေမှာ အစိုးရက လုပ်တာထက်စာရင် အများ ပြည်သူဝန်ဆောင်မှုအနေနဲ့ လုပ်တာ ပိုကောင်းပါတယ်။ စိတ်ဝင်စားတဲ့သူ တွေအနေနဲ့လည်း ရှယ်ယာပါတာမျိုး လေးလုပ်လို့ ရသွားတာပေါ့။ ခေတ် စနစ်တွေကလည်း ပြောင်းသွားပြီ။ မီဒီယာခေတ်ကို ရောက်နေပြီဆိုတော့ ဝန်ဆောင်မှုကို ပိုပြီးတော့ကောင်း အောင် လွတ်လွတ်လပ်လပ်လုပ်နိုင် အောင် အများပြည်သူဝန်ဆောင်မှု မီဒီယာအဖြစ်လုပ်တာ ခေတ်စနစ်နဲ့ လည်း လျော်ညီပါတယ်။ အခုက ပုဂ္ဂလိကသတင်းစာတွေမှာ ရှုံးနေတာ ရှိတယ်။ ဒါပေမယ့် အစိုးရသတင်းစာ က မြတ်နေတယ်။ နိုင်ငံတော်အတွက် လည်း ရရှိတဲ့အမြတ်ထဲကနေ နိုင်ငံတော်ကို ပြန်သွင်းနိုင်တယ်။ ဒါမျိုးလေးတွေကို ပြည်သူတွေသိရှိ အောင် Hightlight လုပ်သင့်တယ်။
အစိုးရသတင်းစာက ရှုံးနေရင်တော့ ကျွန်တော်တို့ကလည်း ထောက်ပြ ရမယ်။ ပြည်သူ့ဘဏ္ဍာငွေနဲ့ အရှုံးပြ နေရင်တော့ ထောက်ပြရမှာပေါ့။
အစိုးရပေါ်လစီပါတဲ့ သတင်းကို သတင်းစာတစ်ခုက ထုတ်ပြန်ရမှာပါ။ အစိုးရသတင်း ထုတ်ပြန်ချက်တွေကို ပုဂ္ဂလိကသတင်းစာကနေ ယူရတာ ကျတော့လည်း သိပ်ပြီး reliable မဖြစ်ဘူး။ ပြည်သူတွေအတွက် refer လုပ်မယ်ဆိုရင် အစိုးရပိုင်သတင်းစာ ကို မန်နမ လုပ်လို့ရတယ်။ အဲဒါတွေ အတွက် သတင်းစာကထုတ်ပေးသင့် တယ်။ အကယ်၍ အစိုးရသတင်းစာ တွေ ရှုံးနေမယ်ဆိုရင် ကြော်ငြာတွေ မထည့်ဘဲနဲ့ အစိုးရသတင်းသာ သီးသန့်ထုတ်သင့်တယ်။ ဒါပေမယ့် အစိုးရသတင်းစာက မြတ်နေတဲ့ အတွက် ဒီအတိုင်းပဲဆက်သွားရမယ်။ မြန်မာနိုင်ငံမှာdigital media က ဒီလောက်မဖွံ့ဖြိုးသေးဘူး။ ဒီတော့ ပုံနှိပ်မီဒီယာကိုပဲ အားကိုးနေရဦးမှာ ပါ။ ဒါကြောင့် အစိုးရသတင်းတွေကို ထုတ်ပြန်ပေးမယ့် ပုံနှိပ်မီဒီယာက ရှိသင့်တယ်။
ဒေါ်ခင်ဝိုင်းကြည်
ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)
ကျွန်မတို့နိုင်ငံက ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ သွားတာဖြစ်တယ်။ နိုင်ငံ တကာမှာလည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့သွားတယ်။ လိုအပ်သလို ဥပဒေတွေ ပြဋ္ဌာန်းပေးရမယ်လို့လည်း ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း ပါတယ်။ လက်ရှိမှာ မီဒီယာတွေရဲ့ အခန်းကဏ္ဍက အရေးကြီးလာတယ်။ မီဒီယာတွေ အမျိုးမျိုးရှိတဲ့အထဲမှာ အများပြည်သူဝန်ဆောင်မှုမီဒီယာ ကိုလည်း ကြိုဆိုပါတယ်။ ပြည်သူ အတွက် ရည်ရွယ်တဲ့ မီဒီယာတွေကို ကြိုဆိုပါတယ်။ မီဒီယာကို လက်ကိုင် တုတ်လုပ်ပြီး အသုံးချမယ်ဆိုရင်တော့ တစ်မျိုးပေါ့။ အဲလိုမဟုတ်ဘဲ ပြည်သူ လူထုအတွက် အသိပညာ၊ ဗဟုသုတ၊ capacity တိုးပွားအောင် ဆောင်ရွက် တာဆိုရင် ကြိုဆိုပါတယ်။ အများ ပြည်သူဝန်ဆောင်မှုမီဒီယာအဖြစ် ပြောင်းလဲရာမှာလည်း အားနည်းချက် တွေ အားသာချက်တွေရှိမှာပါ။ ဘယ်နေရာမှာဖြစ်ဖြစ် အားနည်းချက်၊ အားသာချက်ဆိုတာရှိပါတယ်။
ဦးပိုက်ထွေး
ဒုတိယဝန်ကြီး
ပြန်ကြားရေးဝန်ကြီးဌာန
ပြည်ထောင်စု လွှတ်တော်မှာ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်းဥပဒေကြမ်းရဲ့မူနဲ့ အခြေခံ သဘောအပါအဝင် စီမံကိန်းလုပ်ငန်း တွေနဲ့စပ်လျဉ်းပြီး လွှတ်တော် ကိုယ်စားလှယ်တွေက မနေ့ကနဲ့ ဒီနေ့မှာဆွေးနွေးခဲ့ကြပါတယ်။ မနေ့ က ဆွေးနွေးတဲ့အထဲမှာ အလုံ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ကျွန်တော်တို့ ပြန်ကြားရေးဝန်ကြီးဌာန နဲ့ပတ်သက်ပြီးဆွေးနွေးသွားတာရှိပါ တယ်။ အဲဒါ ဘာလဲဆိုတော့ မြန်မာ့ အလင်းနဲ့ ကြေးမုံသတင်းစာတွေကို အများပြည်သူဝန်ဆောင်မှုသတင်းစာ အဖြစ် ပြောင်းလဲအကောင်အထည်ဖော်ရန်ဆိုတဲ့အချက် ပါရှိတဲ့ အကြောင်း၊ အများပြည်သူဝန်ဆောင်မှု သတင်းစာအဖြစ် ပြောင်းလဲအကောင် အထည်ဖော်တဲ့အခါ နိုင်ငံတော်က အရှုံးခံပြီး ပြောင်းလဲရမယ်ဆိုတဲ့ အချက်ကို စဉ်းစားသင့်ကြောင်းဆိုပြီး ဆွေးနွေးသွားတာတွေ့ရပါတယ်။ တကယ်တော့ ပြန်ကြားရေးဝန်ကြီး ဌာန မြန်မာ့အလင်းနဲ့ ကြေးမုံ သတင်းစာကို ထုတ်ဝေနေတဲ့ သတင်း နှင့် စာနယ်ဇင်းလုပ်ငန်းဟာ အရှုံးမရှိ ခဲ့ပါဘူး။ ဒီမိုကရေစီအစိုးရသစ် လက်ထက် သတင်းနှင့် စာနယ်ဇင်း လုပ်ငန်းအနေနဲ့ နှစ်အလိုက် အကျိုး အမြတ်တွေရရှိခဲ့ပါတယ်။ ဒါတွေကို သိအောင် ချုပ်တင်ပြရမယ်ဆိုရင် ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်မှာ ဝင်ငွေ ခွန်နှင့် နိုင်ငံတော်ထည့်ဝင်ငွေမပါ အမြတ်ငွေကျပ် ၆၃၁၅ သန်းရပါ တယ်။
၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်မှာ ဝင်ငွေခွန်နှင့် နိုင်ငံတော်ထည့်ဝင်ငွေ မပါ အမြတ်ငွေကျပ် ၆၉၂၇ သန်း ရရှိပါတယ်။ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာ နှစ်မှာ အမြတ်ငွေကျပ် ၆၅၄၄ သန်းနဲ့ ဝင်ငွေခွန်နှင့် နိုင်ငံတော်ထည့်ဝင်ငွေ နုတ်ပြီး သန်း ၃၅ဝဝ ကျော်၊ အခု ၂ဝ၁၄-၂ဝ၁၅ ဒီဇင်ဘာလကုန်ထိ အမြတ်ငွေကျပ်သန်း ခြောက်ထောင် ကျော် ရရှိနေပြီး နှစ်ကုန်ပါက ဝင်ငွေခွန်နှင့် နိုင်ငံတော်ထည့်ဝင်ငွေ နုတ်ပြီး အမြတ်ငွေ သန်း ၄ဝဝဝ ကျော်ရမယ်လို့ ခန့်မှန်းထားပါတယ်။ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းအနေ နဲ့ အရှုံးမရှိတဲ့အကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ်အနေနဲ့ ပြန်ကြားရေး ဝန်ကြီး ဌာနရဲ့ရည်မှန်းချက်၊ လုပ်ငန်း စဉ်တွေ ပြည်ထောင်စုလွှတ်တော်မှာ လာရှင်းတဲ့ အချိန်တုန်းကလည်း ရှင်းလင်းတင်ပြခဲ့ပါတယ်။ ကျွန်တော့် အနေနဲ့လည်း ပြီးခဲ့တဲ့လွှတ်တော် အစည်းအဝေးတစ်ခုမှာ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း အရှုံးမရှိကြောင်း ကို ကျွန်တော်ကိန်းဂဏန်းတွေနဲ့တကွ ရှင်းလင်းတင်ပြခဲ့ပြီး ဖြစ်ပါတယ်။ ထို့အတူသတင်းစာမှာလည်း အရှုံးမရှိ ကြောင်း ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ သို့သော်လည်း ဦးခိုင်မောင်ရည်အနေ နဲ့ ဘယ်ဌာန၊ ဘယ်အချက်အလက် တွေကနေ ကိုးကားပြီး ဆွေးနွေးတယ် ဆိုတာမသိပါဘူး။ ကျွန်တော့်အနေနဲ့ တင်ပြချင်တာကတော့ ကျွန်တော်တို့ ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းအနေနဲ့ နိုင်ငံ တော်ဘဏ္ဍာငွေကို အရှုံးခံပြီးတော့မှ အများပြည်သူ ဝန်ဆောင်မှုမီဒီယာအဖြစ်ပြောင်းလဲမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ယနေ့ထုတ်နေတဲ့ သတင်းစာတွေဟာလည်း ရှုံးနေတာ မဟုတ်ဘဲ ခုနက ကျွန်တော် တင်ပြ ခဲ့သလို အမြတ်တွေရရှိနေတာဖြစ်တဲ့ အကြောင်း ကျွန်တော် တင်ပြလိုပါ တယ်။ ကျွန်တော်တို့ဝန်ကြီးဌာန အပေါ်မှာ စေတနာဖြင့် ထောက်ပြ ဆွေးနွေးတာကို ဝမ်းသာအားရ လက်ခံကြိုဆိုပါတယ်။ ဒါပေမယ့် တချို့ဆွေးနွေးချက်တွေဟာ မှန်မှန် ကန်ကန်နဲ့ တိတိကျကျဖြစ်ဖို့ လိုပါ တယ်။ နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ အကျိုးကို ရှေးရှုပြီး အပြုသဘော ဆောင်သင့်တာပေါ့ဗျာ။
ကျွန်တော်တို့ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ကတော့ ပြည်ထောင်စုလွှတ်တော်က သတ်မှတ်ပေးတဲ့ အခုလာမယ့် မတ်လ ၅ ရက်နဲ့ ၆ ရက်နေ့မှာ ဦးခိုင်မောင်ရည် ဆွေးနွေးတာနဲ့ပတ်သက်ပြီး ပြန်လည် ရှင်းလင်းတင်ပြသွားမှာ ဖြစ်တဲ့ အကြောင်း ပြောကြားလိုပါတယ်။
ကျွန်တော်တို့ ပြန်ကြားရေးဝန်ကြီး ဌာနအနေနဲ့ ပြည်သူလူထုအတွက် ဆောင်ရွက်မယ့်စီမံကိန်းက မြန်မာ့ အသံကို ပိုမိုကြည်လင်ပြီးပြတ်သားစွာ နားဆင်နိုင်ဖို့ ကျယ်ကျယ်ပြန့်ပြန့် ထိရောက်စွာရှိစေဖို့ အက်ဖ်အမ်တွေ တိုးချဲ့ဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်။ ဒီဘတ်ဂျက်မှာ အက်ဖ်အမ် ၂၅ ရုံတိုးချဲ့ဆောင်ရွက်သွားမှာဖြစ် ပါတယ်။ မြန်မာ့အသံနဲ့ ရုပ်မြင် သံကြားမှာ ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်တွေကို Analogue စနစ် ကနေDVB -T2 စနစ်ကို ပြောင်းလဲ ဆောင်ရွက်နေတာရှိပါတယ်။ ဒီ ဘတ်ဂျက်မှာတော့ DVB-T2 စက် မြို့ ၅ဝ မှာ တိုးချဲ့ဆောင်ရွက်သွားပါ မယ်။ DVB-T2 တိုးချဲ့ဆောင်ရွက်ပြီး သွားပြီဆိုရင် ပြည်သူလူထုအနေနဲ့ မြန်မာ့အသံမှာ ထုတ်လွှင့်နေတဲ့ရုပ်သံ လိုင်းအပြင် အခြား MRTV-4၊ Channel-7 အစရှိတဲ့ ရုပ်သံလိုင်း ၁၄၊ ၁၅ လိုင်းလောက်ကို အခမဲ့ ကြည့်ရှုနိုင်တော့မှာ ဖြစ်ပါတယ်။ ထိုနည်းတူစွာ သတင်းစာတွေအနေနဲ့ ပြည်သူလူထုလက်ဝယ်ကို အချိန်မီ ရောက်ရှိဖို့နဲ့ ကျေးလက်ဒေသထိ သတင်းစာတွေဖြန့်ဝေနိုင်ဖို့အတွက် ဒီနှစ်မှာ ရခိုင်ပြည်နယ်နဲ့ စစ်ကိုင်း တိုင်းဒေသကြီး မုံရွာမှာ သတင်းစာ တိုက်တွေ တည်ဆောက်ပါမယ်။ ပြည်သူလူထုအနေနဲ့ သတင်းစာ တွေကို အချိန်မီဖတ်ရှုနိုင်ဖို့နဲ့ သတင်း စာအရည်အသွေး ကောင်းမွန်စွာ ဖတ်ရှုနိုင်ဖို့ ဆောင်ရွက်မှာဖြစ်ပါတယ်။ စာကြည့်တိုက်အနေနဲ့ ဒီနှစ်မှာ တစ်နိုင်ငံလုံး စာကြည့်တိုက် ၂ဝဝ အတွက် စာကြည့်တိုက် တစ်တိုက်ကို ကျပ်သိန်း ၂ဝ နှုန်းထောက်ပံ့ဆောင် ရွက်သွားဖို့ရှိကြောင်း ပြောကြား လိုပါတယ်။
အမေး၊ အရေး
မင်းမင်းဇော်(သတင်းစဉ်)
ဟန်နီဝင်း(သတင်းစဉ်)
ဓာတ်ပုံ - ရွှေကိုလေး

No comments:

Post a Comment