ဒမတ်စကတ် ဖေဖော်ဝါရီ ၂၄
ဆီးရီးယားနိုင်ငံတွင် အိုင်အက်စ်စစ်သွေးကြွများက အက်စ်ဆီးရီးယန်းခရစ်ယာန်များနေထိုင်သည့် ရွာနှစ်ရွာကို ဝင်ရောက်စီးနင်းကာ ကလေးများအပါအဝင် ရွာသူ ရွာသား ၉ဝ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဆီးရီးယားနိုင်ငံ လူ့အခွင့်အရေး လေ့လာစောင့် ကြည့်ရေးအဖွဲ့က ဆိုသည်။
အိုင်အက်စစ်သွေးကြွများနှင့် ကာ့ဒ်တပ်များ ပိုင်းခြားအုပ်ချုပ်သည့် ဟာဆာကာစီရင်စုရှိ တယ်မာ့မြို့အပြင်ဘက်တွင် ယနေ့ အရုဏ်တက်အချိန်၌ စီးနင်းဝင်ရောက်ခဲ့ခြင်းဖြစ်သည်။
အမေရိကန် ဦးဆောင်သည့် လေကြောင်းတိုက်ခိုက်မှုများ အပါအဝင်ဆီးရီးယန်းကာ့ဒ်တပ်ဖွဲ့များက အိုင်အက်စ်စစ်သွေးကြွများအား တိုက်ခိုက်ချေမှုန်းနေခြင်းကြောင့် အိုင်အက်စ်တို့က တန်ပြန်သည့်အနေဖြင့် ရွာသားများအား ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်။
ဟာဆာကာ စီရင်စုသည် တူရကီနိုင်ငံနှင့် အီရတ်နိုင်ငံအတွင်းရှိ အိုင်အက်စ်တို့ သိမ်းပိုက်ထားသော နယ်မြေများနှင့် ဧရိယာဆက်စပ်လျက်ရှိသည့်အတွက် တိုက်ခိုက်ရေးဆင်နွှဲ ရာတွင် မဟာဗျူဟာကျသည့်နေရာ ဖြစ်သည်။
၁၉၃၃ ခုနှစ်က အက်စ်ဆီးရီး ယန်းခရစ်ယာန်များသည် အီရတ်နိုင်ငံတွင် ဖိနှိပ်ချုပ်ချယ်ခြင်းခံနေရသည့်အတွက် ပြင်သစ်အာဏာပိုင်များက ခါဘာမြစ်တစ်လျှောက်တွင် ၎င်းတို့အတွက် ရွာများတည်ထောင်ပေးခဲ့သည်။ အက်စ်ဆီးရီးယန်းအများစုသည် စစ်ဘေးရှောင်ရန်နှင့် အိုင်အက်စ်တို့ကဲ့သို့သော အကြမ်းဖက်သမားများ၏ရန်ကို ရှောင်ရှားရန် ဆီးရီးယားနိုင်ငံမှ ထွက်ခွာသွားကြောင်း ထင်မြင်ယူဆကြသည်။ ဆီးရီးယားနိုင်ငံရှိ အက်စ်ဆီးရီးယန်းလူဦးရေအများစုသည် ဟာဆာကာ စီရင်စုတွင်နေထိုင်ကြပြီး အနည်းစုမှာ အက်လပို၊ဟိုမ်နှင့် ဒမတ်စကတ်မြို့များတွင် နေထိုင်ကြသည်။
အိုင်အက်စ်စစ်သွေးကြွများက ၎င်းတို့အား အစ္စလာမ်ဘာသာသို့ အတင်းအကျပ် ဘာသာပြောင်းခိုင်းသည်။ မပြောင်းပါက ဘာသာရေးစည်းကြပ်ငွေ ပေးဆောင်ရသည်။ ထိုသို့မဟုတ်လျှင် အသက်သေရမည် ဖြစ်သည်။
ယခု ဖမ်းဆီးခေါ်ဆောင်သွားသည့် ရွာသားများကို မည်သို့လုပ်ဆောင်မည်ဆိုသည်ကို မသိရသေးပေ။ ယခုလအစောပိုင်းတွင် အိုင်အက်စ်တို့က အီဂျစ်ခရစ်ယာန် ၂၁ ဦးအား ခေါင်းဖြတ်သတ်သည့် ဗီဒီယိုဖိုင်ကိုပြသခဲ့သည်။
ဘီဘီစီ။

No comments:
Post a Comment