Friday, February 27, 2015

ခြေလျင်တောင်တက်အဖွဲ့ ကချင်ပြည်နယ် ဂူဘားရွာ၌ ဘုရားတည်မည်



ရန်ကုန် ဖေဖော်ဝါရီ ၂၆
ကချင်ပြည်နယ် ပူတာအိုခရိုင် အတွင်းရှိ တဟွန်ဒမ်းကျေးရွာထိ ကျေးလက်နေတိုင်းရင်းသား ပြည်သူ များအတွက် ကျန်းမာရေးစောင့် ရှောက်မှုပေးနိုင်ရန်နှင့် စေတီတည်ရန် အတွက် တက္ကသိုလ်ခြေလျင်နှင့် တောင်တက်အသင်း သဘာဝခေါ်သံ ဖောင်ဒေးရှင်းမှ နာယက သမား တော်ကြီး ဒေါက်တာဒေါ်ခင်မေအုန်း နှင့် ဥက္ကဋ္ဌ ဦးမျိုးသန့် ဦးဆောင်သော အဖွဲ့ဝင် ၁၅ ဦးခန့်သည် မတ် ၁ဝ ရက်မှစ၍ ရက် ၄ဝ နီးပါးခန့် တစ်တောဝင် တစ်တောင်ထွက် ခြေလျင်တောင်တက် ခရီးကြမ်း သွားရောက်မည်ဖြစ်သည်။
ဦးမျိုးသန့်က''ဆရာတို့ ဒီခရီးစဉ် ကို မွေးနေ့ နှစ် (၁ဝဝ) ပြည့်ခဲ့သော ခြေလျင်တောင်တက်အဖွဲ့ရဲ့ ဖခင်ကြီး ဗိုလ်မှူးကြီး စည်သူလှအောင်ကို ဂုဏ်ပြုသောအားဖြင့်ရယ်၊ မနှစ်က ခါကာဘိုရာဇီ တောင်ကို အောင်မြင် စွာ တက်ရောက်နိုင်ခဲ့ပြီး နိုင်ငံတော် အလံကို စိုက်ထူနိုင်ခဲ့သော်လည်း ပျောက်ဆုံးနေတဲ့ ခါကာဘို သူရဲကောင်း အောင်မြင့်မြတ်နဲ့ ဝေယံမင်းသူတို့နှစ်ဦးကို အမှတ်တရ ဂုဏ်ပြုချင်တာရယ်ကြောင့်ပါ'' ဟု ပြောသည်။
တောင်တက်အဖွဲ့ဝင်များသည် မတ် ၁ဝ ရက်တွင် ရန်ကုန်မှ စတင် ထွက်ခွာပြီး ပူတာအိုခရိုင်သို့ လေယာဉ်ဖြင့် သွားရောက်မည်ဖြစ် သည်။ပူတာအိုမှ အရှေ့မြောက်ဘက် တဟွန်ဒမ်းရွာသို့ သွားရောက်ရန် အတွက် အနီးဆုံးရွာဖြစ်သော ရပ်ဘော့ရွာသို့ အငှားယာဉ်များဖြင့် သွားမည်ဖြစ်သည်။ ထိုမှ ဆက်လက်၍ နောင်မွန်မြို့၊ ဂတ်ထုရွာ၊ ကော်လဲ့ ထုရွာ၊ ဆင်ရှန်ဘိုတဲ၊ ပန်နန်းဒင်မြို့၊ လုံနက်ဘိုတဲ၊ ငါဝါရွာ၊ ဝမ်စီဝမ်စခန်း၊ ဂဝိုင်ရွာ၊ တဇုန်ဒမ်းရွာ၊ ဂူဘားရွာ၊ တဆူထု၊ တလားထု၊ ဒဒွန်ဒမ်း (ခရောင်းရွာ)များကို ခြေလျင်ခရီး ကြမ်းဖြင့် အသွားအပြန် တောင် တက်တောင်ဆင်း မိုင်၂ဝဝ ကျော် ဖြတ်ကျော်၍ သွားရောက်မည်ဖြစ် သည်။ ယင်းသွားရာ ခရီးလမ်း တစ်လျှောက်တွင် လူမှုအကျိုးပြု အစီအစဉ်ဖြင့် အခမဲ့ဆေးဝါးကုသခြင်း များ ပြုလုပ်သွားမည်ဟု သိရသည်။
အဆိုပါအဖွဲ့မှ မြန်မာနိုင်ငံသား တောင်တက်သမားနှစ်ဦးသည် ၂ဝ၁၄ ခုနှစ် သြဂုတ် ၃၁ ရက်တွင် အရှေ့ တောင်အာရှ၏ အမြင့်ဆုံးတောင် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် ပေပေါင်း ၁၉၃၁၅ပေ ရှိသော ခါကာ ဘိုရာဇီတောင်ထိပ်ပေါ်သို့ မြန်မာ နိုင်ငံအလံကို အောင်မြင်စွာ စိုက်ထူ နိုင်ခဲ့သည်။ သို့သော်လည်း၎င်းတို့ နှစ်ဦးသည် ယင်းနေ့ ညနေမှာပင် အဆက်အသွယ် ပြတ်တောက်သွား ခဲ့ပြီး ရှာဖွေမှုများဆက်တိုက် လုပ်ဆောင်ခဲ့သော်လည်း မတွေ့ရှိဘဲ ပြန်ရောက်မလာခဲ့သည်မှာ ယခုဆိုရင် ငါးလကျော်ခန့်ရှိပြီဖြစ်သည်။
တဟွန်ဒမ်းကျေးရွာသည် ခါကာ ဘိုရာဇီ ရေခဲတောင်ခြေနှင့် ၃၇ မိုင် မျှကွာဝေးသော အနီးဆုံးကျေးရွာ ဖြစ်သည်။ တဟွန်ဒမ်းတွင် ဗုဒ္ဓ ဘာသာ ကျောင်းတော်ရာ၊ ထေရဝါဒ သာသနာပြုကျောင်းနှင့် စေတီတော် ပါတည်ရှိသည်။ တဟွန်ဒမ်းအနောက် ဘက်ဂူဘား၊ မဒိန်းရွာများသည် မဟာယာန ဗုဒ္ဓဘာသာ ကိုးကွယ် သော ကျေးရွာများဖြစ်၍ စိတ်ဝင်စား ဖွယ်ရာဓလေ့ထုံးတမ်း အစဉ်အလာ များရှိသည်။
တောင်တက်ခရီးကြမ်းအဖွဲ့သည် အဆိုပါဂူဘားအမည်ရသော ကျေးရွာ တွင် ထေရဝါဒ ဗုဒ္ဓသာသနာတော် မော်ကွန်းစေတီတော် တည်ထားရန် အတွက် ဗုဒ္ဓမွေတော်ဓာတ်တော်များ နှင့် ဆင်းတုတော်များကို ဌာပနာ သွင်း၍ ပူဇော်ခဲ့ကြမည်ဟုလည်း သိရ သည်။
သတင်း-ခင်ဇာလီ
ဓာတ်ပုံ-ဇေယျာ
(သဘာဝခေါ်သံ)


No comments:

Post a Comment