Saturday, February 28, 2015

ရခိုင်ပြည်နယ်နှင့် နိုင်ငံတော်ဓာတ်အားပေးစနစ်ချိတ်ဆက်ကာ လျှပ်စစ်ဓာတ်အားစတင်ဖြန့်ဖြူးပေးနိုင်ခဲ့ ရခိုင်ပြည်နယ်တစ်ဝန်း ဖွံ့ဖြိုးတိုးတက်စေရန်အတွက် တစ်ထောင့်တစ်နေရာမှ ပါဝင်ဆောင်ရွက်ခြင်းဖြစ်



နေပြည်တော် ဖေဖော်ဝါရီ ၂၇
လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက ကျောက်ဖြူမြို့ရှိ GAS Engine များမှ ရခိုင်ပြည်နယ်နှင့် နိုင်ငံတော်ဓာတ်အား စနစ်သို့ လျှပ်စစ်ဓာတ်အားပို့လွှတ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် ကျောက်ဖြူမြို့ရှိ ဂုန်းချွိန်ကျေးရွာ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုးက လျှပ်စစ် စွမ်းအား ဝန်ကြီးဌာနက ကျောက်ဖြူမြို့ GAS Engine များမှ ရခိုင်ပြည်နယ်နှင့် နိုင်ငံတော် ဓာတ်အားစနစ်သို့ လျှပ်စစ် ဓာတ်အားပို့လွှတ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် ယနေ့ မြန်မာနိုင်ငံ၌ တည်ဆောက်ပြီးစီးသည့် ရေအား၊ သဘာဝဓာတ်ငွေ့နှင့် ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံ စုစုပေါင်း ၄၄ ရုံဖြစ်ပြီး၊ စုစုပေါင်း စက်တပ်ဆင်အား ၄၇၁၄ မဂ္ဂါဝပ်ရှိပါကြောင်း၊ ဓာတ်အားစနစ် ထုတ်လုပ်ဖြန့်ဖြူးမှုမှာ ၂ဝ၁၄ ခုနှစ် အတွင်း အများဆုံး ၂၂၃၂ မဂ္ဂါဝပ် အထိရှိပါကြောင်း။
၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်က အိမ်ထောင် စုပေါင်း (၂ ဒသမ ၄၂)သန်း အတွက် သာ လျှပ်စစ်ဓာတ်အားပေးနိုင်ခဲ့ပြီး ယခု၂ဝ၁၅ ခုနှစ်တွင် အိမ်ထောင်စု ပေါင်း (၃ ဒသမ ၁၅ )သန်း အထိ ဓာတ်အားပေးထားနိုင်သည့်အတွက် (၃၄ ဒသမ ၆) ရာခိုင်နှုန်းခန့် ဓာတ်အား သုံးစွဲလာနိုင်ပြီဖြစ်ပါ ကြောင်း၊ လျှပ်စစ်ဓာတ်အားမရသေး သည့် ပြည်သူ (၆၅ ဒသမ ၄) ရာခိုင် နှုန်းဖြစ်သည့် ကျန်အိမ်ထောင်စုပေါင်း (၆ ဒသမ ၁၃) သန်းကို ဓာတ်အား ဆက်သွယ်ဖြန့်ဖြူး ပေးနိုင်ရန်အတွက် လက်ရှိ ဆောင်ရွက်မှုနှုန်း၏ သုံးဆ တိုးမြှင့်ပြီး ဆောင်ရွက်မည်ဆိုပါက အချိန် (၁၂) နှစ်ခန့် ဆက်တိုက် ဆောင်ရွက်ပေးသွားရမည် ဖြစ်ပါ ကြောင်း။
မိမိတို့ ဝန်ကြီးဌာနအနေဖြင့်လည်း စွမ်းအင်အရင်းအမြစ် အမျိုးမျိုးဖြစ် သည့် ရေအား၊ သဘာဝဓာတ်ငွေ့၊ လေစွမ်းအင်၊ နေစွမ်းအင်၊ ကျောက်မီး သွေးစသည့် ဓာတ်အားထုတ်လုပ်ပေး နိုင်မည့် နည်းလမ်းများကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ရခိုင်ပြည်နယ်နေ့ ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်က ရခိုင် ပြည်နယ်နှင့် နိုင်ငံတော် ဓာတ်အားပေး စနစ် ချိတ်ဆက်ကာ လျှပ်စစ်ဓာတ်အား စတင်ဖြန့်ဖြူးပေးနိုင်ခဲ့ပါကြောင်း၊ ရခိုင်ပြည်နယ်တစ်ဝန်း ဖွံ့ဖြိုးတိုးတက် စေရန်အတွက် တစ်ထောင့်တစ်နေရာမှ ပါဝင်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း။
ရခိုင်ပြည်နယ်တွင် မဟာဓာတ်အား လိုင်းမချိတ်ဆက်နိုင်သေးမီ ကာလ တစ်လျှောက်လုံး ဒီဇယ်ဆီမီးစက်များမှ လျှပ်စစ်ဓာတ်အားခ တစ်ယူနစ်လျှင် အနည်းဆုံး ငွေကျပ် ၄၅ဝ ခန့်ပေးပြီး သုံးစွဲနေခဲ့ရသည်ကို နိုင်ငံတော်အစိုးရ အနေဖြင့် ဖြစ်နိုင်သမျှ အမြန်ဆုံး နည်းလမ်းဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ သည်ကို ရှင်းလင်းတင်ပြလိုပါကြောင်း၊ ပထမအဆင့်တွင် ရွှေသဘာဝ ဓာတ်ငွေ့ပိုက်လိုင်းမှ ဓာတ်ငွေ့စတင် သုံးစွဲနိုင်သည်နှင့် ဓာတ်အားအမြန် ထုတ်လုပ်နိုင်ရန် ကျောက်ဖြူတွင် (၄ ဒသမ ၄) မဂ္ဂါဝပ် ဓာတ်ငွေ့အင်ဂျင် စက်များ ငှားရမ်းပေးပြီး၊ ကျောက်ဖြူ မြို့နှင့် ပတ်ဝန်းကျင်ဒေသများကို ၂ဝ၁၃ ခုနှစ် စက်တင်ဘာ ၁၅ ရက် က စတင်ဖြန့်ဖြူးပေးနိုင်ခဲ့ပါကြောင်း၊ တစ်ချိန်တည်းမှာပင် ရခိုင်ပြည်နယ်နှင့် အနီးဆုံးဖြစ်သည့် ဥသျှစ်ပင် ဓာတ်အားခွဲရုံမှ တစ်ဆင့် တောင်ကုတ်- မအီ-ကျောက်ဖြူတို့ကို မဟာ ဓာတ်အားလိုင်းများ သွယ်တန်း တည်ဆောက်ပြီး ဓာတ်အားစနစ်နှင့် ချိတ်ဆက်ပေးရန် ဆောင်ရွက်ခဲ့ပါ ကြောင်း၊ ၂၃ဝ ကေဗွီ ဓာတ်အားလိုင်း စုစုပေါင်း (၄ဝ၈ ဒသမ ၂၅) မိုင်ကို တည်ဆောက်ရာတွင် ရခိုင်ရိုးမကို ဖြတ်ကျော်တည်ဆောက်ရခြင်း ဖြစ် သည့်အတွက် ပစ္စည်းများ လုပ်ငန်းခွင် ရောက်ရှိရန် သယ်ယူပို့ဆောင်ရေး အခက်အခဲများအပြင် မိုးများသည့် ဒေသဖြစ်သည့်အတွက် လိုင်းတည် ဆောက်ရေးဝန်ထမ်းများ မိုးထဲရေထဲ တွင် ဇွဲနပဲကြီးစွာ ဆောင်ရွက်ခဲ့ရပါ ကြောင်း၊ ယင်းကြိုးပမ်းချက် ရလဒ် အဖြစ် ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်တွင် တောင်ကုတ်၊ သံတွဲ၊ ငပလီ၊ အမ်း၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးမြို့များကို ဓာတ်အားပေးစနစ်မှ ဓာတ်အားဖြင့် စတင်ဖြန့်ဖြူးပေးနိုင်ခဲ့ပါကြောင်း၊ ရခိုင်ပြည်နယ်တစ်ဝန်း လျှပ်စစ် ဓာတ်အားပေးနိုင်ရေး စီမံကိန်းများ အတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ (၁ဝ၂ ဒသမ ၄၁၉) သန်းနှင့် ပြည်တွင်း ငွေကျပ် (၈၈ ဒသမ ၅ဝ၈) ဘီလီယံ သုံးစွဲခဲ့ရပါကြောင်း။
နိုင်ငံတော်အစိုးရအနေဖြင့် ပြည် နယ်နှင့် တိုင်းဒေသကြီးများတွင် လျှပ်စစ်ဓာတ်အား ရရှိသုံးစွဲနိုင်ပြီး လူနေမှုအဆင့်အတန်းမြင့်မားလာရေး၊ စိုက်ပျိုးရေးအခြေခံ အသေးစားစက်မှု လက်မှုလုပ်ငန်းများ ထူထောင်နိုင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေ များ တိုးတက်နိုင်ရေးတို့ကို အဓိက အလေးထားပြီး ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အနှံ့အပြားတွင်လည်း လျှပ်စစ်ဓာတ်အား ရရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်နေပါကြောင်း၊ နိုင်ငံတော်၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ဖြစ်ထွန်းရေးအတွက် ရခိုင် ပြည်နယ်အပါအဝင် တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံး၏ ပူးပေါင်း ပါဝင်မှုဖြင့် လျှပ်စစ်စွမ်းအားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ပြီး လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ သုံးစွဲလာနိုင်မည်ဖြစ်၍ ပြည်သူလူထု၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကဏ္ဍ အားလုံး မှာ ဖွံ့ဖြိုးတိုးတက်အောင်မြင်လာ တော့မည် ဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က လျှပ်စစ်ဓာတ်အား ပို့လွှတ်ခြင်းနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ် အစိုးရနှင့်အတူ ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများက တစ်စိတ် တစ်ဝမ်း၊ တစ်သားတည်း အတူတကွ ကြိုးပမ်းဆောင်ရွက်သွားကြရေး ရှင်း လင်းပြောကြားသည်။
ယင်းနောက် ဒေသခံပြည်သူတစ်ဦး က ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း၊ မြန်မာ့လျှပ်စစ် ဓာတ်အားလုပ်ငန်း ဦးဆောင်ညွှန်ကြား ရေးမှူး ဦးထိန်လွင်နှင့် Zeya & Associates Co,..Ltd Managing Director ဦးဇေယျသူရမွန်တို့က လျှပ်စစ်ဓာတ်အားပေး စက်ရုံအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းကGAS Engine အား စတင်မောင်းနှင်ပေးကာ လျှပ်စစ် ဓာတ်အားထုတ်လွှတ်မှုကို ကြည့်ရှု စစ်ဆေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် အခမ်းအနား သို့ တက်ရောက်လာကြသူများသည် လျှပ်စစ်ဓာတ်အားပေး စက်ရုံဝင်း အတွင်း လှည့်လည်ကြည့်ရှု လေ့လာကြ သည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ရခိုင်ပြည်နယ်အတွင်း စီမံကိန်းများ ဆောင်ရွက်လျက်ရှိရာ လက်ရှိ ဓာတ်အားစနစ်ဖြင့် သံတွဲမြို့၊ ငပလီမြို့၊ တောင်ကုတ်မြို့၊ အမ်းမြို့၊ စစ်တွေမြို့၊ ပုဏ္ဏားကျွန်းမြို့၊ ကျောက်တော်မြို့၊ မြောက်ဦးမြို့၊ ကျောက်ဖြူမြို့နှင့် ရမ်းဗြဲမြို့များကို မီးလင်းစေခဲ့ပြီး ဖြစ် ကြောင်း၊ ၂ဝ၁၅ ခုနှစ်အတွင်း ဓာတ်အားစနစ်ဖြင့် ဆက်လက်မီးလင်း နိုင်ရန်အတွက် မင်းပြား၊ မဒေးကျွန်း၊ ပေါက်တော၊ မြေပုံ၊ မအီ၊ ဂွ၊ တပ်တောင်၊ ကမ်းထောင့်ကြီး စသည့် မြို့များကို ဓာတ်အားစနစ်ဖြင့် ဆက်လက် မီးလင်းနိုင်စေရန် ဆောင်ရွက်နေ ကြောင်း၊ အလားတူ ဓာတ်အားစနစ်ဖြင့် ဆက်လက်မီးလင်းနိုင်မည့် မြို့များ အဖြစ် ကျိန္တလီမြို့နယ်ခွဲ၊ ရသေ့ တောင်မြို့နယ်၊ ဘူးသီးတောင် မြို့နယ်၊ မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲများကို လျှပ်စစ်မီးရရှိစေရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။
(သတင်းစဉ်)


No comments:

Post a Comment