Friday, February 27, 2015

ပါရီမြို့တွင် ပဟေဠိဆန်သော ဒရုန်းလေယာဉ်များကို ရုပ်ရှင်ရိုက်ကူးခဲ့သည့် အယ်လ်ဂျာဇီးယားသတင်းထောက်များအား ဖမ်းဆီး




ပါရီ ဖေဖော်ဝါရီ ၂၆


ပြင်သစ်နိုင်ငံ ရဲတပ်ဖွဲ့က မောင်းသူမဲ့ လေယာဉ်များ ဖြတ်သန်း ပျံသန်းခွင့် မပြုသည့် မြို့တော်ပါရီရှိ ဘိုဟစ်ဒို ဘိုလောင်ဂီး ဒေသအား မောင်းသူမဲ့လေယာဉ်များ ဖြတ်သန်း ပျံသန်းစေခဲ့သည်ဟူသော စွပ်စွဲချက် ဖြင့် အယ်လ်ဂျာဇီးယား ရုပ်သံလွှင့် သတင်းဌာနမှ သတင်းထောက်သုံးဦးအား ဖမ်းဆီးလိုက်ကြောင်း ယနေ့ ဘီဘီစီသတင်းတွင် ဖော်ပြသည်။
ပြင်သစ်နိုင်ငံ မြို့တော်ပါရီ၏ ကောင်းကင်ယံ၌ ယမန်နေ့က ပျံသန်း ခဲ့သော မောင်းသူမဲ့လေယာဉ်များ ပျံသန်းမှုနှင့် အယ်လ်ဂျာဇီးယား ရုပ်မြင်သတင်းဌာန၏ သတင်းထောက်များ ဖမ်းဆီးခံရမှုမှာ ဆက်နွှယ်မှု လုံးဝမရှိကြောင်း ပြင်သစ်နိုင်ငံအစိုးရ တရားစွဲဆို ရေးဆိုင်ရာ ပုဂ္ဂိုလ်က ပြောကြားသည်။
ပြင်သစ်နိုင်ငံ မြို့တော်ပါရီရှိ ကောင်းကင်ယံ၌ မကြာသေးမီက ဖြစ်ပွားခဲ့သော မောင်းသူမဲ့ လေယာဉ် များ၏ ညပိုင်းအချိန် ဖြတ်ကျော် ပျံသန်းမှုကို ရုပ်ရှင်ရိုက်ကူးမှုကြောင့် ၎င်းသတင်းထောက်များအား ဖမ်းဆီးခြင်းဖြစ်ကြောင်း အယ်လ်ဂျာ ဇီးယားရုပ်မြင်သံကြား သတင်းဌာန က ပြောကြားသည်။
အဆိုပါ မောင်းသူမဲ့ လေယာဉ်များ သည် ဖေဖော်ဝါရီ ၂၃ ရက် ညတွင် ပါရီမြို့တော်ရှိ အထင်အရ အမှတ် အသားများအပေါ် ဒုတိယညအဖြစ် ဖြတ်ကျော်ခဲ့ကြောင်းနှင့် မြို့တော် ပါရီအပေါ် ဖြတ်ကျော် ပျံသန်းမှုများ အား ခွင့်ပြုချက်မဲ့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။
ဖေဖော်ဝါရီ ၂၃ ရက်နှင့် ၂၄ ရက် များတွင် ပြင်သစ်နိုင်ငံ ပါရီမြို့ ကောင်းကင်၌ အမျိုးအမည်ခွဲခြားရန် ခက်ခဲသော ဒရုန်းလေယာဉ်များ ပျံသန်းသွားလာခဲ့မှုနှင့်ပတ်သက်၍ တာဝန်ရှိသူများက လုံခြုံရေး ခြိမ်းခြောက်မှု ရှိ၊ မရှိ စုံစမ်း ထောက်လှမ်းလျက်ရှိသည်။
ဒရုန်းလေယာဉ် ငါးစင်းကျော် သည် အမေရိကန်သံရုံး၊ အီဖယ်လ် မျှော်စင်နှင့် ပါရီမြို့လယ်လမ်းမကြီး များအပါအဝင် မြို့အဝင်ဂိတ်ပေါက် များအထက်တွင် ဝဲပျံနေသည်ကိုမြင် တွေ့ရကြောင်း ရဲတပ်ဖွဲ့ကပြောကြားသည်။
ဒရုန်းလေယာဉ်များကို မည်သူများ ထိန်းချုပ်ပျံသန်းခဲ့သလဲဆိုသည်ကို စုံစမ်းလျက်ရှိကြောင်း လုံခြုံရေး အရာရှိများကဆိုသည်။
''အခုလို ဒရုန်းလေယာဉ်တွေ ကောင်းကင်မှာ ဥဒဟိုသွားနေတာ ဟာ ပထမအကြိမ်မဟုတ်တော့ပါဘူး။ ယခင်ကလည်း ဒရုန်းလေယာဉ်တွေ ပျံသန်းတာ တွေ့မြင်နေရပါတယ်'' ဟု ပြင်သစ်အာဏာပိုင်များက ပြောကြားခဲ့သည်။
အောက်တိုဘာလတွင် ဒရုန်းလေယာဉ်များ ကောင်းကင်ယံတွင် ပျံသန်းခဲ့မှုကြောင့် ပြင်သစ်လုံခြုံရေး အရာရှိများ တပ်လှန့်ခဲ့ရသည်။ နိုင်ငံပိုင်အဏုမြူစွမ်းအင်ကုမ္ပဏီတစ်ခုက အဏုမြူစွမ်းအင်စက်ရုံ ခုနစ်ရုံ၏ကောင်းကင်ယံတွင် ပျံသန်းနေသည့် ယင်းဒရုန်း လေယာဉ်များအား စောင့်ကြည့်ထောက်လှမ်းခဲ့သည်။ ဒရုန်းလေယာဉ်အရေအတွက် အစင်း ၂ဝ ခန့်ရှိပြီး အောက်တိုဘာလမှ နိုဝင်ဘာလထိ ကောင်းကင်ယံတွင် ပျံသန်းနေခဲ့ကြောင်း သိရသည်။
ဇန်နဝါရီလက မောင်းသူမဲ့ လေယာဉ်တစ်စင်းသည် ပါရီမြို့တော် သမ္မတအိမ်တော်အထက် ကောင်းကင်ယံတွင် ပျံသန်းခဲ့သည်။ ဇန်နဝါရီလ တွင်ဖြစ်ပွားခဲ့သည့် ချားလ်စ်ဟတ်ဒိုလ် မဂ္ဂဇင်းတိုက် တိုက်ခိုက်ခံရမှုကြောင့် နိုင်ငံတွင်း လုံခြုံရေးတင်းကျပ်စွာ ချထားသည့် အချိန်တွင် မောင်းသူမဲ့ လေယာဉ်များ ပိုမိုပျံသန်းလာမှုများ ရှိလာခဲ့သည်။
ပြင်သစ်နိုင်ငံတွင် နျူကလီးယား စက်ရုံကဲ့သို့သော အရေးကြီးသည့် ဧရိယာများတွင် မောင်းသူမဲ့လေယာဉ် ပျံသန်းခွင့်ကို တားမြစ်ပိတ်ပင် ထားကြောင်းသိရသည်။
ရိုက်တာ။

No comments:

Post a Comment