၂ဝ၁၅ MNLအမှတ်ပေးဘောလုံး ပြိုင်ပွဲ ပွဲစဉ်(၇) ဒုတိယနေ့ပွဲစဉ်များကို
ယနေ့ညနေပိုင်းက ဆက်လက် ယှဉ်ပြိုင်ကစားရာ ရခိုင်ယူနိုက်တက် အသင်းနှင့်
ကမ္ဘောဇအသင်းတို့ နှစ်ပွဲဆက်အနိုင်ရခဲ့သည်။
ရခိုင်ယူနိုက်တက် - သုံးဂိုး
(ပြည်မိုး-နှစ်ဂိုး၊ နိုင်နိုင်ကျော်-တစ်ဂိုး)
မနောမြေ - ဂိုးမရှိ
ရခိုင်အသင်းမှာ ရာသီအစ ငါးပွဲ ဆက်တိုက်ရှုံးနိမ့်ခဲ့သော်လည်း ပွဲစဉ် (၆)မှစ၍ ပုံစံကောင်း ပြန်လည်ရရှိ လာခဲ့ပြီး နှစ်ပွဲဆက်နိုင်ပွဲရယူနိုင်ခဲ့ သည်။ မနောမြေအသင်းမှာ ယခုပွဲ တွင် ခြေစွမ်းပြကစားနိုင်ခြင်းမရှိခဲ့ ဘဲ ငါးပွဲမြောက်ရှုံးပွဲနှင့် ရင်ဆိုင်ရကာ တန်းဆင်းအန္တရာယ်နှင့်ပါ ရင်ဆိုင်ရ တော့မည်ဖြစ်သည်။ ရခိုင်အသင်း မှာ ရရှိသည့် ဂိုးသွင်းခွင့်များကို အသုံးချနိုင်ခဲ့သောကြောင့် ဂိုးပြတ် သွားခဲ့ခြင်းဖြစ်သည်။
နှစ်သင်းစလုံး အမှတ်လိုနေသည့် အသင်းများဖြစ်၍ လူစုံထုတ်ကာ ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားခဲ့သည်။ မနောမြေအသင်းဂိုးရရန် ကြိုးပမ်းခဲ့သော်လည်း အဓိက ကစားသမားများဖြစ်သည့် ကမ်ဘူးနှင့် ဆမ်ဘာတို့က ခြေမ ပေါ်၍ အချည်းနှီးဖြစ်ခဲ့သည်။ ပွဲစဉ်(၆)တွင် ဇွဲကပင်ကို အနိုင်ယူပြီး ပထမဆုံးနိုင်ပွဲရရှိခဲ့သည့် ရခိုင်အသင်းမှာ ယခုပွဲတွင်လည်း ပုံစံကောင်း ပြသနိုင်ခဲ့ပြီး မိနစ် ၂ဝ မှာပင် အဖွင့်ဂိုးရရှိခဲ့သည်။ တိုက်စစ်မှူး ပြည်မိုးက အဝေးကန် ချက်ဖြင့် သွင်းယူခဲ့ခြင်းဖြစ်သည်။
ဒုတိယပိုင်းအစတွင် မနောမြေအသင်း ချေပဂိုးရရှိရန် ကြိုးပမ်းခဲ့သော်လည်း မိနစ် ၅ဝ တွင် ရခိုင်အသင်း၏ ဒုတိယဂိုးကို ခွင့်ပြုရပြီး နောက်ပိုင်း ပြိုဆင်းသွားခဲ့သည်။ ရခိုင်အတွက် ဒုတိယဂိုးကို ပြည်မိုးကပင် သွင်းယူခဲ့ခြင်း ဖြစ်သည်။ ရခိုင်ယူနိုက်တက်အတွက် အနိုင်သေချာစေမည့် တတိယဂိုးကို ၇၉ မိနစ်တွင် တောင်ပံကစားသမား နိုင်နိုင် ကျော်က ပိတ်သွင်းယူခဲ့ခြင်းဖြစ်သည်။
(တောင်ကြီးကွင်း)
ကမ္ဘောဇ-တစ်ဂိုး(ဂျော်ဂျီ)
ဇွဲကပင်-ဂိုးမရှိ
သတင်းနှင့်ဓာတ်ပုံ ရှိုင်းထက်ဇော်

ယခုပွဲစဉ်များအပြီးတွင် ရန်ကုန်အသင်းက ခုနစ်ပွဲကစား ၂၁ မှတ်ဖြင့်
ထိပ်ဆုံးမှ ဦးဆောင်နေပြီး ဧရာ ဝတီအသင်း က ခြောက်ပွဲကစား၊ ၁၆ မှတ်ဖြင့်
ဒုတိယ၊ ကမ္ဘောဇအသင်း က ခုနစ်ပွဲကစား၊ ၁၅ မှတ်ဖြင့် တတိယ၊ လက်ရှိချန်ပီယံ
ရတနာပုံအသင်းက ခြောက်ပွဲကစား ၁၃ မှတ်ဖြင့် စတုတ္ထ၊ မကွေးအသင်းက
ခုနစ်ပွဲကစား ၁၂ မှတ်ဖြင့် ပဉ္စမ၊ ချင်းယူ နိုက်တက်က ခြောက်ပွဲကစား
ရှစ်မှတ်ဖြင့် ဆဋ္ဌမနေရာတို့တွင် ရပ်တည်လျက်ရှိသည်။
သတင်းနှင့်ဓာတ်ပုံ ရှိုင်းထက်ဇော်

No comments:
Post a Comment