Monday, February 2, 2015

အိုင်အက်စ်တို့က ဂျပန်ဓားစာခံတစ်ဦးကို ထပ်မံသတ်ဖြတ်



 
 
တိုကျို ဖေဖော်ဝါရီ ၁

အစ္စလာမ္မစ်နိုင်ငံ ထူထောင်ရေးအဖွဲ့(အိုင်အက်စ်)အား ဂျပန်နှင့် အမေရိကန်နိုင်ငံတို့သည် ကန့်ကွက်ရှုတ်ချနေသည့်ကြားမှ ဒုတိယမြောက် ဂျပန်ဓားစာခံတစ်ဦးကို ခေါင်းဖြတ်သတ်လိုက်ပြီဖြစ်ကြောင်း တနင်္ဂနွေနေ့ အစောပိုင်းက အွန်လိုင်းသို့လွှင့်တင်ခဲ့သည့် ဗီဒီယိုတွင် ပြောကြားသည်။အဆိုပါ ဗီဒီယိုတွင် အိုင်အက်စ်တို့ ဖမ်းဆီးထားပြီး သတ်ပစ်မည်ဟု ခြိမ်းခြောက်ထားသည့် ဂျော်ဒန် လေယာဉ်မှူးကို မတွေ့ရပေ။

ယင်းဗီဒီယိုတွင် ဂျပန်သတင်းထောက် ကန်ဂျီဂိုတိုသည် မျက်နှာဖုံးစွပ်ထားသည့် လူတစ်ဦးဘေးတွင် ဒူးထောက်လျက်ရှိနေပြီး မျက်နှာဖုံး စွပ်နှင့်လူက သူ့အနေဖြင့် လူများသတ်ဖြတ်နေရခြင်းမှာ ဂျပန်အစိုးရကြောင့်ဖြစ်ကြောင်း ဗြိတိသျှလေသံဖြင့် ပြောကြားသည်။

အဆိုပါ လူသတ်သမားသည် ခြေဆုံး ခေါင်းဆုံး အနက်ရောင်ဝတ်ဆင်ကာ မျက်နှာဖုံးစွပ်ထားပြီး အိုင်အက်စ် စစ်သွေးကြွတို့က ယခင်ဓားစာခံများကို သတ်ဖြတ်သည့် ဗီဒီယိုများကဲ့သို့ ပင်ဖြစ်သည်။ ကန်ဂျီဂိုတိုမှာ ဂွါတာ နာမိုအကျဉ်းစခန်းမှ အကျဉ်းသားများ ဝတ်ဆင်သည့် လိမ္မော်ရောင်ကို ဝတ်ဆင်ထားသည်။

လူသတ်သမားက ကန်ဂျီဂိုတိုကို သတ်ဖြတ်ခြင်းမှာ ဂျပန်နိုင်ငံ၏ အိပ်မက်ဆိုးများအတွက် အစပြုခြင်းသာဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသို့ ပြောကြားသည်။ ကန်ဂျီဂိုတို သေဆုံးရခြင်းမှာ ဂျပန်အစိုးရ၏ အလေးမထားသည့်ဆုံးဖြတ်ချက်များ၏ ရလဒ်ဖြစ်သည်ဟု ဆက်လက်ပြောကြားသည်။

အဆိုပါဗီဒီယိုသည် တနင်္ဂနွေနေ့ နံနက်အစောပိုင်း၌ ဂျပန်နိုင်ငံတွင် ပေါ်ထွက်လာပြီးနောက် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးအတွက် စိတ်မကောင်းခြင်းကြီးစွာဖြစ်ရပြီး အကြမ်းဖက်သမားများကို မည်သည့်အခါမျှ ခွင့်လွတ်မည်မဟုတ်ဟု ကတိပြုခဲ့သည်။

''အကြမ်းဖက်သမားတွေကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး။ အခုကိစ္စအတွက် ဂိုတိုရဲ့ မိသားစုဝင်တွေနဲ့ ထပ်တူထပ်မျှခံစားရပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ပူးပေါင်းပြီး အိုင်အက်စ်တွေ ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေကို ဖော်ထုတ်အရေးယူသွားမှာပါ'' ဟု ရှင်ဇိုအာဘေးက သတင်းထောက်များကို ပြောကြားသည်။

ဂျပန်သတင်းထောက် သတ်ဖြတ်ခံရသည့် ဗီဒီယိုထွက်ပေါ်လာပြီးနောက် ဂျော်ဒန်နိုင်ငံက ၎င်းတို့ လေယာဉ်မှူးနှင့် အိုင်အက်စ်အဖွဲ့ဝင်အကျဉ်းသားကို လဲလှယ်ရန်အသင့်ရှိကြောင်း ဂျော်ဒန်အစိုးရက တနင်္ဂနွေနေ့တွင် ပြောကြားသည်။ ဂျော်ဒန်လုံခြုံရေးနှင့် စစ်ဘက်ဆိုင်ရာ အေဂျင်စီများ အနေဖြင့် ၎င်းတို့ လေယာဉ်မှူးအသက်ရှင်လျက်ရှိနေဆဲဖြစ်ကြောင်း အတည်ပြုနိုင်ရန် စုံစမ်းမှုများ ပြုလုပ်လျက်ရှိသည်။ အေအက်ဖ်ပီ။

No comments:

Post a Comment