တိုကျို ဖေဖော်ဝါရီ ၂၃
မဲဆွယ်စည်းရုံးရေးလုပ်ငန်းစဉ်များတွင် ဘဏ္ဍာငွေများ တလွဲသုံးစွဲခြင်းနှင့်ပတ်သက်၍ ဝေဖန်ပြောဆိုမှုများရှိခဲ့သည့်အတွက် ဂျပန်လယ်ယာစိုက်ပျိုးရေးနှင့်မွေးမြူရေး ဝန်ကြီး ကိုယာနီရှီကာဝါသည် ယနေ့ ရာထူးမှနုတ်ထွက် ခဲ့ကြောင်းသိရသည်။
နီရှီကာဝါ၏ နုတ်ထွက်စာကို ဝန်ကြီးချုပ် ရှင်ဇိုအာဘေး က လက်ခံခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်က နီရှီကာဝါ၏ ရာထူးနေရာတွင် ယခင်ဝန်ကြီးဟောင်း ယိုရှီမာဆာဟာရာ ရှီအား အစားထိုးခန့်အပ်ခဲ့သည်။
''စိတ်မကောင်းစရာပါပဲ။ နီရှီကာဝါကို ဝန်ကြီးရာထူးခန့်အပ်ခဲ့မိတဲ့အတွက် ပြည်သူတွေကိုတောင်းပန်ပါတယ်''ဟု ဝန်ကြီးချုပ်ရှင်ဇိုအာဘေးက မီဒီယာများကိုပြောသည်။
''ဟာယာရှီက မူဝါဒပိုင်းမှာ နောကျေနေတဲ့အတွက် ဝန်ကြီးအပြောင်းအလဲမှာ ဘာမှစိတ်ပူစရာမရှိပါဘူး။ အစိုးရ ရဲ့လုပ်ငန်းတာဝန်တွေကို ကျေပွန်မှာပါ။ နှောင့်နှေးမှုရှိမှာ မဟုတ်ပါဘူး''ဟု ဝန်ကြီးချုပ်က ဆက်လက်ပြောသည်။
နိုင်ငံတော်အတွက် အမတော်ကြေးများပုံမှန်ရနေသည့် သကြားချက်စက်ရုံနှင့် သစ်သားစက်ရုံများအပါအဝင် အခြားသောစက်ရုံများမှရရှိသော ဘဏ္ဍာငွေများကို မဲဆွယ် စည်းရုံးရာတွင် သုံးစွဲခဲ့ခြင်းနှင့်ပတ်သက်၍ နီရှီကာဝါသည် လွှတ်တော်တွင်စစ်ဆေးမေးမြန်းခြင်းခံနေရသည်။ ဘဏ္ဍာ ငွေများကို အစိုးရထံပြန်လည်ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း နှင့် မည်သည့်ဥပဒေစည်းမျဉ်းကိုမျှ ဖောက်ဖျက်ခဲ့ခြင်း မရှိဟု နီရှီကာဝါက ပြန်လည်ချေပပြောကြားခဲ့ကြောင်းသိရသည်။
''အချို့တွေအနေနဲ့ နားလည်မှုရှိပေမယ့် နားလည်မှု မရှိတဲ့သူတွေ ရှိနေသေးတယ်။ ဒါကြောင့် ရာထူးမှနုတ်ထွက် လိုက်တာပါ''ဟု နီရှီကာဝါကဆိုသည်။
ယနေ့ဂျပန်အစိုးရသည် စိုက်ပျိုးရေးကဏ္ဍတွင်ပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ပစိဖိတ်ကုန်သွယ်ရေးကဏ္ဍသဘောတူညီမှုရရှိရေးအတွက် ဆွေးနွေးနေဆဲဖြစ်သည်။ နီရှီကာဝါရာထူးမှနုတ်ထွက်ခဲ့ခြင်းကြောင့် နိုင်ငံ့မူဝါဒများ ကို ထိခိုက်မှုရှိမည်မဟုတ်ကြောင်း နိုင်ငံရေးကျွမ်းကျင် သူများကဆိုသည်။
ဝန်ကြီးချုပ်ရှင်ဇိုအာဘေးက ပထမအကြိမ်အဖြစ် အစိုးရအဖွဲ့အတွင်း ရာထူးတာဝန်များ လွှဲပြောင်းခန့်အပ် ခဲ့ပြီးနောက်ပိုင်း ဘဏ္ဍာငွေအလွဲသုံးစားပြုမှုကြောင့် နုတ် ထွက်ခဲ့သည့် ဝန်ကြီးဦးရေ နှစ်ဦးခန့်ရှိပြီဖြစ်ကြောင်းသိရသည်။
(ရိုက်တာ)

No comments:
Post a Comment